တီထွင်ဉာဏ်နဲ့ ရဲရဲရင့်ရင့် စဉ်းစားအကောင်အထည်ဖော်

နေပြည်တော် ၁၇ မတ်

 

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မကုန်မီ မိမိတို့နိုင်ငံ၏ ပြည်ပကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံကျော်လွန်ခဲ့ရာ ပြည်ပကုန်သွယ်မှုသမိုင်းတစ်လျှောက် စံချိန်သစ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းကောင်းတစ်ရပ်ကို မကြာသေးမီက သိခဲ့ရသည်။ ပြည်ပကုန်သွယ်မှုဟုဆိုရာတွင်ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော်ဖြစ်ပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော်ဖြစ်ကြောင်းနှင့် ယမန်နှစ်ကာလတူထက် ပို့ကုန် နှစ်ဘီလီယံနှင့် သွင်းကုန် နှစ်ဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်းလည်း သိရသည်။ ပြည်ပကုန်သွယ်မှု တန်ဖိုးများပြားလာခြင်းက နိုင်ငံ၏စီးပွားရေး ပိုမိုနိုးထလာသည်ကို ပြဆိုနေသော်လည်းပို့ကုန်တန်ဖိုးထက် သွင်းကုန်တန်ဖိုးမြင့်မားနေသေးသည့် အခြေအနေကမိမိတို့ပိုမိုကြိုးစားရဦးမည်ကို ညွှန်ပြနေသည်။

 

အဓိကကျသည့် ပြည်ပပို့ကုန်များကို လေ့လာစေ့ငုကြည့်မည်ဆိုပါကလယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် ပဲမျိုးစုံ၊ ဆန်နှင့် ဆန်ကွဲ၊ ရော်ဘာ၊ပြောင်း၊ သစ်သီးဝလံများ၊ ငါးမျိုးစုံ၊ ပုစွန်၊ ငါးရှဉ့်၊ ကဏန်းစသည့် ရေထွက်ပစ္စည်းများ၊ကျွဲ၊ နွား၊သိုးအရှင်များ၊သတ္တုနှင့်သတ္တုရိုင်းများ၊ကျောက်စိမ်း၊ကျောက်မျက်နှင့် သဘာဝဓာတ်ငွေ့စသည့် တွင်းထွက်သယံဇာတများ၊CMP စနစ်ဖြင့် ချုပ်လုပ်သည့်အထည်များဖြစ်ရာ မိမိတို့နိုင်ငံမှ တင်ပို့သည့် ပို့ကုန်များမှာ ကုန်ကြမ်းသက်သက်မျှသာ အဓိကဖြစ်နေသည်။

 

အဓိကတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာမူ မော်တော်ယာဉ်နှင့်ယာဉ်အပိုပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ ဆောက်လုပ်ရေးသုံးသံနှင့်သံမဏိများ၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ၊ ရေနံထွက်ပစ္စည်း၊ဒီဇယ်ဆီ၊ ဓာတ်ဆီ၊ လေယာဉ်ဆီများ၊ ပလတ်စတစ် ကုန်ကြမ်းများ၊ဓာတ်မြေဩဇာ၊ ဓာတုဗေဒချည်များ၊ ဆေးဝါးများဖြစ်ရာ စက်မှုထုတ်ကုန်၊နည်းပညာထုတ်ကုန်များ၊ တစ်ပိုင်းကုန်ချောများဖြစ်သည့်အလျောက်တန်ဖိုးအားဖြင့်လည်း မြင့်မားကြမည်သာဖြစ်သည်။ လယ်ယာစိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်ရာတွင် မိမိတို့နိုင်ငံမှ စိုက်ပျိုးထုတ်လုပ်သူများ ရင်ဆိုင်နေကြရသည့် အခက်အခဲများမှာ သီးနှံမျိုးကောင်းမျိုးသန့် ရရှိရေးအခက်အခဲ၊ စိုက်ပျိုးရေး၊ ရိတ်သိမ်းရေးနှင့် သိုလှောင်ရေးတို့တွင် ခေတ်မီ နည်းစနစ်များသုံးစွဲနိုင်ရေးအခက်အခဲ၊ စိုက်ပျိုးထုတ်လုပ်မှုစရိတ်များ မြင့်မားနေသည့် အခက်အခဲနှင့် သယ်ယူပို့ဆောင်ရေးစရိတ်မြင့်မားနေသည့် အခက်အခဲများဖြစ်ကြောင်း သိရသည်။

 

လယ်ယာစိုက်ပျိုးရေးသည် မိမိတို့နိုင်ငံ၏ အဓိကအကျဆုံး စီးပွားရေးဖြစ်နေသည့်အလျောက် စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၏ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းအားကို မြှင့်တင်ပေးရန်နှင့် လုပ်သလောက်အကျိုးဖြစ်ထွန်းစေရန်အတွက် တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်ရာ ဥပဒေနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ရေမြင့်၍ ကြာတင့်စေသလို တောင်သူလယ်သမားများဘဝ မြင့်မားမှုနှင့် အတူနိုင်ငံ၏ စိုက်ပျိုးကုန်ထုတ်စီးပွားရေးကိုလည်း မြှင့်တင်နိုင်မည်ဖြစ်သည်။တစ်ဖက်တွင်လည်း နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကာ ပဲမှသည်ပဲထွက်ကုန်ချောအမယ်အမျိုးမျိုး၊ ဆန်နှင့်ဆန်ကွဲမှသည် အစားအစာနှင့်အခြားကုန်စည်အမျိုးမျိုး၊ ရော်ဘာစိမ်းမှသည် ရော်ဘာကုန်ချောအမျိုးမျိုး၊ပြောင်းမှသည် ပြောင်းထွက်ကုန်အမျိုးမျိုးစသည်ဖြင့် တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်တင်ပို့နိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်သည်။

 

“လယ်ယာကဏ္ဍဟာ နည်းပညာအမျိုးမျိုးတိုးတက်နိုင်တဲ့အခွင့် အရေးတွေလည်းရှိတယ်၊ ဒီလို တိုးတက်ခြင်းအားဖြင့် ကျွန်မတို့ရဲ့ နိုင်ငံဟာတခြားနိုင်ငံတွေနဲ့မတူ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အခြေခံတဲ့ ဖွံ့ ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံတစ်ခုဖြစ်အောင်လို့ ကျွန်မတို့မလုပ်နိုင်ဘူးလား၊ဒါတွေကို ကျွန်မတို့ကနေပြီးတော့ တီထွင်ဉာဏ်နဲ့ ရဲရဲရင့်ရင့်စဉ်းစားပြီးတော့ အကောင်အထည်ဖော်စေချင်ပါတယ်” ဟူ၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ ဖြိုးရေး နှီးနှောဖလှယ်ဆွေးနွေးပွဲ - ၂၀၁၈ အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့ပြီးဖြစ်ရာ လယ်ယာစိုက်ပျိုးရေးအခြေခံ စက်မှုနိုင်ငံအဆင့်သို့တက်လှမ်းနိုင်ရေးသည် မိမိတို့နိုင်ငံ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် ပကတိလိုအပ်ချက်ပင်ဖြစ်ပါကြောင်း။ ။

 

မြန်မာ့အလင်း