တိုင်းဒေသကြီးသုံးခုနှင့် ပြည်နယ်တစ်ခုအတွင်း၌ တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၂၅ ဇွန်

 

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်ဖြင့် သတင်းပေးပို့ချက်အရ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၁ ရက်မှ ၂၄ ရက်အတွင်း တရားမဝင်သစ်များ ရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် မန္တလေး-ပြင်ဦးလွင် ကားလမ်း (၁၆)မိုင် စစ်ဆေးရေးစခန်းနေရာရှိ Nissan AD Van နှင့် Hyundai KMFNA မော်တော်ယာဉ်တို့ပေါ်မှ ပိတောက်ခွဲသား / တယောပုံကြမ်း (၈ ဒသမ ၂၄၅၆)တန်နှင့် ပြစ်မှုကျူးလွန်သူနှစ်ဦး၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ချောင်းညီနောင်အနီးရှိ NISSANDIESEL (၁၀)ဘီး မော်တော်ယာဉ်ပေါ်မှ ကတွတ်သစ်ခွဲ သားဆိုဒ်စုံ  ၂ ဒသမ ၁၀၂၂ တန်နှင့်  ပြစ်မှုကျူးလွန်သူ နှစ်ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ 

 

kt3

 

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့နယ် ပတ်ဝန်းကျင်နေရာများမှ သစ်ယာ/အင်သစ်/ခွဲသား စုစုပေါင်း ၁၈ ဒသမ ၅၉၇၀ တန်၊ မုံရွာ/ယင်းမာပင် ခရိုင် ယင်းမာပင်မြို့နယ် ဘန့်ဘွေးမြောက်ရွာလမ်းပေါ်ရှိ Chariot Mitsubishi မော်တော်ယာဉ်ပေါ်မှ ပိတောက်ခွဲသား ၁ ဒသမ ဝ၄၄၆ တန်၊ ဘုတလင်မြို့နယ် တောစပ်အတွင်းရှိ NISSAN DIESEL CONTER မော်တော်ယာဉ်ပေါ်မှ ပိတောက်ခွဲသား ၃ ဒသမ ၇၄၄၂ တန်နှင့် မုံရွာမြို့နယ် ချင်းတွင်းတံတားအဆင်း Light Truck မော်တော်ယာဉ်ပေါ်မှ ပိတောက်ခွဲသား ၁ ဒသမ ၈၉၄၆ တန်၊ ရှမ်းပြည်နယ်(လားရှိုး) ကျောက်မဲခရိုင် သီပေါမြို့နယ် နမ့်လန် ကျေးရွာအနီးရှိ Nissan Diesel (၁၂)ဘီး မော်တော်ယာဉ်ပေါ်မှ ကျွန်း/အင်ကြင်းခွဲသား ၁၀ ဒသမ ၆၄၀၈ တန်နှင့် နောင်ချိုမြို့နယ် မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးအနီးရှိ Nissan (၁၂)ဘီး မော်တော်ယာဉ်ပေါ်မှ ပိတောက်ခွဲသား ၈ ဒသမ ၃၇၀၆ တန်တို့ကို ဖမ်းဆီးရမိခဲ့ပြီး ပြစ်မှုကျူးလွန်သူများနှင့် ဆက်စပ်သောသူများကို စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေး ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သစ်တော ဦးစီးဌာနမှ သိရသည်။ 

 

မောင်လူမော်