တိရစ္ဆာန် ကူးစက်ရောဂါများကာကွယ်ဖို့ မွေးမြူမှုပုံစံ‌ ပြောင်းကြစို့

၃  မတ်

နိုင်ငံ့ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ၏၃၀ ရာခိုင်နှုန်းခန့်ကို စိုက်ပျိုးမွေးမြူရေး ကဏ္ဍမှရရှိသော်လည်း တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ၊ မွေးမြူရေးဆိုင်ရာ အသိပညာအားနည်းခြင်းကြောင့် တောင်သူလယ်သမားအများစု၏ တိရစ္ဆာန်မွေးမြူရေး (အထူးသဖြင့် - ကျွဲ၊ နွား၊ ဝက်) နှင့်ပတ်သက်သော အကျိုး ခံစားခွင့် အလွန်နည်းပါးလှပြီး ၎င်းတို့၏ လူမှုစီးပွားဘဝ သည် တိုးတက်သင့်သလောက် တိုးတက်မှုမရရှိခဲ့ပေ။

တိရစ္ဆာန်ရောဂါဖြစ်ပွားမှုများ တွေ့ရှိလာ

ထို့ပြင် မြန်မာနိုင်ငံ၏ကျွဲ၊ နွားကောင်ရေသည် ၂၀၁၈ ခုနှစ် စစ်တမ်းများအရ ၁၁ သန်းခန့်ရှိသော်လည်း မြန်မာ နိုင်ငံ၏ သမားရိုးကျ ကျွဲ၊ နွားမွေးမြူမှုပုံစံအရ လွှတ်ကျောင်း မွေးမြူခြင်း၊ မွေးမြူသူတောင်သူများ၏ တိရစ္ဆာန်ကျန်းမာ ရေးနှင့်ပတ်သက်၍ အသိပညာအားနည်းခြင်းတို့ကြောင့် နေရာဒေသအနှံ့အပြားတွင် နှစ်စဉ်တိရစ္ဆာန်ရောဂါဖြစ်ပွားမှုများကို တွေ့ရှိလာရသည်။

အချို့တိရစ္ဆာန်ရောဂါများကို ကာကွယ်ဆေးထိုးနှံ ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်သော်လည်း မွေးမြူသူ တောင်သူများ၏ တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ဆေး ထိုးနှံမှုအပေါ် ပူးပေါင်းပါဝင်မှုအားနည်းခြင်းနှင့် ရှေးရိုးစွဲ အယူအဆများကို မပယ်ဖျက်နိုင်ခြင်းတို့ကြောင့် သမားရိုးကျ မွေးမြူမှုပုံစံများမှသည် ခေတ်မီမွေးမြူမှုပုံစံသို့ မပြောင်းလဲနိုင်သေးပေ။

ဥပမာအားဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ရခိုင်ပြည်နယ် မြေပုံမြို့နယ် ရွာသာယာကျေးရွာ၌ ဖြစ်ပွားခဲ့သည့် ကျွဲ၊ နွားလည်ချောင်းကွဲရောဂါကို ကျွဲ၊ နွားများအား အသက် ၆ လမှစ၍ ၆လတစ်ကြိမ် ကာကွယ်ဆေး ထိုးနှံထားခြင်းဖြင့် ရောဂါဖြစ်ပွားကျရောက်မှုကို ကာကွယ်နိုင်သော်လည်း ၂၀၁၉ ခုနှစ် အောက်တိုဘာလက မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်၍ တိရစ္ဆာန်ကျန်းမာရေး လုပ်သားများ၏ အကူအညီဖြင့် အဆိုပါကျေးရွာသို့ ကာကွယ်ဆေးထိုးဆောင်ရွက်စဉ် ရွာရှိ ကျွဲအချို့သည် ကာကွယ်ဆေးထိုးနှံသည့်ကျေးရွာတွင် ရှိမနေဘဲ တောင်ပေါ်ဒေသ၌ လွှတ်ကျောင်းမွေးမြူထားခြင်းကြောင့် ကာကွယ်ဆေးမထိုးနှံနိုင်ခဲ့ပေ။ ထို့အတွက် အဆိုပါ ကျွဲ၊ နွားများ လည်ချောင်းကွဲရောဂါ ဖြစ်ပွားသေဆုံးခဲ့သည်။

အလားတူဖြစ်ရပ်မျိုးကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ တွင် ရခိုင်ပြည်နယ် မင်းပြားနှင့် ရမ်းဗြဲမြို့နယ်နှင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။

ထိုကဲ့သို့ ကျွဲ၊ နွား လည်ချောင်းကွဲရောဂါဖြစ်ပွားမှု အကြောင်းရင်းကို လေ့လာသုံးသပ်ကြည့်ပါက ရောဂါဖြစ် ကျွဲ၊ နွားများကို သီးခြားခွဲမထားဘဲ စားကျက်လွှတ်ကျောင်းကွင်း၌ အတူတကွတ်ကျောင်းခြင်း၊ ရောဂါဖြင့်သေဆုံး သည့် ကျွဲ၊ နွားများကိုလည်း မီးရှို့ ဖျက်ဆီးခြင်းမပြုဘဲ စားသုံးခြင်း၊ တိရစ္ဆာန်ရောဂါဖြစ်ပွားမှုဖြစ်စဉ်ကို သက်ဆိုင်ရာဌာန အာဏာပိုင်သို့ သတင်းပေးပို့မှုအားနည်းခြင်းတို့ကို လေ့လာတွေ့ရှိခဲ့ရသည်။

ထို့ကြောင့် မွေးမြူထားသည့် ကျွဲ၊ နွားများကို လက်ရှိ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ရေးဆွဲလျက်ရှိသည့် ကောင်းမွန်သော မွေးမြူရေးကျင့်စဉ်ပါ နည်းလမ်းအတိုင်း သင့်လျော်သောနေရာတွင် ခြံခတ်မွေးမြူခြင်း၊ ခြံနှင့် ပတ်ဝန်းကျင်ကို သန့်ရှင်းစွာထားခြင်း၊ အလုပ်ခွင်တွင် ခိုင်းစေပြီးနောက် လုံလောက်စွာ အနားပေးခြင်း၊ အစာရေစာ အလုံအလောက်ထောက်ပံ့ပေးခြင်း စသည့် အလေ့အကျင့်ကောင်းများကို ဖော်ဆောင်သွားရမည် ဖြစ်သည်။

သမားရိုးကျ တိရစ္ဆာန်အစာများအပြင် ဖြည့်စွက်စာ များ ကျွေးခြင်း၊ အများသုံးစားကျက်များတွင် စုပေါင်းလွှတ်ကျောင်းခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပြင်ပနေရာမှ ကျွဲ၊ နွား ဝယ်လာပါက မိမိခြံရှိ တိရစ္ဆာန်များနှင့် ပူးတွဲမထားဘဲ စောင့်ကြည့်ကာလသတ်မှတ်၍ သီးခြားထားခြင်း၊ မေထုန်မဲ့ သားစပ်လုပ်ငန်းတွင် ပူးပေါင်း ဆောင်ရွက်ခြင်းနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများကို နယ်မြေခံ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် တိုင်ပင်၍ ဆောင်ရွက်ခြင်းတို့ဖြင့် မိမိတို့၏ မိရိုးဖလာမွေးမြူမှုပုံစံကို ခေတ်မီသော မွေးမြူမှုပုံစံသို့ ပြောင်းလဲရမည်ဖြစ်သည်။

သို့မှသာ တိရစ္ဆာန်မျိုးကောင်းမျိုးသန့်များ ပေါ်ထွက်လာပြီး အသားထွက်နှုန်း၊ နို့ထွက်နှုန်းများ ကောင်းမွန်လာကာ တိရစ္ဆာန်ကူးစက်ရောဂါကို ကာကွယ်နိုင်သည့် အကျိုးကျေးဇူးများကို ခံစားရရှိနိုင်မည်ဖြစ် ပေသည်။

အထောက်အပံ့ဖြစ်စေ ထို့ကြောင့် တိရစ္ဆာန်ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်ဆေး ထိုးနှံခြင်းဖြင့် ကာကွယ်ရမည့်အပြင် မိရိုးဖလာမွေးမြူမှုမှတစ်ဆင့် ခေတ်မီမွေးမြူမှုပုံစံ ပြောင်းလဲခြင်းဖြင့် တိရစ္ဆာန်၏ ကောင်းကျိုးချမ်းသာကိုလည်း အထောက်အပံ့ဖြစ်စေမည်ဖြစ်သည်။

ထို့ပြင် တိရစ္ဆာန်ကူးစက်ရောဂါကြောင့် ဖြစ်ပေါ်လာသည့် ကျွဲ၊ နွားဆုံးရှုံးမှုများ၊ သေဆုံးတိရစ္ဆာန်၊ နာမကျန်း တိရစ္ဆာန်များကို ကုသခြင်းကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးထိခိုက်ဆုံးရှုံးမှုများကိုလည်း လျှော့ချနိုင်ပေမည်။ ထိုကဲ့သို့ ထိခိုက်ဆုံးရှုံးမှုများ လျှော့ချနိုင်သကဲ့သို့ မိမိတို့ မွေးမြူထုတ်လုပ်မှုကဏ္ဍမှ အကျိုးအမြတ် အသီးအပွင့်များကိုလည်း ခံစားနိုင်မည်ဖြစ်ပြီး မွေးမြူသူများ၏ လူမှုစီးပွားဘဝလည်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်သောကြောင့် တိရစ္ဆာန်ကူးစက်ရောဂါများကာကွယ်ဖို့ မွေးမြူမှုပုံစံပြောင်းလဲစို့ဟု တိုက်တွန်းရေးသားအပ်ပါသည်။ ။

ဒေါက်တာ ယဉ်မိုးအောင်နှင့် သုတေသီများ (မွေး/ကု)