တွေ့ဆုံမေးမြန်း

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

သတင်း- တာရာ၊ ကေကေ၊

သီသီမင်း၊ မင်းသစ်(MNA)

ဓာတ်ပုံ- နေလင်း

 

မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုပညာဌာန ဆေးတက္ကသိုလ် (၂)၊ ရန်ကုန်၊ မြောက်ဥက္ကလာပ သင်ကြားရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီးနှင့် အမေရိကန်နိုင်ငံ Detroit မြို့ Henry Ford Hospital မှ Prof. Jack Rock ဦးဆောင်သော ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုအဖွဲ့တို့သည် FIENS (Foundation for International Education in Neurological Surgery) ၏ အစီအစဉ်ဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာမှစတင်၍ မြန်မာနိုင်ငံတွင် ဦးနှောက်နှင့် အာရုံကြောခွဲစိတ်မှုဆိုင်ရာ လူနာများကို နှစ်စဉ် နိုဝင်ဘာလတိုင်း နှစ်ပတ်ကြာနေထိုင်ပြီး ဦးနှောက်နှင့် အာရုံကြောခွဲစိတ်မှုဆိုင်ရာ လူနာများကို လာရောက်ကုသပေးလျက်ရှိသည်။

အဆိုပါဆရာဝန်ကြီး Prof. Jack Rock နှင့်အဖွဲ့သည် လူနာများအား ခွဲစိတ်ကုသခြင်း၊ နောက်ဆုံးပေါ်ခွဲစိတ်နည်းများကို မြန်မာနိုင်ငံဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ဆရာဝန်များအား သင်ကြားပေးခြင်းနှင့် ပူးပေါင်း၍ခွဲစိတ်ကုသခြင်း၊ အဆင့်မြင့်ခွဲစိတ်ကိရိယာများ သုံးစွဲပုံကို သင်ကြားပြသပေးခြင်း၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်မှုဆိုင်ရာ သင်တန်းများပေးခြင်း၊ ၎င်းတို့ အဖွဲ့တွင်ပါဝင်သော သူနာပြုဆရာမကြီးများက ဦးနှောက်နှင့် အာရုံကြောခွဲစိတ်မှုဆိုင်ရာ သူနာပြုများအား ICU သင်တန်းများကို လက်တွေ့၊ စာတွေ့သင်ကြားပြသပေးခြင်း၊ လူနာများကို မခွဲစိတ်မီနှင့်ခွဲပြီး ပြုစုစောင့်ရှောက်နည်း၊ Biomedical Engineering ဆိုင်ရာ ကျွမ်းကျင်သူက ဆေးရုံသုံးစက်ပစ္စည်းကိရိယာများ ပြင်ဆင်ထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ သင်ကြားပြသပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည့်အတွက် အဆိုပါအဖွဲ့မှတာဝန်ရှိသူများ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုပညာဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
ကျွန်တော်တို့ရဲ့ အဓိကလုပ်ငန်းတစ်ခုက ပြည်သူတွေကို အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေးဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် ကုသရေးအပိုင်းမှာ လုပ်ဆောင်ပေးနေတဲ့ ဆရာဝန်တွေရဲ့ အရည်အသွေးကို မြှင့်တင် လျက်ရှိပါတယ်။ ဒီလိုမြှင့်တင်တဲ့အခါ သင်တန်း တွေပေးတယ်၊ ပြည်တွင်းမှာ လေ့ကျင့် သင်ကြားပေးနေပေမယ့် ကမ္ဘာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ပညာရပ်ဆိုင်ရာ ဖြစ်ထွန်း တိုးတက်မှုအခြေအနေတွေကို သိဖို့လိုတဲ့ အတွက် နိုင်ငံတကာကိုစေလွှတ်ပြီး သင်တန်း တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ တက်ရောက် စေတာ ကျွန်တော်ပြည်ထောင်စုဝန်ကြီး အဖြစ် စတင်တာဝန်ယူတဲ့ ၂၀၁၆ ခုနှစ် ဧပြီလကနေ ယခုအချိန်အထိ ၇၀၀၀ လောက် ရှိပါပြီ။

ခြောက်လအထက် သင်တန်း တက်ရောက်သူက ၃၀၀ လောက်ရှိပါတယ်။ ခြောက်လအောက် သင်တန်းတက်ရောက်သူ က ၁၄၀၀ လောက် ရှိပါတယ်။ ဒါတင်မက သေးပါဘူး။ ပါရဂူဘွဲ့တက်တဲ့ သူကလည်း ၆၀ လောက် ရှိပါတယ်။ မဟာသိပ္ပံဘွဲ့တက်တဲ့ သူက ၁၀၀ လောက်ရှိပါတယ်။ ဒါတွေက အရည်အသွေးမြှင့်တဲ့အပိုင်းပါ။ ဒီလိုသင်ကြား ပြီး ပြန်လာသူတွေကနေ ပြည်သူတွေကို အရည်အသွေးပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးမှာ ဖြစ်တဲ့အတွက် ပြည်သူတွေအတွက် အကျိုးရှိမှာပါ။

ကျွန်တော်တို့နိုင်ငံကို ဖွံ့ဖြိုးပြီးနိုင်ငံ တွေက နှလုံး၊ ကျောက်ကပ်၊ အသည်း၊ အစာ အိမ်လမ်းကြောင်းရောဂါနဲ့ ပတ်သက်တဲ့ ပညာရှင်အဖွဲ့တွေလာပြီး သင်တန်းပေးတာ တွေလည်း ရှိပါတယ်။ ယခုလတ်တလောမှာ မြောက်ဥက္ကလာပဆေးရုံကြီးကို အမေရိကန် နိုင်ငံ Detroit မြို့က Henry Ford ဆေးရုံက ပါမောက္ခ Jack Rock ဦးဆောင်တဲ့ ဦးနှောက် နှင့်အာရုံကြောခွဲစိတ်ကုအဖွဲ့က လာရောက် နေတာရှိပါတယ်။ သူတို့အဖွဲ့က သင်တန်း ဆရာ၊ သူနာပြုဆရာမကနေ စက်ပစ္စည်း ပြင်မယ့်သူအထိ အကုန်ပါပါတယ်။ ဒီမှာ သင်ကြားပေးတဲ့အခါမှာလည်း နောက်ဆုံး ပေါ် ခွဲစိတ်ကုသနည်းပညာတွေကို သင်ကြား ပေးပါတယ်။ ပစ္စည်းကိရိယာတွေလည်း ပါတယ်။ စက်ကိရိယာတွေကလည်း ကောင်း တယ်၊ ခေတ်မီစက်ကိရိယာတွေရဲ့ အကူအညီ နဲ့ ခွဲစိတ်တဲ့အတွက် အများကြီးအကျိုးရှိ တယ်။ ပါမောက္ခ Jack Rock က နှစ်ပတ်တစ်ခါ ကျွန်တော်တို့ မြန်မာနိုင်ငံက ဆရာဝန်တွေနဲ့ Skype မှတစ်ဆင့် online ကဆွေးနွေးလျက်ရှိ ပါတယ်။ ဒါတွေကို ဗီဒီယိုမှတ်တမ်းတင်ခိုင်း ပြီးတော့ မြောက်ဥက္ကလာဆေးရုံတင်မကဘူး၊ တစ်နိုင်ငံလုံးက ဦးနှောက်နှင့်အာရုံကြော ဆရာဝန်တွေကို ဖြန့်ဝေပေးမှာ ဖြစ်ပါတယ်။

ပြည်ပမှ ပါမောက္ခ Jack Rock တို့က လည်း လာရောက်သင်ကြားပေးနေသလို ပြည်တွင်းမှာလည်း ဦးနှောက်နှင့် အာရုံကြောနဲ့ သက်ဆိုင်တဲ့ မာစတာဘွဲ့အတွက် နှစ်စဉ် ၁၆ ဦးလောက် ခေါ်ယူလေ့ကျင့်မွေးထုတ်ပေးနေ ပါတယ်။ မာစတာဘွဲ့ရထားတဲ့ ဆရာဝန်တွေ ကလည်း ကြိုးစားကြတယ်၊ သင်ယူတတ် မြောက်လွယ်ကြပါတယ်လို့ ပါမောက္ခ Jack Rock က ချီးကျူးပါတယ်၊ ဒီအတွက်လည်း အင်မတန်ဂုဏ်ယူပါတယ်။

လက်ရှိအချိန်မှာ ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး၊ မြောက်ဥက္ကလာပဆေးရုံကြီး၊ မန္တလေး ပြည်သူ့ဆေးရုံကြီးနဲ့ နေပြည်တော် ခုတင် (၁၀၀၀)ဆံ့ဆေးရုံကြီးတွေမှာ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုဌာနများ ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါတယ်။ မကြာမီကာလမှာ မကွေးပြည်သူ့ ဆေးရုံကြီးနဲ့ တောင်ကြီးစဝ်စံထွန်းဆေးရုံတွေ မှာလည်း ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး စီစဉ် ဆောင်ရွက်နေပါတယ်။

ဆက်လက်ပြီးတော့လည်း ဦးနှောက်နှင့် အာရုံကြောဆိုင်ရာထိခိုက်ဒဏ်ရာရ လူနာများရဲ့ အသက်ကို ကယ်တင်နိုင်ဖို့၊ အရေးပေါ် ကျန်းမာ ရေးစောင့်ရှောက်မှုပေးနိုင်ဖို့ မြို့နယ်ဆရာဝန်၊ တိုက်နယ်ဆရာဝန်တွေရဲ့ ဦးနှောက်နှင့်အာရုံ ကြောဆိုင်ရာ အခြေခံခွဲစိတ်ကုသမှုစွမ်းဆောင် ရည်များ မြင့်မားလာစေရေးအတွက် သင်တန်း တွေ ပေးသွားဖို့ရှိပါတယ်။

 

ပါမောက္ခ ဒေါက်တာဝင်းမြိုင်

ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုပါမောက္ခ၊ ပါမောက္ခဌာနမှူး၊ မြောက်ဥက္ကလာပဆေးရုံကြီး
မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှာ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုဌာနကို ၂၀၁၇ ခုနှစ် မေလ ၂ ရက်နေ့မှာ စပြီးတော့ ဖွင့်လှစ်ခဲ့ပါတယ်။ နဂိုတုန်းကတော့ ရန်ကုန် ဆေးရုံကြီးမှာ ဌာနတစ်ခုအနေနဲ့ ဖွင့်လှစ်ခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံကြီးမှာ လိုအပ်ချက် အရ၊ သက်ဆိုင်ရာလူကြီးတွေရဲ့ လမ်းညွှန်မှုအရ စတင်ပြီး ကျွန်တော်ဦးဆောင်ပြီးတော့ ၂၀၁၇ ခုနှစ် မေလ ၂ ရက်နေ့ကနေ စတင်ဖွင့်လှစ်ခဲ့ပါ တယ်။
ကမ္ဘာ့ဦးနှောက်နှင့် အာရုံကြောခွဲစိတ်မှု ပညာတိုးတက်ရေးအဖွဲ့ဆိုတာ ရှိပါတယ်။ အဲဒီ အဖွဲ့ကြီးရဲ့ အစီအမံနဲ့ ၂၀၁၂ ခုနှစ်ကစပြီးတော့ အမေရိကန်နိုင်ငံ Detroit မြို့က Henry Ford Hospital ဆေးရုံကြီးက ပါမောက္ခ Jack Rock ဦးဆောင်တဲ့အဖွဲ့နဲ့ ကျွန်တော်တို့သွားပြီးတော့ ချိတ်မိပါတယ်။ သူတို့က မြန်မာပြည်ကို လာချင်တယ်။ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်မှုပညာ တိုးတက်အောင်၊ မြင့်မားအောင် ကူညီချင်တယ်ဆိုပြီး ကျွန်တော်တို့နဲ့လာပြီး တော့ ချိတ်ဆက်တဲ့အတွက် ကျွန်တော်တို့က ကြိုဆိုပါတယ်။ ၂၀၁၂ ခုနှစ်ကစပြီး နှစ်စဉ် နှစ်တိုင်း နိုဝင်ဘာလမှာ ရောက်လာတာ ခုဆိုရင် ခုနစ်နှစ် ရှိသွားပါပြီ။

နှစ်စဉ်နိုဝင်ဘာလမှာ ကျွန်တော်တို့ဆီက မြန်မာပြည်မှာခွဲရခက်တဲ့ လူနာမျိုးတွေ၊ သူတို့ စိတ်ဝင်စားမယ့်ဟာမျိုးတွေ၊ တချို့ကပစ္စည်း ကိရိယာလိုတဲ့ ဟာမျိုးတွေဆို သူတို့နဲ့ ကြိုပြီး ကျွန်တော်တို့က ချိတ်ထားတယ်၊ လူနာတွေကို လည်း ကြိုပြီးချိန်းထားလိုက်တယ်၊ လွန်ခဲ့တဲ့ သုံးလေးလလောက်ကတည်းက လူနာတွေကို ကြိုပြီး ချိန်းထားလိုက်တယ်။ ဒီရက်ဒီရက်တွေ တော့ပြန်လာပါ။ အမေရိကန်က ဆရာဝန်ကြီး တွေလာမယ်၊ ကုသပေးမယ်ဆိုပြီးတော့ ပြော ထားတယ်။ လိုအပ်တဲ့ ပစ္စည်းတွေကိုလည်း သူတို့အဖွဲ့ကို လှမ်းပြီးပြောထားတယ်။ သူတို့က သယ်လာပေးတယ်။

ဒီတစ်ခေါက်ဆိုရင် ခုနပြောတဲ့နယ်တွေမှာ CT SCAN လို့ခေါ်တဲ့ ကွန်ပျူတာ ဓာတ်မှန်မရှိ သေးတဲ့ နယ်တွေမှာ ခေါင်းခိုက်မိတဲ့လူနာတွေ ခေါင်းထဲသွေးထွက်၊ မထွက်ကို အမြန်စမ်းသပ် တဲ့ကိရိယာ INFRASCAN လို့ခေါ်တယ်။ အဲဒါက ပေါ်တာမကြာသေးဘူး၊ အမေရိကန်မှာ ဒေါ်လာ တစ်သောင်းခွဲ လောက်ရှိတယ်။ အဲဒါကိုပါ သူတို့တစ်ခါတည်း သယ်လာပေးတယ်။ အသုံးပြုနည်းကိုသင်ပေးမယ်၊ ပြီးရင်တစ်ခါ တည်း လှူသွားမယ်။ ခွဲစိတ်ဆရာဝန်မရှိတဲ့ နေရာမှာ အမြန်ဆုံးခေါင်းထဲမှာ သွေးထွက်၊ မထွက်စမ်းသပ်နိုင်တယ်၊ ဒါကြောင့်မို့ လူနာ တွေရဲ့အသက်ကို ကယ်တဲ့နေရာမှာ အများကြီး ကို အထောက်အကူပြုတဲ့ ပစ္စည်းဖြစ်ပါတယ်။ သယ်ရတာလည်းလွယ်တယ်၊ အိတ်ထဲထည့်ပြီး သယ်သွားရုံပါပဲ။ ဘာမှပင်ပင်ပန်းပန်းလည်း မရှိဘူး။ အဲဒီလိုခေတ်မီပစ္စည်းတွေ သူတို့ ယူလာကြတယ်။

နောက်တစ်ခါ သူ့ဆေးရုံမှာလုပ်တဲ့ အုပ်ချုပ်မှုဒါရိုက်တာတွေ ပါလာတယ်။ ကျွန်တော်တို့ဆီကို ပစ္စည်းတွေ သယ်လာ တယ်။ လူနာတွေကို ခွဲစိတ်ပေးတယ်။ ဒီက ဆရာဝန်တွေကို စာတွေသင်ပေးတယ်။ ပြီးတော့ တစ်နှစ်ကို နှစ်ယောက် အမေရိကန် နိုင်ငံ သူတို့ရဲ့ ဆေးရုံကို သင်တန်းပေးဖို့ခေါ်သွား တယ်။ နှစ်လခေါ်တယ်။ ဒီနှစ်လည်း နောက်ထပ် နှစ်ယောက် ပို့ဖို့ အစီအစဉ်ရှိပါတယ်။

နှစ်စဉ်နှစ်တိုင်းတော့ သူတို့ကနှစ်ပတ် နေတယ်၊ နိုဝင်ဘာ ၂ ရက်နေ့က စတယ်။ ကျွန်တော်တို့ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ် တာကလည်း လူနာတစ်ယောက်ကို အနည်းဆုံး ၅ နာရီ၊ ၆ နာရီကြာတယ်။ တစ်ရက်ကို အများဆုံး နှစ်ယောက်၊ သုံးယောက်လောက်ပဲ ခွဲနိုင်တယ်ဆိုတော့ ပြီးခဲ့တဲ့အခေါက်တွေ မှာဆို တစ်ခေါက် တစ်ခေါက်ကို အနည်းဆုံး လူနာ ၂၀ လောက်ကို ခွဲစိတ်ပေးခဲ့တယ်။ ဒီတစ်ခေါက်ကိုလည်း လူနာတွေ စုထားတယ်။ လူနာတွေလည်း ပြပြီးသွားပြီ။ ဘယ်ရက် ဘယ်ရက်ကို ခွဲမယ်ဆိုတဲ့ အကြမ်းဖျင်း တောင်သိပြီးသွားပြီ။ အခုလောလောဆယ် ခွဲပြီးတာ လေးယောက်ရှိသွားပါပြီ၊ နိုဝင်ဘာ ၂ ရက်နေ့ကစ ခွဲတယ်။ ၃ ရက်နဲ့ ၄ ရက်က ပိတ်ရက်ပေါ့။ သူတို့နဲ့ ပူးပေါင်းပြီးတော့မှ အမေရိကန်- မြန်မာ- ကိုရီးယား Neurosur- gery meeting ဆိုပြီးတော့မှ ဆရာဝန်အငယ် လေးတွေအတွက် အတွေ့အကြုံရအောင် ကိုရီးယားက ပါမောက္ခသုံးယောက်ကို ဖိတ်လိုက်ပါတယ်။ ဖိတ်ပြီးတော့မှ အမေရိကန် အဖွဲ့နဲ့၊ ကိုရီးယားအဖွဲ့နဲ့ ကျွန်တော်တို့ဆီက ဆရာတွေ အားလုံးပေါင်းပြီးတော့ သင်တန်း သားအငယ်တွေကို ဆွေးနွေးပို့ချတယ်။

ကျွန်တော်က ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ကုဌာနကို ရောက်တာ ၁၉၉၀ ပြည့်နှစ်မှာ စရောက်ပါတယ်၊ အဲဒီကတည်းက မြန်မာနိုင်ငံ မှာ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုဆရာဝန် တွေက ၂၀၁ဝ ပြည့်နှစ်အထိ လက်ချိုးရေလို့ ရတယ်။ နောက်ပိုင်းကျတော့ ခုနပြောသလိုပဲ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာရောဂါတွေ အထူးသဖြင့် နောက်ပိုင်းမှာ မော်တော် ဆိုင်ကယ်တွေ တအားသုံးကြတယ်။ မတော် တဆဖြစ်မှုတွေများတယ်ဆိုတော့ နယ်တွေ မှာ ဦးနှောက်ခွဲစိတ်ဆရာဝန်တွေ မရှိဘူး။ အထွေထွေ ခွဲစိတ်ဆရာဝန်တွေကပဲ နိုင်သ‌လောက်လုပ်ကြတာပေါ့၊ ကောင်းတာ တွေလည်း ရှိတယ်၊ အသက်ဆုံးရှုံးမှုတွေ ရှိတယ်။ ပါမောက္ခ Jack Rock ရောက်လာတဲ့ အချိန် ဒါမဖြစ်သင့်ဘူး၊ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ ၂၀၁၂ မှာ တိုင်ပင်ကြတယ်။ ကျွန်တော်တို့တုန်းကတော့ ဦးနှောက်နှင့် အာရုံ ကြောကုဌာနကို လာချင်ရင် အထွေထွေ ခွဲစိတ်ကုသင်တန်းကို သုံးနှစ်တက်ရတယ်။ အဲဒါ ပြီးတော့မှ ခွဲစိတ်ကုဖြစ်တာ၊ တစ်ခါ တလေ တစ်နှစ်မှာ တစ်ယောက်၊ နှစ်နှစ်မှာ တစ်ယောက်လောက်ပဲ ရောက်တာ။

ဒီတော့သူတို့က အကြံပေးတာ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသင်တန်းကို တိုက်ရိုက် ဖွင့်လိုက်ပါ။ လူအင်အားတိုးလာမယ်ဆိုပြီး သူတို့က အကြံပေးတယ်။ ကျွန်တော်လည်း ဝန်ကြီးရုံးကို သူတို့ကို ခေါ်သွားတယ်။ ကျန်းမာရေးဝန်ကြီးနဲ့ ပေးတွေ့တယ်။ သူကလုပ်သင့်လုပ်ထိုက်တာ တင်ပြတယ်။ မြန်မာနိုင်ငံရဲ့ ဦးနှောက်နှင့် အာရုံကြော ဆရာဝန်တွေ အရေအတွက် တိုးပွားလာ အောင်၊ အကျိုးရှိလာအောင် တင်ပြတာတွေ လုပ်တယ်။ နောက်တော့ ဝန်ကြီးဌာနက သုံးနှစ်သင်တန်း ဖွင့်လိုက်တယ်။ ဆေး(၁)၊ ဆေး(၂)၊ ဆေး (မန်း) ဆိုပြီး သုံးကျောင်းဖွင့် လိုက်တာ အခုဆိုရင် ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်မှု တိုက်ရိုက်တက်နေတဲ့ ကျောင်းသား ပေါင်း ၆၀ လောက်ရှိနေပြီ။ သုံးနှစ်သင်တန်း တက်ပြီးတဲ့အတွက် အဲဒီ ဆရာဝန်တွေက ဦးနှောက်နှင့် အာရုံကြော အရေးပေါ်ထိခိုက် တဲ့အခါမှာ ကျွမ်းကျွမ်းကျင်ကျင် သူတို့ ခွဲနိုင်သွားပြီ။ မကြာခင်မှာ သူတို့ တစ်နှစ် လောက်ထားပြီးရင် နယ်ဆေးရုံတွေကို ပို့တော့မယ်။ နယ်ဆေးရုံမှာ အထွေထွေ ခွဲစိတ်ဆရာဝန်တွေ ခွဲမယ်ဆိုရင် သုံးနှစ် လေ့ကျင့်သင်ကြားထားတဲ့ ကျွန်တော်တို့ ဆရာဝန်တွေခွဲရင် လူနာတွေအတွက် အများကြီးအကျိုးရှိတယ်။
ဒီလို အမေရိကန်က လာခွဲတာ ခုနစ်နှစ် ရှိပြီ၊ ခက်ခက်ခဲခဲ ခွဲစိတ်ရမယ့်ကိစ္စတွေကို သူတို့နဲ့ပေါင်းလုပ်လိုက်တော့ လူနာလည်း ကောင်းတယ်။ စာအုပ်ထဲမှာ ဖတ်လို့မရတဲ့ ပူးပေါင်းခွဲစိတ်ခြင်းအကျိုးတွေ အများကြီး တွေ့ရတယ်။ တချို့သယ်လာတဲ့ ပစ္စည်းတွေက ဒီမှာမရှိတဲ့ဟာတွေဆိုတော့ ဒီကလူတွေ ကိုင်တွယ်တတ်သွားတယ်။ အရင်ကဆိုရင် ထိုင်းတို့၊ စင်ကာပူတို့ သွားရတယ်၊ အနည်းဆုံး သိန်း ၃၅၀ ကျော်လောက် ကုန်တယ်။ အခု သူတို့လာတော့ ကျွန်တော်တို့က လူနာ ထည့်ပေးလိုက်ရင် ၁၀ သိန်းတောင် မကုန်ဘူး။ ဒီတော့လူနာအတွက် အကျိုးရှိတယ်၊ ဆရာဝန်တွေအတွက် ပညာတွေ အများကြီး ရတယ်။ ဒီဆရာဝန်တွေက ပုံမှန်ဆိုတစ်နှစ်မှာ တစ်ကြိမ်ပဲ လာတယ်။ သူကလူနာတွေ ခွဲစိတ် ပေးရတာ အလွန်သဘောကျတာဖြစ်တဲ့ အတွက် နှစ်စဉ် နှစ်တိုင်းလာတယ်။ ကျွန်တော် တို့ဆီက သင်တန်းသားတွေကို သင်ပေးတယ်။ မနှစ်ကစပြီး ဘာလုပ်လဲဆိုတော့ အမေရိကန် နိုင်ငံ ပြန်သွားရင် Skype ကနေပြီး နှစ်ပတ် တစ်ခါ ဆွေးနွေးသင်ကြားတာတွေ လုပ်တယ်။ ဌာနတိုးတက်အောင် စိတ်ပါလက်ပါနဲ့ ကြိုးစား ပေးနေတဲ့ ဆရာဝန်ကြီးတစ်ယောက် ဖြစ်ပါ တယ်။ ဌာနအတွက် ပြောမပြနိုင်လောက်အောင် တိုးတက်လာမယ်။ လူနာတွေ အတွက်လည်း ကောင်းမယ်။ နောက်ဆုံးကတော့ တိုင်းပြည်၊ မျိုးဆက်သစ်ခွဲစိတ်ဆရာဝန်တွေ စက်ပစ္စည်း ကိရိယာတွေကို လွယ်လွယ်ကူကူ ကိုင်တွယ် တတ်သွားပြီ။ ပြီးရင်သူက အမေရိကန်ကို ခေါ်သွားပြီး နှစ်လသင်တန်းပေးသေးတယ် ဆိုတော့ ဘာမှပြောစရာမရှိတော့တာပါ။

ကျွန်တော်တို့ခေတ်တုန်းက ဦးခေါင်းထဲက အကျိတ်ကို ထုတ်ဖို့နေနေသာသာ ခေါင်းခွံ ဖွင့်ဖို့တောင် နှစ်နာရီလောက်ကြာတယ်။ ပစ္စည်းကိရိယာမစုံတာ နိုင်ငံခြားမှာ မော်တာ တွေနဲ့လုပ်တဲ့အချိန်မှာ ကျွန်တော်တို့က ခေါင်းကို ကွမ်းညှပ်ကိုက်တဲ့ဟာမျိုးနဲ့ ကိုက်ရတဲ့အခါကျတော့ သိပ်အဆင်မပြေဘူး။ ခုခေတ်လူငယ်တွေကျတော့ အတော် ကံကောင်းတယ်၊ နည်းပညာအသစ်တွေ ရတယ်။ နိုင်ငံတော်ကလည်း ဖြည့်ဆည်း ပေးတာပါတယ်။ ခုဆိုခေါင်းခွံက ၁၅ မိနစ် လောက်ဆို ဖွင့်လို့ရပြီ၊ အချိန်မကုန်ဘူး၊ လူလည်း သက်သာတယ်၊ သွေးလည်း မထွက် ဘူး။ တော်တော်ကြီးကို အဆင်ပြေသွားတယ်။ ခေတ်က အများကြီးပြောင်းသွားပြီ။ ကျွန်တော်တို့ ငယ်ငယ်ကကြားဖူးတာကတော့ ဦးနှောက် အာရုံကြောခွဲရင် သေမှာပဲဆိုတဲ့ အယူအဆတွေ၊ ခုက အကျိတ်ခွဲလို့သေတဲ့ သူဆိုတာ မရှိသလောက်ကို နည်းသွားပြီ။ တစ်ခုပဲ။ မတော်တဆဖြစ်တယ်၊ သူဒဏ်ရာ သိပ်ပြင်းထန်တယ်ဆိုရင်တော့ ကယ်လို့မရဘူး ပေါ့၊ လူနာကိုပြုစုစောင့်ရှောက်တာ၊ မေ့ဆေးတွေ ကလည်း ကောင်းလာတယ်၊ လူနာတွေရဲ့အသေ အပျောက်နှုန်းတွေကလည်း နည်းလာတယ်၊ ရာခိုင်နှုန်းအများကြီး တိုးတက်လာတယ်။

 

ပါမောက္ခဒေါက်တာကြည်လှိုင်
ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုဌာန၊

မြောက်ဥက္ကလာပဆေးရုံကြီး

လွန်ခဲ့တဲ့ ၁၀ နှစ်တာ ကာလတုန်းက ဦးနှောက်ခွဲစိတ်တဲ့ ဆရာဝန်က တစ်တိုင်း ပြည်လုံးမှာ ၁၀ ယောက်တောင် မပြည့်ဘူး၊ ခွဲစိတ်တဲ့ဌာနက ရန်ကုန်မှာ နှစ်ခု ရှိတယ်၊ မန္တလေးမှာ တစ်ခု ရှိတယ်။ အဲဒီကနေမှ ခွဲစိတ် မှုတွေ လုပ်လာကြတယ်။ အဲဒီထဲက ကျွန်တော် တို့ဌာနကို အလည်လာတဲ့ နိုင်ငံခြားသား တစ်နှစ်မှာ တစ်ယောက်မရှိဘူး။ ကျွန်တော်တို့ ဌာနနဲ့ အပြင်လောကရဲ့ ဆက်ဆံရေးက အင်မတန်မှ နည်းပါးတဲ့အတွက် အပြင်မှာ အမေရိကန်၊ ဂျပန်၊ ဥရောပတိုင်းပြည်တွေမှာ ဘယ်လောက် တိုးတက်နေတယ်ဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒီအတွက်ကျွန်တော်တို့ အနာဂတ်ဟာ မကောင်းနိုင်ဘူး။ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှရမယ်။ တစ်ယောက်နဲ့ တစ်ယောက်သင်ယူရမယ်။ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေရှိရမယ်။ ဒါမှ နောင်မျိုးဆက်သစ်တွေအတွက် ပိုကောင်းလာ မယ်လို့ယူဆတယ်။ အဲဒီအတွက် ကျွန်တော်တို့ နိုင်ငံခြားထွက်ပြီး အကူအညီ ရှာတာပါ။ အစိုးရချင်းအကူအညီကတော့ ရှိပါတယ်။ ကျန်းမာရေးကဏ္ဍမှာတောင် ဦးနှောက်ခွဲစိတ် ဌာနက နောက်ဆုံးမှဖြစ်မှာ။ ကျွန်တော်တို့ လုပ်တဲ့ ခေတ်တစ်ခေတ်မှာ တစ်ခုခုလုပ်ပြ ချင်တယ်။ လူငယ်တွေအတွက် ပုံစံကောင်း လေးတွေ ထားချင်တယ်။ ဒါကြောင့် ကျွန်တော် တို့စလုပ်ဖို့ ဆရာဦးဝင်းမြိုင်နဲ့ ကြိုးစားခဲ့တာ ပါ။ အမေရိကန်က ဦးနှောက်နှင့် အာရုံကြော နဲ့ပတ်သက်လို့ အကောင်းဆုံး၊ ခေတ်အမီဆုံး၊ ကမ္ဘာမှာ အကောင်းဆုံးနဲ့မှ ထိတွေ့ချင်တဲ့ အတွက်ကြောင့် မျိုးဆက်သစ်တွေကိုလည်း အကောင်း ဆုံးနဲ့ တွေ့ထိသင်ကြားစေချင်တယ်၊ ဒါမှသာမန်လူတန်းစားတွေအတွက် အကောင်း ဆုံး ဖြည့်ခွင့်ရမှာပါ။

၂၀၁၂ မှာ ဂျာမနီက ပညာရှင်တစ်ယောက် ဒီမှာ တစ်လနေသွားတယ်၊ ကျွန်တော်တို့နဲ့ ပူးပေါင်းပြီး ခွဲစိတ်ခဲ့ကြတယ်၊ ပါမောက္ခ Jack Rock က ဒုတိယလာတဲ့သူပါ။ Henry Ford ဆေးရုံကလာတာ၊ ကျွန်တော်တို့နဲ့ ရင်းနှီးမှုတွေအများကြီး ဖြစ်သွားတယ်။ ကျွန်တော်တို့ဆီက လူတွေအများကြီးလည်း လွှတ်နိုင်တယ်၊ လိုအပ်တဲ့ငွေကြေးတွေ အားလုံး ၁၀၀ ရာခိုင်နှုန်းလောက်အထိ စိုက်ပေးပါတယ်။

မပူးပေါင်းခင်တုန်းက ဒီလိုခွဲစိတ်မှုတွေကို အိပ်မက်တောင်မမက်ခဲ့ပါဘူး။ ခုဆိုရင် သူတို့ ဆီက ပညာတွေအများကြီးရပါတယ်။ ဦးနှောက် ခွဲစိတ်မှုမှာ အရေးအကြီးဆုံးအချက်က Position ပါ။ ကျွန်တော်တို့က လူနာကိုခွဲပြီ ဆိုရင် ခေါင်းကိုခွဲတယ်။ ခွဲပြီးရင် အရိုးကို ဖွင့်တယ်၊ အကျိတ်ကိုရောက်တယ်၊ မိုက်ခရို စကုပ် ဝင်တယ်၊ အန်နိုစကုပ် ဝင်တယ်၊ အဲဒီ တွက်ကို တောက်လျှောက်စဉ်းစားထားပြီးသားဖြစ်ရတယ်။ အဲဒါကို Position လို့ ခေါ်ပါတယ်။ ဦးခေါင်းကို Position မှန်အောင်ထားတာပါ။ Position မှားရင် တောက်လျှောက်မှားပါ တယ်။ တကယ်ကျွမ်းကျင်သူတွေနဲ့တွဲပြီး လုပ်ရတဲ့အတွက် အဲဒီအဆင့်မှာကတည်းက အများကြီးတိုးတက်သွားပါတယ်။ ကျန်တဲ့ အဆင့်တွေကလည်း အဲဒီအဆင့်တိုးတက်ရင် အကုန်တိုးတက်သွားပါတယ်။

ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုဌာနက ရန်ကုန်မှာ နှစ်ခု၊ မန္တလေး တစ်ခု၊ နေပြည်တော် တစ်ခု။ အမှန်တကယ်က ဌာနတွေက တိုင်းဒေသ ကြီးနဲ့ ပြည်နယ် ၁၄ ခုလုံးမှာ ရှိသင့်ပါတယ်။ လူကြီးတွေကလည်း အဲဒီလိုဖြစ်ဖို့ အစီအမံဆွဲ ထားပါတယ်။ ဦးနှောက်နှင့် အာရုံကြော ခွဲစိတ် ကုပညာဘာသာရပ်ကို ၂၀၁၅ လောက်ကစပြီး ဖွင့်ပါတယ်။ နောင်ဆိုရင် မြန်မာနိုင်ငံ တစ်ခုလုံး မှာ ဦးနှောက်ခွဲစိတ်တဲ့ ဆရာဝန်တွေ ပိုများ လာမယ်၊ အဲဒီအတွက် မသေသင့်ဘဲ မသေရ အောင် ကျွန်တော်တို့ လုပ်ဆောင်နိုင်ဖို့ ဖြစ်လာ ပါလိမ့်မယ်။ ကျွန်တော်တို့ ဘယ်လောက်ခွဲခွဲ ICU Support လိုပါတယ်။ ICU Support မပါ ဘဲနဲ့ ကျွန်တော်တို့ ရလဒ်အဖြေက မကောင်း ပါဘူး။ ဒါကြောင့် ICU က ဆရာမတွေကို လေ့ကျင့်ပေးဖို့လည်း လိုပါတယ်။ တခြားခေတ်မီ နည်းစနစ်တွေသုံးဖို့လည်း အရေးကြီးပါတယ်။ ဒါတွေပါမှလည်း ရလဒ်ကကောင်းမှာပါ။ ဒါတွေပြီးရင် ကျွန်တော်တို့က လူနာကို ပြန်လည်သန်စွမ်းအောင် လေ့ကျင့်ပေးရပါ တယ်။ ဦးနှောက်ခွဲစိတ်တဲ့အခါမှာ ပေးရတဲ့ မေ့ဆေး အခန်းကဏ္ဍကလည်း အရေးကြီး ပါတယ်။ သူကကျန်တဲ့မေ့ဆေးနဲ့မတူပါဘူး၊ မေ့ဆေးကလည်း ခြောက်နှစ်၊ ခုနစ်နှစ်လောက် လုပ်ပြီးမှ ကျွမ်းကျင်ပါတယ်။ ကျွန်တော်တို့ဆီမှာ ဦးနှောက်မေ့ဆေးက သက်သက်ရှိပါတယ်။ မြောက်ဥက္ကလာမှာ အဲဒါတွေအားလုံးက တသီးတသန့်တည်းရှိပါတယ်။ တခြားဟာနဲ့ မရောပါဘူး၊ ကျွန်တော်တို့ အတူတွဲခွဲတယ်။ ICU ကလည်း Support ကောင်းတဲ့အတွက် အများကြီးလုပ်လာနိုင်ပါတယ်။ ကလေး လူနာတွေကိုလည်း ထိထိရောက်ရောက် လုပ်ပေးနိုင်ပါတယ်။

ဦးနှောက်မှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေ အတွက် အမြန်ဆုံးခွဲပါတယ်။ တစ်နာရီ အတွင်း ခွဲပါတယ်။ မိနစ် ၃၀ အတွင်းလည်း လုပ်ပေးပါတယ်။ ဒါအမြန်ဆုံးဆောင်ရွက်တာ ပါ။ ကျွန်တော်တို့ဆီက မေ့ဆေးကရော၊ ကျွန်တော်တို့ ခွဲစိတ်ဆရာဝန်တွေကရော အမြန်ဆုံးခွဲစိတ်ပေးပါတယ်။ အရေးကြီးရင် ကြီးသလို အမြန်ဆုံးလုပ်ပေးပါတယ်။

ကျွန်တော်တို့နဲ့ ပူးပေါင်းခွဲတဲ့ အထဲမှာ ပါမောက္ခ Jack Rock က ခွဲစိတ်ဆရာဝန်ပါ။ သူနဲ့အတူတူ လုပ်သက်ရင့်ကျွမ်းကျင်ပညာရှင် တွေ ပါလာပါတယ်။ မြောက်ဥက္ကလာက နား၊ နှာခေါင်း၊ လည်ချောင်းပါမောက္ခဆရာ ဦးဖုန်းမြင့်ထွန်းတို့၊ ဒေါ်မေခင်သိန်းတို့နဲ့ တိုက်ရိုက်ပူးတွဲ ဆောင်ရွက်ပါတယ်။ ပြီးတော့ မှ နား၊ နှာခေါင်းက အုပ်စုတစ်ခု၊ ဦးနှောက်နှင့် အာရုံကြောက အုပ်စုတစ်ခု အကုန်သင်ယူ ကြပါတယ်။ ပြီးတော့ ပူးတွဲလုပ်ဆောင်ကြပါ တယ်။ အဲဒီလိုလုပ်တာ လူနာ ၁၀၀ ကျော် သွားပါပြီ။ ကျွန်တော်တို့ဆီမှာ အများဆုံးပါ။ အကျိတ်မျိုးစုံခွဲဖူးပါတယ်။ နား၊ နှာခေါင်း ဆရာဝန်တွေနဲ့တွဲပြီး လုပ်တာဟာ ဦးနှောက် ရဲ့ အရှေ့ပိုင်း၊ အလယ်ပိုင်း၊ နောက်ပိုင်းတွေ အားလုံးမှာ တွဲပြီးလုပ်ပါတယ်။ ဒီအတွက် လည်း လူနာတွေအတွက် ရလဒ်တွေ ပိုကောင်းပါတယ်။

တစ်ကမ္ဘာလုံးမှာ၂၀ ရာစုနောက်ပိုင်းမှာ ဦးနှောက်ခွဲစိတ်တဲ့ပညာ တိုးတက်လာပါ တယ်။ CT Scan ပေါ်လာတယ်၊ MRI ပေါ်လာ တယ်။ အဲဒါတွေကြောင့် ဦးနှောက်ခွဲစိတ်တဲ့ ပညာဟာ အရင်တုန်းကခက်ခဲတယ်၊ အသက် ရှင်ဖို့ ခက်ခဲတယ်။ ၂၀ ရာစုနှောင်းပိုင်းကစပြီး ဦးနှောက်ခွဲစိတ်တဲ့ဟာက ဘေးကင်းပါတယ်။ လူအသေအပျောက် အလွန်နည်းပါးလာပါ တယ်၊ ၁ဝ ရာခိုင်နှုန်းအောက်မှာပဲ ရှိပါတယ်။

တိုင်းပြည်ရဲ့အနာဂတ်ဆိုတာ လူငယ် မျိုးဆက်သစ်ပါပဲ။ လူငယ်မျိုးဆက်သစ်တွေ အများကြီးဝင်လာလို့ ကျွန်တော်တို့ဝမ်းသာ ပါတယ်။ အတူပူးပေါင်းခွဲစိတ်ရတဲ့အကြောင်း ရင်းကလည်း လူငယ်မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက်ပါ။

ဆက်လက်ဖော်ပြပါမည်