တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းကာကွယ်ရေး

ကျော်နိုင်ဦး(ပတ်ဝန်းကျင်)

ဇီဝမျိုးစုံမျိုးကွဲဆိုတာကတော့ ကမ္ဘာပေါ်မှ ဇီဝကွဲပြားမှုအမျိုးမျိုးကို ဆိုလိုတာဖြစ်ပြီး အပင်တွေ၊ သတ္တဝါတွေ၊ သေးငယ်တဲ့ အဏုဇီဝရုပ်တွေရဲ့ သက်ရှိလက္ခဏာပုံစံအမျိုးမျိုးနဲ့ အဲဒီသက်ရှိတွေ ပါဝင်နေတဲ့ ဂေဟစနစ်တွေဖြစ်ပါတယ်။ ဂေဟစနစ်ရဲ့ အကျဉ်းချုပ်အဓိပ္ပာယ်ကတော့ သက်ရှိ (အပင်နဲ့ တိရစ္ဆာန်) တွေနဲ့ သက်မဲ့ရုပ်ဝတ္ထု (ရေ၊ မြေ၊ လေ၊ အပူချိန်၊ စိုထိုင်းဆ စသည်)တွေ တစ်ခုနဲ့တစ်ခု ညီညွတ်မျှတစွာ အပြန်အလှန်ဆက်နွှယ်ပေါင်းယှက်နေတဲ့ သဘာဝစနစ်ကို ခေါ်ဆိုတာပဲ ဖြစ်ပါတယ်။

Wildlife တွေရဲ့ အရေးပါပုံ

Every living things is connected ဆိုတဲ့ စကားအတိုင်း သက်ရှိတွေအားလုံးဟာ ဆက်နွှယ်ပတ်သက်နေကြပါတယ်။ သက်ရှိမျိုးစိတ်တစ်ခုတလေ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ရင်တောင် ဂေဟစနစ်တစ်ခုလုံးအပေါ်မှာ ဆိုးကျိုးသက်ရောက် စေနိုင်ပါတယ်။ ဥပမာ ပျားမျိုးစိတ်တွေ ဒီကမ္ဘာပေါ်မှာမရှိတော့ရင် သဘာဝဝတ်မှုန်ကူးခြင်းဆိုတာ မရှိနိုင်တော့ပါဘူး။ ဇီဝမျိုးစုံမျိုးကွဲတွေ ကြွယ်ဝနေပါမှ ကျန်းမာတဲ့ဂေဟစနစ်ကို ရရှိပိုင်ဆိုင်မှာ ဖြစ်ပါတယ်။

ကျွန်ုပ်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေအားလုံးရဲ့ မူလရင်းမြစ်ဟာ အပင်နဲ့သတ္တဝါတွေကရတယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ အခြေခံစားဝတ်နေရေးဖြစ်တဲ့ အစားအစာ၊ အဝတ်အထည်နဲ့ အမိုးအကာတွေရဖို့ အပင်နဲ့သတ္တဝါ မျိုးစိတ်ပေါင်း ၄၀၀၀၀ ကျော်ကို အသုံးပြုနေရပါတယ်။ ကျန်းမာရေးအတွက် မှီဝဲနေရတဲ့ ပဋိဇီဝဆေးတွေဟာ သဘာဝတောရိုင်းတိရစ္ဆာန်နဲ့ အပင်တွေကပဲ ရရှိနေတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေရဲ့ ထက်ဝက်ကျော်ဟာ သူတို့ရဲ့ စီးပွားရေးကို တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်တွေအပေါ်မှာ မှီခိုနေကြရပါတယ်။ ကောင်းမွန်တဲ့ဂေဟစနစ်အနီးမှာ နေထိုင်ရခြင်းဟာ ကျွန်ုပ်တို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။

ဒါ့အပြင် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်တွေဟာ လေနဲ့ရေကို သန့်စင်ပေးနိုင်ပြီး သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ရေလွှမ်းမိုးတာ၊ မုန်တိုင်းတိုက်ခတ်တာနဲ့ မြေဆီလွှာတိုက်စားမှုတွေ လျော့နည်းအောင် ကာကွယ်ပေးနိုင်သလို ရာသီဥတုမျှတအောင် ထိန်းညှိပေးနိုင်ပါတယ်။ ဒါတင်မကသေးဘဲ ဝတ်မှုန်ကူးခြင်းနဲ့ အစေ့များပျံ့လွင့်စေနိုင်ခြင်း၊ အနားယူအပန်းဖြေနိုင်ခြင်း၊ သဘာဝပသာဒ အလှအပများ ပေးစွမ်းနိုင်ခြင်းစတဲ့ တန်ဖိုးဖြတ်လို့မရတဲ့ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်ပါတယ်။ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်တွေ ထိန်းသိမ်းကာကွယ်ထားတဲ့နေရာတွေမှာ ကမ္ဘာ့ခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာစေတာ အမှန်ပဲဖြစ်ပါတယ်။

Wildlife တွေ ကြွယ်ဝမှုအခြေအနေ

ကမ္ဘာပေါ်မှာ ရှင်သန်တည်ရှိနေတဲ့ အပင်နဲ့ သတ္တဝါမျိုးစိတ်တွေရဲ့အရေအတွက်ကို ယခုအချိန် အထိတိတိကျကျ မသိရှိနိုင်သေးပါဘူး။ ခန့်မှန်းခြေအရ မျိုးစိတ်ပေါင်း ၁၄ သန်းခန့်ရှိမယ်လို့ ခန့်မှန်းထားကြပြီး ၎င်းတို့အနက်မှ ၁ ဒသမ ၇၅ သန်းခန့်ကိုသာ အမျိုးအမည်ခွဲခြားနိုင်ပါသေးတယ်။ မြန်မာနိုင်ငံမှာဆိုရင် တောင်တန်းဂေဟစနစ်၊ အပူပိုင်းဂေဟစနစ်၊ သစ်တောဂေဟစနစ်၊ ကုန်းတွင်းရေဝပ် ဒေသဂေဟစနစ်၊ ပင်လယ်နှင့် ကမ်းရိုးတန်းဂေဟစနစ်နဲ့ ဒီရေတောဂေဟစနစ် စတဲ့ဂေဟစနစ်အမျိုးအစားတွေ စုံလင်စွာတည်ရှိပြီး ဇီဝမျိုးစုံမျိုးကွဲတွေလည်း ပေါကြွယ်ဝလှပါတယ်။ အခြားနိုင်ငံတွေမှာ မတွေ့ရှိရဘဲ မြန်မာနိုင်ငံမှာသာတွေ့ရှိရတဲ့ မြန်မာ့ဒေသရင်းဖွား အပင်နဲ့သတ္တဝါများစွာလည်း ရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ မုတ္တမကွေ့နဲ့ ရခိုင်ပြည်နယ် နံ့သာကျွန်းတွေမှာဆိုရင် အစာရေစာပေါများပြီး ရာသီဥတုကောင်းမွန်တဲ့အတွက် မိုင်ထောင်ချီကွာဝေးတဲ့ အခြားနိုင်ငံတွေကနေ လာရောက်ဆောင်းခိုကြတဲ့ ဆောင်းခိုငှက်တွေတောင် ရှိကြပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း တောင်တန်းတွေကနေ မြေပြန့်နဲ့ကမ်းရိုးတန်းတွေအထိ နိုင်ငံရဲ့ကြွယ်ဝလှတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်သယံဇာတတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ဟာ နိုင်ငံတော်နဲ့နိုင်ငံသားတိုင်းရဲ့တာဝန် ဖြစ်ပါတယ်။

မျိုးသုဉ်းပျောက်ကွယ်လာခြင်း

တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်တွေ မျိုးသုဉ်းပျောက်ကွယ်လာရတာဟာ အဓိက ခြိမ်းခြောက်မှုကြီးနှစ်ခုကြောင့် ဖြစ်ပါတယ်။ ပထမတစ်ခုက Habitat လို့ခေါ်တဲ့ နေရင်းဒေသတွေ လျော့နည်းလာတာကြောင့် ဖြစ်ပါတယ်။ အဲဒီလို နေရင်းဒေသတွေလျော့နည်းလာရခြင်းရဲ့ အကြောင်းရင်းတွေကတော့ သစ်တောတွေပြုန်းတီးလာတာ၊ မြေအသုံးချမှုတွေ ပြောင်းလဲလာတာ၊ ဓာတ်သတ္တုတွေ အလွန်အကျွံတူးဖော်ထုတ်လုပ်တာ၊ လေထုနဲ့ ရေထုတွေညစ်ညမ်းလာတာ၊ ရာသီဥတုပြောင်းလဲ ဖောက်ပြန်လာတာ စတာတွေဖြစ်ပါတယ်။

ဒုတိယတစ်ချက်က တောရိုင်းတိရစ္ဆာန်တွေကို အလွန်အကျွံ ဖမ်းဆီးသတ်ဖြတ်တာနဲ့ တရားမဝင် ရောင်းဝယ်ဖောက်ကားတာတွေကြောင့် မျိုးသုဉ်းပျောက်ကွယ်မှုတွေ ဖြစ်ပေါ်လာရတာဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ တောရိုင်းတိရစ္ဆာန်တွေကို တရားမဝင်ရောင်းဝယ်ဖောက်ကားမှုဟာ နှစ်စဉ်ဒေါ်လာဘီလီယံနှင့်ချီရှိနေကြောင်း သိရှိရပါတယ်။ နိုင်ငံတကာမှာ အကြီးမားဆုံးပြစ်မှုတွေက မူးယစ်ဆေးဝါး၊ လက်နက်ရောင်းဝယ်မှုနှင့် လူကုန်ကူးမှုတွေဖြစ်ပြီး တောရိုင်းတိရစ္ဆာန်တွေ တရားမဝင်ရောင်းဝယ်မှုဟာ စတုတ္ထမြောက် ပြစ်မှုအကြီးဆုံးအဖြစ် သတ်မှတ်ထားကြပါတယ်။ ကမ္ဘာပေါ်မှာ နေ့စဉ်အပင်နဲ့ သတ္တဝါမျိုးစိတ်အမျိုးအစားပေါင်း ၁၅၀ ကျော် မျိုးသုဉ်းပျောက်ကွယ်နေပြီး နှစ်စဉ်မျိုးစိတ်အမျိုးအစားပေါင်း ၅၅၀၀၀ ခန့် လျော့နည်းပျောက်ကွယ်နေရပါတယ်။

ထိန်းသိမ်းကာကွယ်ကြပါစို့

မြေကမ္ဘာအိမ်ဂေဟာကြီးထဲမှာ လူသားနဲ့ အပင်တွေ၊ သတ္တဝါတွေဟာ သဟဇာတကျကျ ညီညွတ်မျှတစွာနဲ့ နေထိုင်ကြပါမှ အရှည်တည်တံ့တဲ့ ကမ္ဘာမြေဖြစ်ပါမယ်။ ထိုသို့မဟုတ်ရင် ကမ္ဘာမြေရဲ့ဂေဟ စနစ် ပျက်စီးကာ လူသားတွေအပါအဝင် သက်ရှိတွေ ရှင်သန်ရပ်တည်ရေး ခက်ခဲသွားပါလိမ့်မယ်။ Mutu-alism လို့ခေါ်တဲ့ ဘုံအကျိုးတူပူးပေါင်းနေထိုင်တဲ့ ဂေဟစနစ်ထဲမှာ အဓိကမျိုးစိတ်တွေ ပျက်သုဉ်းကုန်ရင် အဲဒီဂေဟစနစ်လည်း ပျက်သုဉ်းသွားမှာ ဖြစ်ပါတယ်။ အဲဒီအခါ ဂေဟစနစ်ရဲ့ သဘောတရားအရ သက်ရှိတွေအားလုံးဟာ ဆင့်ကဲဆင့်ကဲဆိုသလို အနှေးနဲ့အမြန် ပျက်သုဉ်းပျက်စီးသွားတတ်ပါတယ်။ Genetic Diversity လို့ခေါ်တဲ့ မျိုးရိုးဗီဇစုံလင်ခြင်းကြောင့်သာ သက်ရှိသက်မဲ့အားလုံးဟာ တစ်ဦးကိုတစ်ဦး အပြန်အလှန်အမှီသဟဲပြု ရှင်သန်နေထိုင်နိုင်ခြင်းဖြစ်ပါတယ်။ သူ့အသိုက်အအုံကိုဖျက်ဆီးရင် ကိုယ့်အသိုက်အအုံလည်း ပျက်စီးရမှာ ဓမ္မတာပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဂေဟစနစ်တွေ သဘာဝအတိုင်း အဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ဖို့နဲ့ ကြွယ်ဝလှတဲ့ တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်တွေကို ထိထိရောက်ရောက် ကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနဟာ သဘာဝထိန်းသိမ်းရေးနယ်မြေတွေဖြစ်တဲ့ အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ သဘာဝကြိုးဝိုင်း၊ သိပ္ပံကြိုးဝိုင်း၊ ဒေသခံအစုအဖွဲ့ ထိန်းသိမ်းရေးနယ်မြေတွေ ဖွဲ့စည်းတည်ထောင်ထားရှိပါတယ်။

ချမှတ်ထားရှိတဲ့ သစ်တောကဏ္ဍ နှစ် ၃၀ ပင်မ စီမံကိန်းမှာဆိုရင် သဘာဝနယ်မြေတွေကို နိုင်ငံတော် ဧရိယာရဲ့ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်း တည်ထောင်ဖို့ သတ်မှတ်ထားပါတယ်။ ယနေ့အထိ သဘာဝနယ်မြေ ၄၅ ခု ဖွဲ့စည်းတည်ထောင်ထားပြီး နိုင်ငံဧရိယာရဲ့ ၅ ဒသမ ၈၅ ရာခိုင်နှုန်း ရှိပြီးဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၁၉၉၄ ခုနှစ်က တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာဥပဒေကို ထုတ်ပြန်ပြဋ္ဌာန်းထားရှိခဲ့ပြီး ဖြစ်ပါတယ်။

လက်ဆင့်ကမ်းအမွေ

တောရိုင်းတိရစ္ဆာန်နဲ့ သဘာဝအပင်တွေဟာ လက်ရှိလူသားတွေနဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် အဖိုးမဖြတ်နိုင်တဲ့ သဘာဝသယံဇာတ အရင်းအမြစ်တွေဖြစ်လို့ ဒါတွေကို ကမ္ဘာမြေပေါ်မှာ မပျောက်မပျက် ရေရှည်တည်တံ့နေအောင် အစိုးရအဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြဖို့ အထူးလိုအပ်ပါတယ်။ သို့မှသာ သက်ရှိတွေရှင်သန်နေထိုင်ရာ တစ်ခုတည်းသော ကမ္ဘာမြေကြီးဟာ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်နဲ့ ကောင်းမွန်တဲ့ဂေဟစနစ်တွေရရှိပြီး အနာဂတ်လူသားတွေအတွက် ပျော်ရွှင်စရာကမ္ဘာမြေအဖြစ် လက်ဆင့်ကမ်းအမွေ ပေးအပ်နိုင်ကြမှာ ဖြစ်ပါကြောင်း အလေးအနက်တိုက်တွန်းတင်ပြရင်း ၂၀၂၄ ခုနှစ် မတ်လ ၃ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးနေ့ (World Wildlife Day, 2024) ကို ဂုဏ်ပြု ကြိုဆိုအပ်ပါတယ်။