တိုင်းပြည်၏ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု ကဏ္ဍ

နေပြည်တော် ၂၂ သြဂုတ်

 

နိုင်ငံတော်အစိုးရသည် (The Association of Natural Rubber Producing Countries- ANRPC)  သို့ ဝင်ရောက်ရန်ဆုံးဖြတ်ပြီး ဖြစ်ပါသည်။ အဆိုပါကမ္ဘာ့ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC)  ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ပါဝါပါနယူးဂီးနီနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်ပါသည်။ ဤ(၁၂)နိုင်ငံ၏ ရော်ဘာထုတ်လုပ်မှုသည် ကမ္ဘာ့ရော်ဘာထုတ်လုပ်မှု၏ ၉၀ ရာခိုင်နှုန်းအထိ ရှိပါသည်။ ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုကို ကိုယ်စားပြုနိုင်သော အဆိုပါအသင်း (ANRPC)  ၌ မြန်မာနိုင်ငံ ပါဝင်ခြင်းဖြင့် တိုင်းပြည်၏ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို သိသိသာသာတိုးမြှင့်စေမည်ဖြစ်ပါသည်။ ဤအသင်းဝင်နိုင်ငံ ဖြစ်လာပါက မြန်မာနိုင်ငံသည် ရော်ဘာလုပ်ငန်းဆိုင်ရာ နည်းပညာ၌လည်းကောင်း၊ ရော်ဘာပျိုးကောင်းရရှိရေး၌ လည်းကောင်း၊ ဈေးကွက်ရရှိရေး၌လည်းကောင်း ပိုမိုအခွင့်အလမ်း သာလာမည်ဖြစ်၍ နိုင်ငံသူနိုင်ငံသားတို့၏ အလုပ်အကိုင်အခွင့်အလမ်းကို တိုးမြှင့်စေမည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံ၌ ရော်ဘာကို ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် စိုက်ပျိုးကြပါသည်။ အဆိုပါဒေသများအနက် မွန်ပြည်နယ်သည် နှစ်စဉ်ရော်ဘာတန်ချိန် တစ်သိန်းခန့်ကို စိုက်ပျိုးထုတ်လုပ်ခဲ့ပါသည်။ လက်ရှိအခြေအနေ၌ ကမ္ဘာ့ဈေးကွက် အနေအထားအရ ပြည်တွင်းရော်ဘာ စိုက်ပျိုးထုတ်လုပ်မှု ကျဆင်းနေသော်လည်း ရေရှည်၌ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုသည် တိုင်းပြည်စီးပွားရေးကို မြှင့်တင်ပေးနိုင်မည့် ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။

 

ကမ္ဘာ့ရော်ဘာထုတ်လုပ်သောနိုင်ငံများအသင်း (ANRPC)  ၏ ခန့်မှန်းချက်အရ ကမ္ဘာ့ရော်ဘာ ထုတ်လုပ်မှုသည် တန်ချိန် ၁၄ ဒသမ ဝ၄၀ သန်းရှိမည်ဖြစ်ပြီး ကမ္ဘာ့ရော်ဘာဝယ်လိုအားသည် တန်ချိန် ၁၄ ဒသမ ၁၃၆ သန်း ရှိပါသည်။ ကမ္ဘာ့ရော်ဘာဝယ်လိုအားက ကမ္ဘာ့ရော်ဘာရောင်းလိုအားထက် ပိုမိုများပြားနေသည်ဖြစ်၍ ယေဘုယျအားဖြင့် ဈေးကွက်၏ အနေအထားသည် အလားအလာကောင်းလျက် ရှိပါသည်။

 

နိုင်ငံတော်က ကမ္ဘာ့ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း (ANRPC)  သို့ ဝင်ရောက်ခြင်းဖြင့် တိုင်းပြည်အတွင်း၌ ရော်ဘာကုန်ချော စက်မှုလုပ်ငန်းများတည်ထောင်နိုင်ရေးအတွက် အရင်းအနှီးနှင့်အတူ နည်းပညာ ရရှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူသွားမည်ဖြစ်ပါသည်။ အလားတူပင် ရော်ဘာကုန်ချော စက်မှုလုပ်ငန်းများမတည်ထောင်မီ ရော်ဘာကုန်ကြမ်းများ ဈေးကောင်းရရှိရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် အထောက်အပံ့ကောင်းများ ရရှိမည်ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရ၏ ကမ္ဘာ့ရော်ဘာ ထုတ်လုပ်သောနိုင်ငံများအသင်း (ANRPC) သို့ ဝင်ရောက်ရေး ဆုံးဖြတ်ချက်အား ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း