တိမ်မြုပ်ပျောက်ကွယ်နေသည့် ပုဂံနှင့် ကုန်းဘောင်ခေတ်နှောင်းပိုင်း ဘုရားစေတီများနှင့် နံရံဆေးရေးပန်းချီများ

၁ ဖေဖော်ဝါရီ

 

ပခုက္ကူခရိုင်အတွင်း ပခုက္ကူ-ဂန့်ဂေါကားလမ်း၏ လက်ဝဲဘက်တွင် ရေစကြိုမြို့နယ် အောင်နန်းကျေးရွာရှိသည်။ အောင်နန်း ကျေးရွာမှာ အိမ်ခြေ ၁၈ဝ ခန့်ရှိပြီး လူဦးရေ ၇ဝဝ ကျော်ရှိသည်။ အောင်နန်းကျေးရွာ အမည်တွင်သည်မှာ ၁ဝ နှစ်ခန့်သာ ရှိသေးသည် ဆိုသည်။ ယခင်က ရွာငယ်၊ ချောင်းဆုံငယ်အမည်များဖြင့် ထင်ရှားခဲ့သည်။

 

အောင်နန်းကျေးရွာမှ ရဟန်းပညာရှိ၊ လူပညာရှိများ ထွက်ပေါ်ခဲ့သည်။ ရေစကြိုဦးချင်းကျောင်း၏ ပထမဦးစီးပဓာန နာယက ဆရာတော်မှာ ဦးဝရသံဗောဓိဖြစ်သည်။ ဆရာတော် ဦးဝရသံဗောဓိမှာ ရေစကြိုစာချနည်း၊ ပခုက္ကူစာချနည်းများကို စတင်သင်ကြားခဲ့သော ဆရာတော်ဖြစ်သည်။ ဆရာတော် ဦးဝရသံဗောဓိမှာ အောင်နန်းရွာဇာတိဖြစ်သည်။ ဆရာတော် ဦးဝရသံဗောဓိမှာ ကဗျာ၊ စကားပြေဖြင့် ကျမ်းပေါင်း ၃၄ ကျမ်း ပြုစုခဲ့သော ရဟန်းပညာရှိဖြစ်သည်။

 

အမျိုးသားစာပေဆု၊ စာပေဗိမာန်စာပေဆုနှင့် အာဆီယံ စာပေဆုရရှိခဲ့သော စာရေးဆရာ ဦးတင်မြင့်မှာလည်း အောင် နန်းရွာဇာတိဖြစ်သည်။ စာရေးဆရာ ဦးတင်မြင့်သည် အမျိုးသား စာပေဆုတစ်ဆု၊ စာပေဗိမာန်စာပေဆု ၁၂ ဆု၊ အာဆီယံ စာပေဆုနှင့် ပခုက္ကူဦးအုန်းဖေစာပေဆုရ စာရေးဆရာကြီး တစ်ဦးဖြစ်သည်။ စာရေးဆရာကြီးဦးတင်မြင့်သည် အသက် ၇၇ နှစ်အရွယ် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က မြင်းမူမြို့၌် ကွယ် လွန်ခဲ့သည့် လူပညာရှိတစ်ဦးဖြစ်သည်။ 

 

အောင်နန်းရွာမှာ ရှေးယခင်က ပခန်းကြီးမြောက်ဘက်တွင် အကြွယ်ဝဆုံး၊ အချမ်းသာဆုံး သူဌေးသူကြွယ်ပေါများသော ရွာကြီးဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၃၁ဝ ပြည့်နှစ်က အလံနီ နှင့် ဖဆပလတို့ တိုက်ပွဲဖြစ်ကြရာ တစ်နေ့တည်း လူ ၉၉ ယောက် သေဆုံးခဲ့သည်။ တစ်ရွာလုံး မီးလောင်ပြာကျခဲ့သည်။ ဘုန်းကြီးကျောင်း ၁၁ ကျောင်း မီးထဲပါသွားသည်။ ကျန်ရွာသူ ရွာသားများ ရွာတွင်မနေရဲဘဲ ရွာစွန့်၍ ထွက်ပြေးခဲ့ကြရသည်။ နောက်နှစ် ပေါင်းများစွာကြာမှ လူစု၍ ရွာပြန်တည်ခဲ့ရသော ရွာကြီးဖြစ်သည်။

 

အောင်နန်းရွာတွင် ပုဂံခေတ်က ဘုရားစေတီ ၁၁၇ ဆူ ရှိခဲ့သည်။ ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် ပုဂံခေတ်က တည်ထားခဲ့သော ဘုရားစေတီများမှာ ပြိုကျပျက်စီးနေသဖြင့် ငုံ၍ ပြန်လည်တည်ထားခဲ့ကြသည်။ ထို့ကြောင့် ယနေ့တွေ့မြင်ရသော ဘုရားစေတီများမှာ ကုန်းဘောင်ခေတ်နောက်ပိုင်း လက်ရာများ ဖြစ်နေသည်။ ၁၉၇၅ ခုနှစ်က ငလျင်ဒဏ်ကြောင့် ဘုရားစေတီများ ပြိုကျခဲ့ရာ စေတီအဆူ ၄ဝ ကျော်မှာ ထီးမရှိဘဲ ပျက်စီးနေသည်။

 

ပခန်းကြီးမြောက်ဘက် တစ်မိုင်ခန့်အကွာ စူဠဘန်ဘုရား ကျောက်စာတွင် သက္ကရာဇ် ၅၉၇ ခုနှစ်က ဘုရားတကာ သူကြွယ်များက ရေးထိုးထားသော ကျောက်စာရှိသဖြင့် အောင်နန်းရွာရှိ ဘုရားစေတီများမှာ ပုဂံခေတ်ကလက်ရာများ ဖြစ်နိုင်သည်ဟု ယူဆရသည်။

 

အောင်နန်းရွာအရှေ့ဘက် ဘုရားတိုက်အတွင်းရှိ ဇာတ်စုံဘုရားတွင် နန်းတွင်းပန်းချီဆရာကြီး ဆရာခြုံ၏သားများ ရေးသားထားသော ဆေးရေးနံရံပန်းချီများတွင် အလောင်းတော် သိဒ္ဓတ္ထမင်းသား လေးတော်တင်ခန်း၊ ဘူရိဒတ်နဂါးမင်းဇာတ်၊ ဝေဿ္တရာဇာတ်တော်၊ လယ်ထွန်မင်္ဂလာစသည့် ဇာတ်နိပါတ်များကို ဘုရားနံရံပတ်လည်တွင် ရေးသားထားပြီး ဆေးများမှာလည်း မပျက်စီးသေးဘဲ ထင်ထင်ရှားရှား တွေ့မြင်နိုင်သည်။ ပန်းချီရေးခမှာ ၂၇၅ ကျပ်ဟု မှတ်တမ်းတင်ရေးသားထားသည်။ ထို့အပြင် ဘုရားတိုက်၏ အရှေ့တောင်ထောင့် အာရုံခံဇရပ် အတွင်းမှာ ညောင်ရမ်းခေတ် လူပုံဆေးရေးပန်းချီများရှိ သည်။ 

 

အောင်နန်းရွာမှ ဘုရားစေတီများအကြောင်းကို သမိုင်းပညာရှင် ဒေါက်တာတိုးလှက ရေစကြိုမဂ္ဂဇင်း(မန္တလေး) (၁ဝ)နှစ်မြောက် အထိမ်းအမှတ်မဂ္ဂဇင်း နံသာမြေမှဆောင်းပါးတွင် အောင်နန်းရွာ ဘုရားစေတီများအကြောင်း ရေးသားဖော်ပြခဲ့သည်ဟု သိရသည်။ လက်ရှိအချိန်တွင် လူသိနည်းပြီး တိမ်မြုပ် ပျောက်ကွယ်နေသည့် ရေစကြိုမြို့နယ် အောင်နန်းရွာမှ ပုဂံခေတ်နှင့် ကုန်းဘောင်ခေတ်နောက်ပိုင်း ဘုရားစေတီ ၁၁၇ ဆူနှင့် ဆေးရေးနံရံပန်းချီများကို စိတ်ဝင်စားသူများ၊ သမိုင်း သုတေသီများ၊ သမိုင်းလေ့လာသူများ၊ သမိုင်းပညာရှင်များ လေ့လာနိုင်ရန် အသိပေးရေးသားလိုက်ရပါသည်။

 

တင်လှိုင်(မိတ္ထီလာ)