တောရိုင်းတိရစ္ဆာန်အသားများ စားသုံးမှုကို အဆုံးသတ်ကြပါစို့

 

မြန်လင်းမောင်

 

လူတော်တော်များများသည် ဖျားနာမှုကို ကုသရန်နှင့် ခွန်အားကို ဆောင်ကြဉ်းပေးသည်ဟူသည့် ယူဆချက်ဖြင့် ရှားပါး တောကောင်သားများကို စားသုံးနေခြင်းမှာ မှားယွင်းနေပြီး အမှန်တကယ်အားဖြင့် တောကောင်သားစားသုံးမှုသည် တိရစ္ဆာန်များမှတစ်ဆင့် ကူးစက်သည့် ရောဂါများကို ဖြစ်ပွားစေနိုင်ရုံသာမက ကမ္ဘာ့အရေးပါသည့် တောရိုင်းတိရစ္ဆာန် မျိုးစိတ်များကို မှောင်ခိုကုန်ကူးခြင်း၊ ဖမ်းဆီးခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ ဖြစ်ပေါ်စေရန်လည်း အားပေးကူညီသကဲ့သို့ ဖြစ်နေကြောင်း ကမ္ဘာ့တောရိုင်းတိရစ္ဆာန်ရန်ပုံငွေအဖွဲ့ (WWF)၏ ညွှန်ကြားရေးမှူးချုပ် မာကို လန်ဘာတီနီက ဆိုသည်။

 

အထူးသဖြင့် တောရိုင်းတိရစ္ဆာန်များကို အမဲလိုက်ခြင်း၊ ခိုးယူခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင် ခြင်း၊ ရောင်းဝယ်ခြင်း၊ ပြုပြင်ခြင်းနှင့် ရောင်းချခြင်းများမှတစ်ဆင့် လူတို့နှင့်အနီးကပ် ထိတွေ့ကာ တိရစ္ဆာန်မှတစ်ဆင့် ကူးစက်သည့် ရောဂါများပြန့်ပွားစေမည့် အန္တရာယ်ကိုပို၍ တိုးမြင့်လာစေနိုင်သည်ဟု ဆိုသည်။

 

ရေနေသတ္တဝါမျိုးစိတ် အရေအတွက် ကျဆင်း

 

အလားတူ မြေယာအသုံးပြုမှု ပြောင်းလဲလာမှုနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်လာမှုများသည်လည်း ကုန်းမြေ၊ ရေချိုနှင့် ပင်လယ်ပြင်ရှိ အပင်နှင့် တိရစ္ဆာန်မျိုးစိတ် များစွာတို့၏ သဘာဝနှင့် နေရင်းဒေသများ ပျက်စီးလာခြင်းမှာလည်း သဘာဝတောရိုင်း တိရစ္ဆာန်များနှင့် ဇီဝမျိုးကွဲများအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေဆဲဖြစ်သည်။ The Living Planet အဖွဲ့၏ စောင့်ကြည့် လေ့လာထားသော အညွှန်းကိန်းများအရ ၁၉၇၀ ပြည့်နှစ်နှင့် ၂၀၁၈ ခုနှစ်အကြား ကမ္ဘာတစ်ဝန်း ရှိ တောရိုင်းတိရစ္ဆာန် အရေအတွက်၏ ပျမ်းမျှ ၆၉ ရာခိုင်နှုန်း ကျဆင်းလာခဲ့ကြောင်း အောက်တိုဘာ ၁၃ ရက်က သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြ ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်၌ အထူးသဖြင့် လက်တင်အမေရိက ဒေသသည် ဒေသတွင်း ပျမ်းမျှတောရိုင်းတိရစ္ဆာန် အရေအတွက်၏ ၉၄ ရာခိုင်နှုန်း အထိ ကျဆင်းလာခဲ့ပြီး ရေနေသတ္တဝါမျိုးစိတ် အရေအတွက် ကျဆင်းမှုသည် တစ်ကမ္ဘာလုံး အတိုင်း အတာဖြင့် ၈၃ ရာခိုင်နှုန်းအထိ ရှိလာခဲ့ကြောင်း သိရသည်။

 

မျိုးသုဉ်းသတ်ဖြတ်ရန် ခြိမ်းခြောက်လျက်ရှိ

 

ကြံ့၊ ဆင်၊ ကျား၊ သမင်နှင့် အခြားမျိုးသုဉ်းရန် အန္တရာယ်ရှိသော ပင်လယ်ရေနေ သတ္တဝါများကဲ့သို့ မျိုးစိတ်များကို မျိုးသုဉ်းသတ်ဖြတ်ရန် တွန်းအားပေးနေသည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသည် ကမ္ဘာတစ်ဝန်းရှိ ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် အသက်မွေးဝမ်းကျောင်းမှုကို ခြိမ်းခြောက်လျက်ရှိ သည်။ နောက်ကွယ်တွင် အကြမ်းဖက်မှု၊ အကျင့်ပျက် ခြစားမှုနှင့် အခြားလူကုန်ကူးမှုပုံစံများနှင့် ဆက်နွှယ် နေသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှု များနှင့် တရားမဝင်တောရိုင်းတိရစ္ဆာန် ရောင်းဝယ် ဖောက်ကားမှုများသည် တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ ဘီလီယံ ၂၈၀ ကျော်တန်ဖိုးရှိကြောင်း၊ယင်းနှင့် ဆက်စပ်သည့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများသည် ကမ္ဘာပေါ်တွင် တတိယမြောက် အများဆုံး ရာဇဝတ် အမှုအခင်းများဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့(အင်တာပိုလ်)က အောက်တိုဘာ ၄ ရက်တွင် ထုတ်ပြန်ထားသည်။

 

တောရိုင်းတိရစ္ဆာန်များ တရားမဝင်ကုန်သွယ်မှု ကို ကာကွယ်ရာတွင် ဥပဒေများ ထုတ်ပြန် တားဆီး ခြင်းနှင့်အတူ ယခု ကမ္ဘောဒီးယားနိုင်ငံက လုပ်ဆောင်နေသည့် “တောကောင်သားများ မရောင်းချရေး လှုပ်ရှားမှုကမ်ပိန်း” ကဲ့သို့ ပြည်သူလူထု အပါအဝင် စားသောက်ဆိုင်များကို အသိပညာပေးခြင်းများအား မိမိတို့နိုင်ငံတွင်လည်း မကြာခဏ လုပ်ဆောင်သင့်လှသည်။

 

အနာဂတ် ကမ္ဘာတည်ဆောက်ရေး အဓိကအရေးပါလျက်ရှိ

 

ယနေ့ လူသားတို့သည် ရာသီ ဥတုပြောင်းလဲမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများ ဆုံးရှုံးလာမှုတို့၏ အရေးပေါ် အခြေအနေများနှင့် ရင်ဆိုင်နေရပြီး အနာဂတ် မျိုးဆက်များ၏ ကျန်းမာရေးကို ခြိမ်းခြောက်လျက်ရှိသည်။ ကျွန်ုပ်တို့၏ အနာဂတ်သည် ဇီဝမျိုးစုံ မျိုးကွဲများနှင့် တည်ငြိမ်သော ရာသီဥတုအပေါ်တွင် အလေးအနက်ထား မှီခိုနေရသောကြောင့် ဇီဝမျိုးစုံ မျိုးကွဲများ ကျဆင်းလာမှုနှင့် ရာသီဥတုပြောင်းလဲမှုတို့နှင့် များစွာပတ်သက်ဆက်စပ်နေကြောင်း နားလည်ရန် အရေးကြီးပါသည်။ ဤသို့ဆက်စပ်မှု များမှတစ်ဆင့် လူသားများနှင့် ဇီဝမျိုးစုံမျိုးကွဲများအကြား အပြုသဘော ဆောင်သော၊ သာတူညီမျှသော၊ ရေရှည်တည်တံ့သော အနာဂတ်ကို တည်ဆောက်ခြင်းတို့သည် ကျွန်ုပ်တို့ အနာဂတ်ကမ္ဘာ တည်ဆောက်ရေးအတွက် အဓိကအရေးပါလျက်ရှိသည်။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်များ မပျက်သုဉ်းရေးအတွက် တန်ဖိုး မဖြတ်နိုင်သည့် ရှားပါးတောရိုင်းတိရစ္ဆာန်၊ ဇီဝမျိုးစုံ မျိုးကွဲများအား တရားမဝင်ခိုးယူခြင်း၊ သတ်ဖြတ်ခြင်း၊ စားသုံးခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းများ မပြု ကြဘဲ ကမ္ဘာ့ရှားပါး ဇီဝမျိုးစုံမျိုးကွဲများ ဆက်လက် ရှင်သန်ရေးနှင့် မျိုးဆက်မပျက်သုဉ်းစေရေးတို့ အတွက် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါစို့။ ။

ကိုးကား -  Stepping up the global fight against wildlife crime through a united response

Cambodian officials, conserva-tionists call for end to wildlife consumption