ဌာပနာဖောက်ခံရတဲ့ ဘုရား ၁၀ ဆူထဲက ငါးဆူက လောလောလတ်လတ် အဖောက်ခံထားရတဲ့ အနေအထားဖြစ်ပြီးကျန်တဲ့ ငါးဆူက လအတော်ကြာကြာကတည်းက ဖောက်ခံထားရတဲ့ အခြေအနေမျိုးတွေ့ရတယ်

ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ စေတီတော် ၁၀ ဆူ ဌာပနာ တော် ဖောက်ထွင်းခံထားရကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက် က အတည်ပြုပြောကြားသည်။

 

အ့

 

“ဌာပနာဖောက်ခံရတဲ့ ဘုရား ၁၀ ဆူထဲမှ ငါးဆူက လောလော လတ်လတ် အဖောက်ခံထားရတဲ့ အနေအထားဖြစ်ပြီး ကျန်တဲ့ငါးဆူ က လအတော်ကြာကြာကတည်းက ဖောက်ခံထားရတဲ့ အခြေအနေမျိုး တွေ့ရတယ်။ ဌာပနာတော်တိုက်ထဲမှာ ငှက်သိုက်တွေ လုပ်ထားတာတွေ့တဲ့ ဘုရားတွေက လောလောလတ်လတ် ဖောက်ခံထားရတာ မဟုတ်ဘူးလို့ ယူဆပါတယ်။ ဌာပနာတော်အပေါက် တွေနဲ့ တွေ့ရတဲ့ အခြားစေတီတော် ၂၃ ဆူက ၁၉၉၀ ပြည့်နှစ်ကနေ ၂၀၀၆-၂၀၀၇ ခုနှစ်အထိ ပြန်လည်တည်ထား တဲ့ စေတီအသစ်တွေဖြစ်တဲ့အတွက် မူလတည်ထားစဉ်ကတည်းက ဌာပနာ ပိတ်သွင်းမယ်ဆိုပြီး ဌာပနာပေါက် တွေ ဖောက်ထားခဲ့တာ ဖြစ်ပါတယ်။ ဌာပနာပိတ်သွင်းတဲ့လုပ်ငန်းကို မူလ ကတည်းက မလုပ်ခဲ့ရသေးတာပါ” ဟု ဒေါက်တာသန်းထိုက်က ပြောသည်။

“ပုဂံက ပြီးခဲ့တဲ့ မတ်လကတည်းက ပြည်တွင်း ပြည်ပ ခရီးသွားဝင်ရောက် မှု မရှိတော့ဘူး။ ညမထွက်ရအမိန့် တွေလည်းရှိတယ်။ ညမထွက်ရအမိန့် ကို ဖြေလျှော့တာက ရက်ပိုင်းလောက် ပဲ ရှိသေးတယ်။ ဒီကြားကာလအတွင်း ဌာပနာဖောက်ခံရတာ ဖြစ်နိုင်တယ်။ လက်ရှိအချိန်မှာ ဌာပနာဖောက်ခံရ တာနဲ့ပတ်သက်ပြီး ဌာနဆိုင်ရာ ဝန်ထမ်းတွေ၊ နယ်မြေအလိုက် တာဝန် ထမ်းဆောင်နေကြတဲ့ ထိန်းသိမ်းရေး အဖွဲ့တွေရယ်၊ ပုဂံဧည့်လမ်းညွှန် အသင်းရယ်၊ နယ်မြေခံရဲတပ်ဖွဲ့တွေ၊ မီးသတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်နေပါတယ်။
“ကျွန်တော်တို့ဌာနက ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန်အတွင်းက ဘုရားစေတီ၊ ပုထိုးတွေကို စောင့်ကြပ်ကြည့်ရှုပေး တာ ၂၄ ဦးရှိပါတယ်။ အဆောက် အအုံကို ထိန်းသိမ်းတဲ့ အင်ဂျင်နီယာ ရှိသလို၊ ဂူဘုရားတွေထဲမှာရှိတဲ့ နံရံ ပန်းချီကို ထိန်းသိမ်းတဲ့ ထိန်းသိမ်းရေး အဖွဲ့တွေလည်း ရှိပါတယ်။ ပုဂံ ယဉ်ကျေးမှု အမွေအနှစ်ဒေသမှာ ဇုန်နယ်မြေတွေကို ၁၂ ခုပိုင်းခြားထား တယ်။ အဲဒီဇုန်နယ်မြေတွေမှာ ထိန်း သိမ်းရေးအဖွဲ့တွေ၊ အဆောက်အအုံ ထိန်းသိမ်းရေးအဖွဲ့တွေ၊ နံရံပန်းချီ ထိန်းသိမ်းရေးအဖွဲ့တွေ၊ လုံခြုံရေး အဖွဲ့တွေ စုစုပေါင်း ဝန်ထမ်းဦးရေ ၆၀ ဝန်းကျင်ရှိတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

ယခုကာလ၌ ဝန်ထမ်းအင်အား အပြင် ပုဂံညောင်ဦး ဧည့်လမ်းညွှန် အသင်းမှ အသင်းသား ၁၀၀ ကျော် တို့၏ ပူးပေါင်းကူညီမှုဖြင့် ဇုန်နယ်မြေ အလိုက် ကင်းလှည့်ခြင်းလုပ်ငန်းများ ကို နေ့ရော၊ ညပါ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

“အခုလို ဌာပနာဖောက်ခံရတာ တွေရှိတဲ့အတွက် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတွေနဲ့ပူးပေါင်းပြီး ဇုန်နယ် မြေအလိုက် နေ့၊ ည လုံခြုံရေးအတွက် ကင်းလှည့်လည်တာတွေကို ယခင် ထက် တိုးမြှင့်ဆောင်ရွက်နေပါတယ်။ ဌာပနာဖောက်ခံရတာနဲ့ပတ်သက်ပြီး ပုဂံရဲစခန်းမှာ အမှုဖွင့်ထားပြီးပါပြီ။ ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးတာ တွေ ဆောင်ရွက်နေပါတယ်” ဟု ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက် က ပြောသည်။
ဘုရားများ ဌာပနာအဖောက်ခံရ ခြင်းကို စတင်တွေ့ရှိခဲ့သော ကင်းလှည့် အဖွဲ့တွင် ပါဝင်ခဲ့သူ ပုဂံညောင်ဦး ဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးသန်းဌေး က “ကိုဗစ်-၁၉ ကာလမှာ ခရီးသွား ဧည့်သည် လာရောက်မှုမရှိတဲ့အတွက် လုပ်ငန်းအားလပ်နေချိန်မှာ ကျွန်တော် တို့အနေနဲ့ ပုဂံဒေသမှာ ဘာလုပ်ပေး နိုင်မလဲဆိုတာ စဉ်းစားဖြစ်တယ်။ ဒီလိုစဉ်းစားပြီး ပုဂံမှာရှိတဲ့ ဘုရားတွေ ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ဆုံးရှုံးမှု မရှိစေဖို့ သက်ဆိုင်ရာဌာနတွေကို တင်ပြပြီး အဖွဲ့လေးဖွဲ့ ဖွဲ့ဖြစ်တယ်။ ကျွန်တော်တို့အဖွဲ့က ပုဂံဘုရားတွေ လုံခြုံမှုရှိစေရေးကို ကင်းလှည့်တယ်။

“တချို့က မိသားစုကိစ္စတွေနဲ့ အလုပ်တွေရှိလို့ ညတော့ ကင်းမလှည့် နိုင်ဘူး။ ကျွန်တော်တို့အဖွဲ့အနေနဲ့ တစ်ရက်ကို လူ ၂၀ လောက်နဲ့ အဖွဲ့ သုံးဖွဲ့ခွဲပြီး ကင်းလှည့်ပါတယ်။ ကင်းလှည့်ချိန်မှာ တွေ့ရှိရတဲ့ နံရံ ပန်းချီ၊ အင်္ဂတေ စတဲ့ ပျက်စီးမှုတွေကို ရှေးဟောင်းသုတေသနဌာနနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ကို နှစ်ပတ်တစ်ကြိမ် တင်ပြပါတယ်။ လုံခြုံရေးအတွက် ကင်းလှည့်ရင်းနဲ့ ၁၉၉၅ ခုနှစ်နောက်ပိုင်း တည်ထားတဲ့ ဘုရားတွေအပေါ်ဘက်မှာ အပေါက် လေးတွေကို သတိထားမိတယ်။ ဒီလို ပုံစံမျိုး ဘုရား လေး၊ ငါးဆူမှာ တွေ့တဲ့ အခါ မသင်္ကာလို့ ရှေးဟောင်းသုတေ သနဌာနကို အကြောင်းကြားတယ်။ ရှေးဟောင်းသုတေသနဌာနက တာဝန် ရှိသူတွေ လာရောက်ကြည့်ရှုတဲ့အခါ မှာ လောလောလတ်လတ် ဖောက်ထား တဲ့ အပေါက်တွေကိုတွေ့ရှိပြီး သေချာ စစ်ဆေးတဲ့အခါ ဌာပနာဖောက်ခံထား ရတာ ဖြစ်နေတယ်”ဟု ပြောသည်။

ဌာပနာဖောက်ခံရသည့် စေတီတော် များသည် လူသူအရောက်နည်းသော နေရာများတွင် ရှိသည့်အတွက် ၎င်းတို့ အဖွဲ့အနေဖြင့် အခြားလူသူအရောက် နည်းသော နေရာများရှိ ဘုရားများကို လိုက်လံစစ်ဆေးခဲ့ရာမှ ဌာပနာ ဖောက်ခံရသည့် ဘုရားများကို ထပ်မံတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

“ရှေးဟောင်းသုတေသနဌာနရဲ့ ထုတ်ပြန်ချက်မှာ ၃၃ ဆူ တွေ့ရတယ် လို့ ပါတယ်။ အခု နောက်ထပ်တွေ့ တာနဲ့ဆိုရင် အားလုံး အဆူ ၄၀ လောက်ရှိမယ်။ အဖောက်ခံရတဲ့ ဘုရားတွေမှာ တန်ဖိုးရှိတဲ့ပစ္စည်းတွေ ကိုပဲ ရွေးပြီးယူသွားတယ်။ အလှူရှင် ကမ္ပည်းစာနဲ့ ဘုရားဆင်းတုတော်တွေ ကို ထားခဲ့တယ်။ တချို့အဖောက်ခံ ထားရတဲ့ဘုရားတွေမှာ ကျောက်စိမ်း လက်ကောက်၊ ကျောက်အသေးတွေ ကောက်ရိုးမျှင်တွေကြားမှာ ကျန်ခဲ့တာ တွေ့ရတယ်။

ကိုဗစ်-၁၉ ကာလမှာ ပုဂံကို ဘုရားဖူးတွေလည်း မလာဘူးဆိုတော့ လူသိပ်မရှိဘူး။ လှည့်ကင်းတွေ မလှည့်တဲ့အချိန်မှာ ဌာပနာဖောက် တာဖြစ်နိုင်တယ်။ တချို့ဘုရားတွေ တည်တဲ့အခါမှာ ဌာပနာမထည့်တဲ့ ဘုရားတွေလည်း ရှိပါတယ်။ ဘုရားမှာ ဌာပနာထည့်ဖို့ အဆင်မပြေတဲ့အတွက် အပေါက်အတိုင်း ထားခဲ့တာတွေလည်း ရှိတယ်။ ဌာပနာဖောက်ခံရတဲ့ ဘုရား တွေမှာ ကျန်နေခဲ့တဲ့ ဘုရားဆင်းတု တွေ၊ လက်ကောက်တွေ၊ ကျောက်တွေ၊ လက်စွပ်တွေ တွေ့ပါတယ်။ ဒါတွေ ကို ရှေးဟောင်းသုတေသနဌာနက ထိန်းသိမ်းထားပါတယ်” ဟု ပုဂံ ညောင်ဦး ဧည့်လမ်းညွှန်အသင်းဥက္ကဋ္ဌ ဦးသန်းဌေးက ဆက်လက်ပြောသည်။

 

ပ့့့တ

 

ဆက်လက်၍ ဦးသန်းဌေးက“ပုဂံမှာ နေထိုင်သူတစ်ယောက်အနေနဲ့ အကြံ ပြုချင်တာကတော့ အစောင့်ဝန်ထမ်း များများ လိုအပ်တယ်။ ပုဂံဒေသကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံခြား သားတွေဆီကရတဲ့ ဝင်ကြေးထဲက ဖြစ်ဖြစ်ပေါ့။ နံရံပန်းချီကောင်းတဲ့၊ အင်္ဂတေပန်းတွေ၊ အမှန်တကယ်အရေး ကြီးတဲ့ ဘုရားတွေမှာ နေ့၊ ည လုံခြုံရေး တွေ ဆောင်ရွက်ပေးစေချင်ပါတယ်။ ဘုရားတွေကို ထိန်းသိမ်းရေးလုပ်ငန်း တွေ ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရှိ ဘုရားစေတီများ လုံခြုံရေးနှင့် ပတ်သက်၍ အကြံပြုပြောကြားသည်။

ဇွန် ၉ ရက် နံနက်ပိုင်းက လောက ထိပ်ပန်ဘုရား ဝါးယင်းလိပ် မီးလောင် မှုဖြစ်ပွားခဲ့သည့်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက် က “လောကထိပ်ပန်ဘုရားက ပုဂံမှာ ရှိတဲ့ဘုရားတွေထဲမှာ နံရံပန်းချီ အင်မတန်ကောင်းတဲ့ ဘုရားတစ်ဆူ ဖြစ်တယ်။ ကျွန်တော်တို့ဌာနက ဘုရားဥမင်ထဲမှာရှိတဲ့ ရှားပါးနံရံပန်းချီ လက်ရာတွေကို ပျက်စီးမှုမရှိအောင် သံပန်းတံခါး တပ်ထားတယ်။ သံပန်း တံခါးရဲ့ အတွင်းဘက်မှာဆိုရင် သံဆန်ခါကပ်ထားတယ်။ အတွင်းထဲ မှာရှိတဲ့ နံရံပန်းချီက တန်ဖိုးရှိတော့ ပိုးကောင်၊ လင်းနို့နဲ့ ငှက်တွေ အထဲဝင် ပြီး အသိုက်လုပ်လို့မရအောင်နဲ့ ပျက်စီးမှု မရှိအောင် ပညာရှင်အဖွဲ့တွေနဲ့ ညှိနှိုင်း တိုင်ပင်ပြီး ကာထားတာဖြစ်တယ်။ အခု မီးလောင်မှုမှာ သတင်းပေးပို့မှုကြောင့် ချက်ချင်းသွားရောက်ခဲ့ပြီး မီးစလောင် တဲ့ အနေအထားမှာပဲ ငြှိမ်းသတ်နိုင်ခဲ့ တယ်။ နယ်မြေခံရဲတွေအနေနဲ့ မီးရှို့သူ တွေကို ဖမ်းဆီးနိုင်ရေးလိုက်လံစုံစမ်း နေပါတယ်”ဟု ပြောသည်။

ယခု ဖြစ်စဉ်များနှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းက “ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ က ဧရိယာစတုရန်း မိုင် ၂၅ မိုင်ခန့် ကျယ်ဝန်းပါတယ်။ အခုအချိန်မှာ လုံခြုံရေးကို ဂရုစိုက်ဆောင်ရွက်နေ တယ်။ ဒါပေမယ့် လုံခြုံရေးဆိုတာ တစ်နေရာမဟုတ် တစ်နေရာ ကျိုးပေါက်နိုင်တယ်။ ဒီလိုကိစ္စမျိုး ထပ်မဖြစ်အောင် ပြန်လည်သုံးသပ် ဆောင်ရွက်နေပါတယ်။

ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဒေသက ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ် တင်သွင်းတဲ့အခါကလည်း အခက် အခဲတွေ ရှိခဲ့ပါတယ်။ မီးရှို့တာက တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တယ် ဆိုတာ ငြင်းလို့မရပါဘူး။

“လုံခြုံရေးအင်အား တစ်ရာကျော်နဲ့ ပုဂံဒေသမှာရှိတဲ့ စေတီ၊ ပုထိုးပေါင်း သုံးထောင့်ရှစ်ရာကျော်ကို လွှမ်းခြုံပြီး လုံခြုံရေးဆောင်ရွက်ရတာ မလွယ်ကူ ပါဘူး။ ဒါကြောင့် လုံခြုံရေးဆောင်ရွက် တဲ့အခါ ဝန်ကြီးဌာနက ဝန်ထမ်းတွေ အပြင် ပြည်သူတွေ ပါဝင်လာအောင် ဘယ်လိုဆက်လက်ဆောင်ရွက်ရမလဲ ဆိုတာ အစီအမံတွေ ဆောင်ရွက်နေပါ တယ်”ဟု ဇွန် ၁၀ ရက်က ကျင်းပခဲ့ သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့ အတွက် စတုတ္ထ(၁)နှစ်တာ ဆောင်ရွက် ခဲ့မှုများနှင့်ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။

 

့ြ့‌ေ်

 

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ တွင် ထိန်းသိမ်းစုဆောင်းထားသည့် ဘုရားစေတီများအနေဖြင့် ဧရာဝတီ မြစ်၏ အရှေ့ဘက် ပုဂံယဉ်ကျေးမှု အမွေအနှစ်ဇုန်၌ ၃၈၂၂ ဆူနှင့် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း တန့်ကြည့်တောင်ဘက်၌ ၁၅ ဆူရှိပြီး စုစုပေါင်း ၃၈၃၇ ဆူရှိကြောင်း သိရ သည်။

သတင်းအင်တာဗျူး-မျိုးမင်းနိုင်
ဓာတ်ပုံ-မျိုးမြင့်(သတင်းစဉ်)