တီထွင်ကြံဆသော နည်းလမ်းသစ်များ

နေပြည်တော် ၈ ဧပြီ

 

လက်ကိုင်တယ်လီဖုန်းတို့သည် ကျေးလက်ဒေသအပါအဝင် ပြည်သူလူထု၏ လူမှုရေးဘဝကို တိုးတက်မြင့်မားစေပြီး စီးပွားရေး အခွင့်အလမ်းကို ကျယ်ပြန့်စေသည်မှာ နားလည်လက်ခံပြီး လူမှု-စီးပွားရေး အချက်တစ်ရပ် ဖြစ်ပါသည်။ သို့သော် လက်ကိုင်တယ်လီဖုန်းတို့က ိုကျေးလက်ဒေသများ၌ပါ သုံးစွဲနိုင်ရေးကိုဆောင်ရွက်သည့်အခါ ဆက်သွယ်ရေးတာဝါတိုင်တို့ကို ကျယ်ပြန့်စွာ ကွန်ရက်ဖြန့်ကြက် ဆောက်လုပ်ရပါသည်။ ဤကဲ့သို့ ဆက်သွယ်ရေးတာဝါတိုင်တို့ကို ကွန်ရက်ဖြန့်ကြက်ရသည့်အခါ ကြုံတွေ့ရသည့် ပြဿနာတစ်ရပ်မှာ ဆက်သွယ်ရေးတာဝါတိုင် အများစုကို လျှပ်စစ်မဟာဓာတ်အားလိုင်းများ မရောက်ရှိသေးသောဒေသ (သို့မဟုတ်) လျှပ်စစ်ဓာတ်အားကို စိတ်ချလက်ချသုံးစွဲနိုင်စွမ်းမရှိသောဒေသတို့၌ တည်ဆောက်ရခြင်းဖြစ်ပါသည်။ ဆက်သွယ်ရေးတာဝါတိုင်တို့၏ သဘောသည် လျှပ်စစ်ဓာတ်အားကို ၂၄ နာရီ သုံးစွဲရသည်ဖြစ်၍ ဆက်သွယ်ရေးတာဝါတိုင်တို့ကို အသုံးပြုလုပ်ငန်း လည်ပတ်ရာ၌ လျှပ်စစ်ဓာတ်အားအတွက် ကုန်ကျစရိတ်သည်စုစုပေါင်းကုန်ကျစရိတ်၏ ၄၀ ရာခိုင်နှုန်းခန့်အထိ ရှိပါသည်။

 

တစ်ဖက်၌လည်း ကျေးလက်ပြည်သူတို့သည် လက်ကိုင်တယ်လီဖုန်းအသုံးပြုရေး အပါအဝင် အမျိုးမျိုးသော လူမှု-စီးပွားရေးလိုအပ်ချက်တို့အတွက် လျှပ်စစ်ဓာတ်အားကို လိုအပ်လျက်ရှိသည်။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ ဖြိုးဆဲနိုင်ငံတို့၌ ကျေးလက်ဒေသအရောက် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးမှာ ကြီးမားသော စိန်ခေါ်ချက်တစ်ရပ်အဖြစ်ရှိနေဆဲ ဖြစ်ပါသည်။ ဆက်သွယ်ရေးတာဝါတိုင်တို့ကို တည်ဆောက်လည်ပတ်ရသော ကုမ္ပဏီတို့နှင့် ကျေးလက်ပြည်သူတို့၏ ဘုံလိုအပ်ချက်မှာ လျှပ်စစ်ဓာတ်အား ဖြစ်ပါသည်။ ဆက်သွယ်ရေးတာဝါတိုင်တို့အတွက်လိုအပ်သော လျှပ်စစ်ဓာတ်အားကို ဒီဇယ်ကဲ့သို့သော ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာတို့ အသုံးပြု၍ ထုတ်လုပ်ရပါက ကုန်ကျစရိတ်မြင့်မားသည့်အပြင် သဘာဝပတ်ဝန်းကျင်ကိုပါ ထိခိုက်ပျက်စီးစေပါသည်။ တစ်ဖန်သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုသည် ကျေးလက်ပြည်သူတို့၏ လူမှု-စီးပွားရေး အခွင့်အလမ်းတို့ကို ပိုမိုဆုတ်ယုတ်လျော့ကျစေမည် ဖြစ်ပါသည်။

 

ဆက်သွယ်ရေးတာဝါတိုင် ကုမ္ပဏီတို့နှင့် ကျေးလက်ပြည်သူတို့၏ဘုံစိန်ခေါ်ချက်ကို ဖြေရှင်းပေးနိုင်မည့်အရာမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်ပါသည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့အနက် နေရောင်ခြည်စွမ်းအင်သည် အချိန်နှင့်အမျှ ကျယ်ပြန့်လာနေပါသည်။ ရိုးမမိုက်ခရိုပါဝါကုမ္ပဏီသည် စစ်ကိုင်းတိုင်းဒေသကြီး၌ ကနဦးအဆင့်အနေဖြင့်အသေးစား နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ၁၀ ခု တည်ဆောက်၍ ဆက်သွယ်ရေးတာဝါတိုင်များကိုသာမကကျေးလက်ပြည်သူများကိုပါ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပါသည်။ ယခုအချိန်ထိ ဤနည်းလမ်းဖြင့် ကျေးလက်ပြည်သူ ၇၀ဝ ကို လျှပ်စစ်ဓာတ် ဖြန့်ဖြူးရောင်းချပေးပြီး ဖြစ်ပါသည်။ ယခုအခါနိုင်ငံတကာဘဏ္ဍာရေး ကော်ပိုရေးရှင်း၊ နော်ဝေအစိုးရ၏ Norfund နှင့် ရိုးမမဟာဗျူဟာ ဦးပိုင်လီမိတက်တို့၏ အဓိကရင်းနှီးမြှုပ်နှံမှုဖြင့် ဒေါ်လာ ၂၈ သန်းအထိ အကုန်အကျခံ၍ ဆက်သွယ်ရေးတာဝါတိုင် ကုမ္ပဏီတို့နှင့် ကျေးလက်ပြည်သူတို့အတွက် လျှပ်စစ်ဓာတ် ဖြန့်ဖြူး ပေးမည့် နေရောင်ခြည်စွမ်းအင်သုံး အသေးစားလျှပ်စစ်ဓာတ်အားပေးစက်ရုံတို့ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် တည်ဆောက်အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။ နိဂုံးချုပ်အားဖြင့် တိုင်းပြည်၏ လိုအပ်ချက်တို့ကို ကြံဆဖြည့်ဆည်းပေးခဲ့သည့် ရိုးမ မိုက်ခရိုပါဝါကုမ္ပဏီ၏ ကြိုးပမ်းအားထုတ်မှုကို ကြိုဆိုဂုဏ်ပြုပါကြောင်း ဖော်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း