တိုင်းရင်းသားအားလုံး ပိုပြီးစည်းလုံးလေ နိုင်ငံအတွက် ပိုကောင်းလေပဲ ဖြစ်ပါတယ်

နေပြည်တော် ၁၃ ဖေဖော်ဝါရီ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုက ရက်တစ်အစည်းအရုံးတို့ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့နေ့လည်ပိုင်းက နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- (MICC-2) ၌ ကျင်းပခဲ့ပါသည်။ 

အဆိုပါအခမ်းအနားသို့ တက်ရောက်လာသော ပြည်ပနိုင်ငံများမှ သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်တို့၏ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်ပတ်သက်၍ Myanmar Digital News မှ တွေ့ဆုံမေး မြန်းဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဌာနေကိုယ်စားလှယ် Dr. Stephan Paul Jost က

“ပထမဆုံးအနေနဲ့ ပြောချင်တာကတော့ ဒီကနေ့ ကျင်းပတဲ့ တစ်တိုင်းပြည်လုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားမှာ ပါဝင်လက်မှတ်ရေးထိုးမယ့် တိုင်းရင်းသား အဖွဲ့အစည်း နှစ်ခုကို ဂုဏ်ပြုလိုပါတယ်။ 


ဒီလိုလက်မှတ်ရေးထိုးတာဟာဆိုရင် တကယ့်ကို ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ တဖြည်းဖြည်းနဲ့ တိုးတက်ဖြစ်ထွန်းနေပါတယ်။ ဒီလို လက်မှတ်ရေးထိုးတာဟာဆိုရင် နိုင်ငံသားတိုင်းအတွက် သတင်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ 

ဒီကနေ့ဟာဆိုရင် မြန်မာနိုင်ငံကို ထူထောင်ခဲ့တဲ့ လွတ်လပ်ရေးရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့လည်း ဖြစ်တဲ့အတွက် အလွန်ကို အရေးပါတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။ WHO က ကုလသမဂ္ဂရဲ့ အကူအညီတွေကို အဓိက ဆောင်ရွက်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍကို အဓိက ထောက်ပံ့ကူညီနေတာ ဖြစ်ပါတယ်။ နိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို လုပ်ဆောင်ပေး နေပါတယ်။ 

ကျွန်တော်တို့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တိုက်ရိုက် ပါဝင်ပတ်သက်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ ကုလသမဂ္ဂကပေးတဲ့ အကူအညီ တစ်စိတ်တစ်ဒေသအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ကူညီပေးပြီး မြန်မာနိုင်ငံနဲ့ နိုင်ငံတကာကို ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အကြံဉာဏ်တွေ ပေးနေပါတယ်။ ငြိမ်းချမ်းရေးဆိုတာ တစ်ဆင့်ချင်းသွားရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အချိန်လိုပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခဟာ လွတ်လပ်ရေးမရခင်တည်းက ဖြစ်ပွားနေခဲ့တာပါ။ 

ဒီပြဿနာကို လွယ်လွယ်နဲ့ ဖြေရှင်းလို့တော့ မရပါဘူး။ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တိုင်းကို ကြိုဆိုပါတယ်။ လုပ်ငန်းစဉ်တစ်ခုလုံး ပြီးဆုံးတဲ့ အချိန်တိုင်အောင် ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေ အများကြီး ရှိပါသေးတယ်။ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား လူ့အသိုင်းအဝိုင်းတိုင်းက မတူကွဲပြားမှုအင်အားကို နားလည် သဘောပေါက်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ တိုင်းရင်းသားအားလုံး ပိုပြီးစည်းလုံးလေ နိုင်ငံအတွက် ပိုကောင်းလေပဲ ဖြစ်ပါတယ်" ဟုပြောသည်။

တွေ့ဆုံမေးမြန်း-စုရည်မွန်၊ ကျော်ထိုက်စိုး-ဓာတ်ပုံ-ကျော်ထိုက်စိုး