တွေးခေါ်ကြံဆမှုမြင့်မားသည့် အရင်းအမြစ်

၇  မေ

 

စဉ်းစားတွေးခေါ်မြော်မြင်နိုင်မှု၊ တီထွင်ကြံဆလုပ်ကိုင်တတ်မှု စသည့် အရည်အချင်းရှိသော လူသားအရင်းအမြစ် တစ်ဦးတွင် ပင်ကိုဉာဏ်ရည် ထက်မြက်၍သော်လည်းကောင်း၊ သင်ယူမှုစနစ် ကောင်းမွန်၍သော် လည်းကောင်း တစ်နည်းနည်းဖြင့် ဖြစ်ပေါ်လာသည်။ ထိုနှစ်နည်းတွင် သင်ယူမှုစနစ် ကောင်းမွန်ခြင်းနည်းသည် ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်အားလုံးအတွက် အထူးအရေးကြီးသော အချက်ဖြစ်၍ သင်ကြားရေး၊ သင်ယူရေးတွင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရသည်။

 

ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူများအဖို့ အခြေခံ ပညာအဆင့်တွင် တက္ကသိုလ်ဝင်တန်း (ဒသမတန်း)စာမေးပွဲသည် အခြေခံ ပညာသင်ယူမှုနောက်ဆုံးအဆင့် ပြီးမြောက်ခြင်း သို့တည်းမဟုတ် အဆင့်မြင့်ပညာကို ဆက်လက်သင်ကြားနိုင်မည့် နောက်ဆုံး အဆုံးအဖြတ်ပေးသည့် အရည်အချင်းစစ်စာမေးပွဲဖြစ်သည်။ ဆယ်စုနှစ် လေးခုကျော်ကာလ များအတွင်းက ဒသမတန်းစာမေးပွဲများကို အလွတ်ကျက်ပုံစံ၊ တစ်ပွဲတိုး ပုံစံဖြင့် ကျောင်းသားအများ ဖြေဆိုခဲ့ကြသည်။ အကျိုးဆက်မှာ အခြေခံပညာအဆင့်၊ အဆင့်မြင့်ပညာအဆင့် အောင်မြင်ပြီးမြောက်ခဲ့သော်လည်း တွေးခေါ်မြော်မြင်တီထွင်ကြံဆ လုပ်ကိုင်နိုင်မှုအပိုင်းတွင် အများစုမှာ အားနည်းနေသည်ကို တွေ့ရသည်။

 

ထို့ကြောင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁)၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သော ကျောင်းများနှင့် ပညာသင်ယူရာ ဌာနအားလုံးတွင် ကျောင်းသား ကျောင်းသူများ၏ သင်ယူတတ်မြောက်မှုများ သိသာထင်ရှားစွာ တိုးတက် လာရေးကို ပေါက်မြောက်အောင်မြင်စေရန် ပြုပြင်ပြောင်းလဲ ဆောင်ရွက်လျက်ရှိသည်။ ယနေ့ လုပ်ငန်းခွင်နယ်ပယ်မှ လူ့စွမ်းအားအရင်းအမြစ် အများစုတွင် ပညာရည်လိုအပ်ချက်များရှိနေသည်မှာ တစ်ချိန်က သင်ယူခဲ့သော အလွတ်ကျက်ပုံစံကြောင့်ဟုဆိုလျှင် မှားမည်မထင်ပါ။

 

ထို့ကြောင့် အလွတ်ကျက်မှတ်မှုထက် ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုကို ဦးစားပေးသော စာမေးပွဲပုံစံတစ်မျိုးအဖြစ် ပြောင်းလဲဆောင်ရွက်လိုက်သည်ကို တွေ့ရသည်။ တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများ အလွတ်ကျက် ဖြေဆိုမှု လျော့နည်းစေရန်နှင့် စဉ်းစားတွေးခေါ်မှု ဖွံ့ဖြိုးတိုးတက် လာစေရန်ရည်ရွယ်၍ ၂၀၁၉ ခုနှစ် မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဘာသာရပ်ကိုးခု၏ မေးခွန်းပုံစံများ ပြောင်းလဲရန် ပညာရေးဝန်ကြီးဌာနက စီစဉ်လိုက်သည်ကို တွေ့ရသည်။ မေးခွန်းပုံစံသစ်များနှင့်ပတ်သက်၍ သိမှတ်ဖွယ်ရာ အချက်အလက်များအား ရှင်းလင်းတင်ပြပေးနေသည်ကို စေ့ငုကြည့်သောအခါ မေးခွန်းပုံစံအသစ်များတွင် အလွတ်ကျက်မှတ်မှုထက် ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုကို ဦးစားပေးသော မေးခွန်းများ ပိုမိုပါဝင်လာသည်ကို တွေ့ရသည်။

 

နှစ်စဉ်ဖြေဆိုနေကျ မေးခွန်းပုံစံများအစား တွေးခေါ်မြော်မြင်နိုင်မှုကို အားပြုသော မေးခွန်းများကို ပိုမိုထည့်သွင်း ထားခြင်းသည် မေးခွန်း၏ အနှစ်သာရကို မြင့်မားစေနိုင်မည်ဖြစ်သလို ကျောင်းသား ကျောင်းသူများအဖို့ သင်ယူတတ်မြောက်နိုင်မှုစွမ်းရည်လည်း တိုးတက်လာနိုင်ပါသည်။ စဉ်းစားတွေးခေါ်မှုကို ဦးတည်ဆောင်ရွက်ထားသော မေးခွန်းများကိုအကြောင်းပြု၍ ယခုစာသင်နှစ်တွင် စဉ်းစားတွေးခေါ်မှုကို အခြေခံသော သင်ကြားသင်ယူမှုများကို ပြုလုပ်ကြရတော့မည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများအဖို့ စာသင်ခန်းတွင် စဉ်းစားတွေးခေါ်မှု ပုံစံဖြင့် ချဉ်းကပ်ဆည်းပူးကြရမည်ဖြစ်ပြီး မိမိတို့၏ စဉ်းစားတွေးခေါ်မှုရှိလျှင် ရှိသလောက် အကျိုးရှိထိရောက်ပြီး စာသင်ခန်းပြင်ပ နေအိမ်တွင် လည်းကောင်း၊ ကျောင်းပြင်ပ အချိန်ပိုကျူရှင်တွင်လည်းကောင်း အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းသည့် ဘေးထွက်အားစိုက်ထုတ်မှုများ လျော့နည်း သက်သာကာ ဉာဏ်ရည်ဖွံ့ဖြိုးသည့် လူသားအရင်းအမြစ်များ ဖြစ်ထွန်း လာနိုင်သည်။

 

သို့ဖြစ်ရာ စဉ်းစားတွေးခေါ်မှုကို တည်ဆောက်သည့် စာသင်ခန်း များမှသည် အနာဂတ်မြန်မာနိုင်ငံတော်ကို တည်ဆောက်မည့် စဉ်းစားတွေးခေါ်တီထွင်ကြံဆနိုင်သော လူ့စွမ်းအားအရင်းအမြစ်များဖြစ်အောင် ဆက်လက်ကြိုးပမ်း အားထုတ်ကြရန် တိုက်တွန်းအပ်ပါသည်။ ။

 

ကြေးမုံ (အယ်ဒီတာ့အာဘော်)