တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခု၌ ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင်ပွဲများ ကျင်းပပြုလုပ်သွားမည် 

နေပြည်တော် ၁၉ မတ် 

တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုသို့ ထာဝရငြိမ်းချမ်းရေးစေတီတော်၌ ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ဒေသစာရီခရီးကြွရောက် အပူဇော်ခံပြီး ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင်ပွဲများ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောသည်။

 

4

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ နံနက် ၁၀ နာရီခွဲက ကျင်းပသည့် ထာဝရငြိမ်းချမ်းရေးစေတီတော် ဦးစီးကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ရွှေပါရမီတောရဆရာတော် အမှူးပြုသော ဒါယကာ၊ ဒါယိကာမများက မြန်မာနိုင်ငံအတွင်း ထာဝရငြိမ်းချမ်းရေး ရရှိစေရန်၊ ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားစေရန်နှင့် ခုနစ်ရက်သားသမီးများ ပူဇော်နိုင်ရန် ရည်ရွယ်ချက်များဖြင့် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ထာဝရငြိမ်းချမ်းရေးစေတီတော် ပရိဝုဏ်အတွင်း ထာဝရငြိမ်းချမ်းရေးစေတီတော် တည်ထားကိုးကွယ် ရန်ဆောင်ရွက်လျက်ရှိကြောင်း။

ထာဝရငြိမ်းချမ်ရေးစေတီတော် တည်ထားကိုးကွယ်ရန် ဆရာတော်နှင့် ဒါယကာ၊ ဒါယိကာများ၏ မတည်အလှူငွေ၊ စေတနာရှင်ပြည်သူများ၏ လှူဒါန်းငွေဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတီတော်နှင့် စေတီတော်ပရိဝုဏ်အတွင်းရှိ သာသနိကအဆောက်အအုံများ ရေရှည်တည်တံ့စေရန်နှင့် စေတီတော်၏ ဂုဏ်အင်္ဂါရပ်များနှင့်အညီ ပြည့်စုံကောင်းမွန်အောင် ဆောင်ရွက်ရန်  မြန်မာနိုင်ငံအတွင်းရှိ စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုများ လိုအပ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ဆရာတော်အနေဖြင့်လည်း ရန်ကုန်၊ ကျိုက်ထီးရိုး၊ မော်လမြိုင်၊ ထားဝယ်၊ ဘားအံ၊ သထုံ၊ ပဲခူး၊ ပုသိမ်၊ ဟင်္သာတ၊ ပြည်၊ မကွေး၊ ပုဂံမြို့၊ မုံရွာ၊ မန္တလေး၊ ကျောက်ဆည်၊ သဲတောနှင့် ဝမ်းတွင်း၊ တောင်ကြီး၊ လွိုင်ကော်၊ တောင်ငူနှင့် နေပြည်တော်တို့၌ ထာဝရငြိမ်းချမ်းရေး စေတီတော်၌ ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ဒေသစာရီခရီး ကြွရောက်ခြင်းနှင့် ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင်ပွဲများ ကျင်းပပြုလုပ်ရန်အတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာဌာနများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ဒေသစာရီခရီး ကြွရောက်အပူဇော်ခံခြင်းနှင့် ဓမ္မသဘင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ လုံခြုံရေးနှင့် လိုအပ်သည့် ကိစ္စရပ်များအပေါ် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးကြည်မင်းက တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုသို့ စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ ဒေသစာရီခရီး ကြွရောက်အပူဇော်ခံရန် စီစဉ်ထားရှိမှု၊ ရန်ကုန်မြို့နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ထာဝရငြိမ်းချမ်းရေး ဓမ္မသဘင်ပွဲကျင်းပရန် ညှိနှိုင်းစီစဉ်ထားရှိမှု၊ ဓမ္မသဘင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လုံခြုံရေးအတွက် အထောက်အကူအဖွဲ့ ဖွဲ့စည်းထားရှိမှု၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော် ကောင်စီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများက ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် သာသနာရေးဆိုင်ရာ အခမ်းအနားများ ကျင်းပရန်စီစဉ်ထားရှိမှု၊ ဘဏ္ဍာငွေရရှိမှု၊  စေတီတော် တည်ဆောက်ရေးနှင့် စပ်လျဉ်း၍ ပြီးစီးမှုနှင့် ဆောင်ရွက်ရန်ကျန်ရှိမှု၊ သတင်းပြန်ကြားရေးနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန်မှု၊ မှတ်တမ်းတင်ပြုစုမှု၊ လုံခြုံရေးနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်မှုနှင့် ရန်ကုန်တွင် တရားပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နာယကအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။ 

သတင်း - မော်စီ
ဓာတ်ပုံ - ကျော်ရဲဆွေ