တွေးကြောက်ရမယ့် ဆေးခြောက်

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

  

တွေးကြောက်ရမယ့် ဆေးခြောက်

 

ဆေးခြောက်၊ မာရှီ၊ ဝိ၊ မာရီဂျူဟားနား၊ ကာနေးဘစ်စ် အစရှိသဖြင့် မူဟန်အသွယ်သွယ်နဲ့ ခေါ်ကြတဲ့ ဆေးခြောက်အကြောင်း ကြားဖူးကြမှာဖြစ်သလို တချို့တွေလည်း စမ်းသပ်သုံးစွဲဖူးကြမှာပါ။ ဆေးခြောက်ဟာ စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးဝါး ဟုတ်မဟုတ်၊ လူ့ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြင်းရှိမရှိ ဒါတွေဟာ ငြင်းခုန်နေကြဆဲအရာတွေ ဖြစ်ပါတယ်။ကမ္ဘာ့နိုင်ငံ အများအပြားနည်းတူ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဆေးခြောက်ဟာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးတစ်မျိုးအဖြစ် သတ်မှတ်ခံထားရပြီး လက်ဝယ်တွေ့ရှိရင်၊ သုံးစွဲရင်၊ ရောင်းဝယ်ဖောက်ကားရင် ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့ မူးယစ်ဆေးတစ်မျိုး ဖြစ်ပါတယ်။ တောင်အမေရိက နိုင်ငံအချို့၊ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်အချို့၊ နယ်သာလန်နိုင်ငံရဲ့ ကော်ဖီဆိုင်အချို့ စသဖြင့် ဆေးခြောက်ကို တရားဝင်သုံးစွဲနိုင်တဲ့ နေရာတွေလည်း ရှိနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆောင်းပါးလေးမှာတော့ ဆေးခြောက်ရဲ့ လူ့ခန္ဓာကိုယ်အပေါ် အကျိုးသက်ရောက်မှုတွေကို ဥပဒေရှုထောင့်ထက် ဆေးပညာရှုထောင့်ကနေ ဆွေးနွေးမျှဝေပေးသွားမှာပါ။

  

ဆေးခြောက်ဆိုတာ ဘာလဲ။

 

ဆေးခြောက်ကို Cannabis sativa ဆိုတဲ့ အပင်တစ်မျိုးကနေရရှိပြီး သူ့မှာပါဝင်တဲ့ THC ဆိုတဲ့ ဓာတ်တစ်မျိုး ဟာ လူကို ‘ကောင်း’စေ (သိုးဆောင်းအခေါ်နဲ့ ဆိုရင်တော့ high စေ)ပါတယ်။ ဆေးခြောက်မှာ ပါဝင်တဲ့ THC နဲ့ အပေါင်းအပါတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို အကျိုးသက်ရောက်မှုများစွာ ရှိစေနိုင်ပါတယ်။

  

ဆေးခြောက်ကို ဘယ်လိုနည်းလမ်းတွေနဲ့ အသုံးပြုကြသလဲ။

 

မြန်မာနိုင်ငံမှာတော့ ဆေးခြောက်ကို ဆေးပေါ့လိပ်ထဲ ထည့်လိပ်ပြီး သောက်လေ့ရှိကြကာ တခြားနိုင်ငံတွေ မှာတော့ ဆေးခြောက်ကို အိုးနဲ့ သောက်ကြသလို အစားအစာတွေ(ဥပမာ ဘရောင်နီကိတ်၊ ကွတ်ကီး၊ လော်လီပေါ့ စသဖြင့်)ထဲကိုလည်း ထည့်သွင်း ပြုလုပ်လေ့ရှိပါတယ်။ ရေနွေးကြမ်းအဖြစ် သုံးစွဲကြသူတွေလည်း ဒုနဲ့ဒေးပါ။ ဒါပေမယ့် ဘယ်လိုနည်းလမ်းနဲ့ပဲ သုံးစွဲသုံးစွဲ ဆေးခြောက်ရဲ့ အာနိသင်ဟာ သင့်ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်း အားလုံးဆီကို ရောက်ရှိမှာပဲ ဖြစ်ပါတယ်။

 

 ဆေးခြောက်က လူ့ခန္ဓာကိုယ်အပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိသလဲ။

 

ရုပ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများ

 

ဆေးခြောက်စတင်သုံးစွဲပြီဆိုတာနဲ့ အကျိုးသက်ရောက်မှုတွေကို စတင်မြင်တွေ့ရမှာဖြစ်ပြီး ၃-၄နာရီအတွင်းမှာ ပျက်ပြယ်သွားမှာ ဖြစ်ပါတယ်။

 

ဆေးခြောက်ဟာ သင့်နှလုံးခုန်နှုန်းကို သုံးနာရီတာကာလအတွင်းမှာ နှစ်ဆတိတိ ပိုမြန်စေပါမယ်။ ဒါကြောင့် နှလုံးရောဂါအခံရှိသူတွေဟာ ဆေးခြောက်သုံးစွဲပြီးပြီးချင်းမှာပဲ နှလုံးထဖောက် တတ်ကြ တာပါ။

 

ဆေးခြောက်ဟာ သွေးထွက်နှုန်းကို များစေပါတယ်။ သွေးပေါင်ကို ကျစေပြီး သွေးတွင်းသကြားဓာတ် ပမာဏကိုလည်း အနှောင့်အယှက် ပြုပါတယ်။

 

ဆေးခြောက်ဟာ အဆုတ်ကင်ဆာဖြစ်ပွားနိုင်ချေကို ပိုများစေခြင်း ရှိ မရှိကိုတော့ ကျွန်တော်တို့ မသိရှိရသေးပါဘူး။ ဒါပေမယ့် ဆေးခြောက်ပုံမှန်သုံးစွဲသူတွေဟာ ချောင်းတောက်လျှောက် ဆိုးနေတာ မျိုး၊ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ(ဥပမာ အအေးမိတာ၊ အဆုတ်ပိုးဝင်တာ)ကို မကြာခဏ ခံစားရလေ့ရှိတဲ့အတွက် ဆေးခြောက်ဟာ အဆုတ်ကို အနည်းနဲ့အများ ထိခိုက်စေတယ်ဆိုတာ ကိုတော့ ယေဘုယျအားဖြင့် ကောက်ချက်ချနိုင်ပါတယ်။

 

မူးဝေငိုက်မျဉ်းခြင်း၊အသက်ကို ခပ်မျှဉ်းမျှဉ်းသာ ရှုခြင်း၊ မျက်လုံးနီရဲခြင်း၊ သူငယ်အိမ်ကျယ်ခြင်း၊ အာခြောက်ခြင်း၊ ခံတွင်းလိုက်ခြင်း စတဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိလာမှာဖြစ်ပါတယ်။

 

ဆေးခြောက်ဟာ ဆုံးဖြတ်ချက်ချနိုင်စွမ်း၊ အခြေအနေတခုအပေါ် တုံ့ပြန်နိုင်စွမ်းကို နှေးကွေး လျော့နည်းစေတာမို့ ဆေးခြောက်သုံးစွဲပြီး ကားမောင်းရင် ကားမတော်တဆဖြစ်နိုင်ချေ နှစ်ဆ ပိုများတယ်လို့ ဆိုပါတယ်။

 

တကယ်လို့သင်ဟာ ဆေးခြောက်ကို ကာလကြာရှည်သုံးစွဲပြီးမှ ဖြတ်လိုက်မယ်ဆိုရင် ဆေးဖြတ်လက္ခဏာ တွေအဖြစ် အထက်မှာ ဖော်ပြခဲ့တဲ့ အာနိသင်တွေရဲ့ ပြောင်းပြန် လက္ခဏာတွေကို ခံစားရမှာပါ။

  

စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုများ

 

ဆေးခြောက် ‘ကောင်း’နေတဲ့အခါ ပျော်ရတယ်၊ စိတ်ဖြေလျှော့မှုရှိတယ် ဒါမှမဟုတ် ပကတိလက်တွေ့ဘဝ ကနေ ခေတ္တလွတ်မြောက်စေတယ်ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် ဆေးခြောက်ကို သုံးစွဲကြပါတယ်။ ဒါပေမယ့် အောက်ဖော်ပြပါ မလိုလားအပ်တဲ့ အကျိုးသက်ရောက်မှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါသေးတယ်။

 

  အချိန်ကာလ မည်ရွေ့မည်မျှကြာသွားပြီ၊ ကုန်လွန်သွားပြီကို မမှန်းဆနိုင်ခြင်း၊ မသိခြင်း။

 

တွေးချင်ရာ လျှောက်တွေးနေတတ်ခြင်း။

 

မယုံသင်္ကာစိတ်များခြင်း။

 

စိုးရိမ်သောကစိတ်များခြင်း။

 

စိတ်ကျရောဂါခံစားရခြင်း။

 

လတ်တလောကိစ္စလေးများကို မေ့လွယ်ခြင်း။

 

ဒီလက္ခဏာလေးတွေဟာ သင်ဆေးခြောက်သုံးစွဲအပြီး နာရီအနည်းငယ်အကြာမှာ ပျက်ပြယ်သွားမှာပဲ ဖြစ်ပါတယ်။

  

ဆေးခြောက်က စွဲတတ်လား။ ဘာအန္တရာယ်တွေရှိသလဲ။

 

သင်ကြားဖူးထားတာ တစ်မျိုးဖြစ်ကောင်းဖြစ်နေနိုင်ပေမယ့် ဆေးခြောက်ဟာ တကယ်ပဲ ဆွဲတတ်ပြီး ဆေးခြောက်သုံးစွဲသူ ဆယ်ယောက်မှာ တယောက်ဟာ ဆေးစွဲသွားနိုင်ပါတယ်။ ဒါဟာ ဆေးခြောက်မှာ ပါဝင်တဲ့ THC ပမာဏနဲ့လည်း တိုက်ရိုက်သက်ဆိုင်မှု ရှိနေနိုင်ပါတယ်။ သင့်မှာ နဂိုကတည်းက နှလုံးရောဂါ၊ အသည်းရောဂါ၊ ဆီးချိုရောဂါ၊ သွေးပေါင်ကျတတ်တဲ့ရောဂါ စတာတွေ ရှိနေမယ်ဆိုရင် ဆေးခြောက်ဟာ သင့်အတွက် ပိုပြီး အန္တရာယ်များပါတယ်။ ဆေးခြောက်ဟာ အမျိုးသားတွေရဲ့ တက်စတိုစတီရုန်းဟော်မုန်း (ကျားဟော်မုန်း)ပမာဏကို လျော့ကျစေတာမို့ သုတ်ကောင်တွေရဲ့ အရေအတွက်ရော၊ အရည်အချင်းပါ ကျဆင်းလာတတ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ လိင်စိတ်လျော့နည်းတာ၊မျိုးမအောင်တာတွေ ဖြစ်လာနိုင်ပါတယ်။

  

ဒါ့အပြင် ဆေးခြောက်ဟာ စိတ်ကျရောဂါတွေဆီ ဦးတည်နိုင်ပြီး မိမိကိုယ်ကို သတ်သေချင်စိတ်တွေကိုပါ နှိုးဆွပေးတယ်လို့ ဆိုပါသေးတယ်။

  

ဒီလောက်ဆိုရင် နာမည်ကျော် ဆေးခြောက်အကြောင်းကို နည်းနည်းတော့ တီးမိခေါက်မိ ရှိသွားလောက်ပါပြီ။ ကိုယ့်ကျန်းမာရေးအတွက် ကောင်းတဲ့အရာလား၊ ဆိုးတဲ့အရာလားကတတ် မိမိကိုယ်တိုင်သာ ဆုံးဖြတ်ကြပါ တော့။

  

"ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့်ဆေးပညာဝက်ဘ်ဆိုဒ် Helloဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်" 

 

http://myanmardigital.news/sites/default/files/hello%2011_63.jpg