တိုင်းရင်းသားအားလုံးနှင့် တန်းတူရည်တူ

၁၆ ဇန်နဝါရီ

 

မြန်မာနိုင်ငံသည် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံဟုခေါ်တွင်သော ဤပထဝီမြေ၌ ရှေးဦးကာလကတည်းက တိုင်းရင်းသားလူမျိုးအုပ်စုများ သူ့ဒေသနှင့်သူ အေးချမ်းစွာ ရပ်တည်နေထိုင်ခဲ့ကြသည်။ မိသားစုဝင်များကဲ့သို့ တစ်ခါတစ်ရံ၌ အခန့်မသင့်လျှင် ပဋိပက္ခဖြစ်တတ်သော်လည်း အနေကြာသောအခါ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံကြသည်။ မြန်မာနိုင်ငံတွင် ပြည်ပရန်အရေးကိစ္စများ ပေါ်ပေါက်ခဲ့လျှင် နိုင်ငံကိုဦးဆောင်သူ၏ ခေါင်းဆောင်မှု အောက်တွင်တစည်းတလုံးတည်း အတူလက်တွဲ ကာကွယ်ခဲ့ကြသည်။

 

 

မြန်မာနိုင်ငံတွင် ရှေးအစဉ်အဆက်ကတည်းက တောင်ပေါ်မြေပြန့်နေ တိုင်းရင်းသား ပြည်သူအားလုံး တစ်သွေးတည်း တစ်သားတည်း တန်းတူရည်တူ ဆက်ဆံနေထိုင် ခဲ့ကြသည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော်တိုင်းရင်းသားများအတွင်း အထင်အမြင်လွဲမှားပြီး သွေးကွဲသူအချို့နှင့်တိုင်းရင်းသားများအပေါ် သွေးခွဲခဲ့သော ကိုလိုနီနယ်ချဲ့တို့၏ ဆိုးမွေကြောင့် လွတ်လပ်ရေးရပြီးကတည်းက တိုင်းရင်းသား ဒေသအချို့တွင် မငြိမ်းချမ်းသော အသွင်ဆောင်ခဲ့သည်မှာ ယနေ့ထက်တိုင်ပင်ဖြစ်သည်။ လွတ်လပ်ရေးမရမီက မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးစုများ သွေးမကွဲကြပါ။ အမြင်မတူ ပဋိပက္ခဖြစ်လျှင်လည်း ခဏသာဖြစ်၍ ချစ်ချစ်ခင်ခင် ပြန်လည်နေထိုင်ကြသည်။

 

 

လွတ်လပ်ရေးရပြီး ခေတ်အဆက်ဆက်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို နိုင်ငံ့ခေါင်းဆောင်များက ကြိုးပမ်းတည်ဆောက်ခဲ့ကြသည်ကို တွေ့ရသည်။ သို့သော် သံသယများ၊ အမြင်မတူ ဝါဒကွဲမှုများမှာကျန်ရှိနေဆဲဖြစ်သည်။ တိုင်းရင်းသားပြည်သူ အများစုမှာ ငြိမ်းငြိမ်းချမ်းချမ်းနေချင်ကြသည်။ ချစ်ချစ်ခင်ခင် အစဉ်အလာမပျက် လက်တွဲ ရပ်တည်နေလိုကြသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူများ၏ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးရန် ယနေ့ကြိုးပမ်းအားထုတ်နေသည်ကို တွေ့ရသည်။

 

 

ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးကို နိုင်ငံရေးနည်းဖြင့် ဆွေးနွေးညှိနှိုင်း အဖြေရှာ နေချိန်တွင် တစ်ဖက်၌လည်း နိုင်ငံ့ခေါင်းဆောင်များက တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ တန်းတူရည်တူ ရပ်တည်ရေးကို လက်တွေ့သက်သေပြ အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။

 

 

လတ်တလောအနေအထား ကြည့်မည်ဆိုလျှင် တိုင်းရင်းသားအရေးများကို အလေးထား ဆောင်ရွက်ပေးနေသည်မှာ ယခင်နှင့်မတူအထင်အရှားတွေ့ရသည်။ ယခင်က ပြည်နယ်တို့၏ နေ့ကြီးရက်ကြီးများအား ပုံမှန်အားဖြင့် ပြည်နယ်အလိုက်သာ ဆောင်ရွက် ခဲ့ကြသော်လည်း ယခုအခါ နိုင်ငံတော် အကြီးအကဲများကိုယ်တိုင် လေးလေးစားစား ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

 

မကြာသေးမီကာလက ကရင်ပြည်နယ်နေ့၊ ရှမ်းနှစ်သစ်ကူးပွဲတော်၊ ကယားပြည်နယ်နေ့ ကဲ့သို့ ပြည်နယ်များ၏ နေ့ကြီးရက်ကြီးများတွင်နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့က သဝဏ်လွှာများပါးခဲ့ကြသည့်အပြင် ရှမ်း၊ ချင်း၊ ကချင်၊ ကယားတို့၏ ပွဲတော်များတွင်လည်း ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့ကိုယ်တိုင် ချစ်ချစ်ခင်ခင် သွားရောက်ဆင်နွှဲခဲ့ကြသည်ကို တွေ့ရသည်။ ထိုမျှသာမက တိုင်းရင်းသား လူမျိုးစုတစ်စုချင်းအလိုက် ကျင်းပကြသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပွဲတော်များတွင် ပြည်နယ်ဝန်ကြီးချုပ်များနှင့် အစိုးရအဖွဲ့ဝင်များပါ တက်ရောက်ဆင်နွှဲခဲ့ကြသည်မှာ ချစ်ကြည်ရင်းနှီးမှုနှင့် လက်ရည်တစ်ပြင်တည်းရှိမှုကို သက်သေပြနေခြင်းဖြစ်သည်။

 

မျက်မှောက်ကာလတွင် တိုင်းရင်းသားလူမျိုးအားလုံး တန်းတူရည်တူရှိနေကြသည်ကို မြင်တွေ့နေရသည်။ ယခင်မမြင်ရ၊ မကြားရသည့်တိုင်းရင်းသားလူမျိုးစုများ၏ လှုပ်ရှားမှု၊ ဖွံ့ဖြိုးမှုများကို မြင်ရကြားရပြီ။တိုင်းရင်းသားများ ပျော်ရွှင်ဝမ်းမြောက်ကြမည်မှာ စိတ်ရင်း အမှန်ပင်ဖြစ်ပေလိမ့်မည်။ သို့သော် ငြိမ်းချမ်းရေးခရီးလမ်းပေါ်သို့ ရောက်ရှိရန် လိုအပ်နေသေး သဖြင့် ငြိမ်းချမ်းရေးခရီးမဝေးရအောင် အားလုံးယခုထက်ပို၍ လက်တွဲကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ဤမြေတွင်နေ၊ ဤရေကိုသောက်သည့် တိုင်းရင်းသားပြည်သူအားလုံးတို့မှာ မိသားစုတစ်စုတည်းက ဆင်းသက်လာသည့် ညီရင်းအစ်ကို မောင်ရင်းနှမများဖြစ်ကြသဖြင့် အချင်းချင်း စိတ်ဝမ်းမကွဲပြားကြဘဲ လက်ရည်တစ်ပြင်တည်းဖြင့် တန်းတူညီမျှ အတူတကွ လက်တွဲကာ ငြိမ်းချမ်းသာယာသော ပြည်ထောင်စုကြီး ထာဝရအဓွန့်ရှည် တည်တံ့အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။