တောင်သူဦးကြီးများအတွက် အချိန်အခါကောင်း

နေပြည်တော် ၁၉ မေ

 

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည်မေ ၁၅ ရက်က မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်အတွင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ပြန်လည်စွန့်လွှတ်အပ်နှံသည့် စိုက်ပျိုးမြေများအား မူလတောင်သူများထံ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၃)ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်မှာကြားပြီး တွေ့ဆုံအားပေးခဲ့သည်။ အခမ်းအနားတွင် တောင်သူများက ယာယီလယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်များ ရယူခဲ့ကြသည့်မြင်ကွင်းမှာ ဝမ်းမြောက်ဖွယ်ဖြစ်သည်။

 

 

တောင်သူဦးကြီးများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုကြသူများဖြစ်ပြီး လယ်ယာမြေသည်တောင်သူများအတွက် တန်ဖိုးကြီးမားသော အရင်းအနှီးဖြစ်သည်။တစ်ချိန်သောကာလက သက်ဆိုင်ရာဌာနများက အကြောင်းအမျိုးမျိုးဖြင့် တောင်သူဦးကြီးများ စိုက်ပျိုးလုပ်ကိုင်သော လယ်ယာမြေများကိုသိမ်းဆည်းခဲ့ကြသောကြောင့် တောင်သူဦးကြီးများအတွက် ထိခိုက်နစ်နာမှု များစွာဖြစ်ခဲ့ကြသည်။

 

ယခုအခါ တောင်သူဦးကြီးများ၏ အခွင့်အရေးကို အလေးထားသောအားဖြင့် နိုင်ငံတော်အစိုးရက တောင်သူဦးကြီးများ ပိုင်ဆိုင်သည့်လယ်ယာမြေများကို မူလပိုင်ရှင်များအား လွှဲပြောင်းပေးလျက်ရှိသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း စွန့်လွှတ်အပ်နှံမြေများကို မူလတောင်သူများထံ လွှဲပြောင်းပေးခဲ့ရာ ယခုစွန့်လွှတ်အပ်နှံပွဲအပါအဝင်ငါးကြိမ် ပြုလုပ်နိုင်ခဲ့ပြီး တောင်သူ ၆၅၁ ဦးသို့ စိုက်ပျိုးမြေ ၂၁၅၆ဧက လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

ယခုကဲ့သို့ တောင်သူများလက်ဝယ်သို့ စိုက်ပျိုးမြေများ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးခြင်းသည် ပြည်သူများ အကျိုးစီးပွားကိုရှေးရှုသည့် နိုင်ငံတော်အစိုးရ၏ စေတနာပင်ဖြစ်သည်။ စိုက်ပျိုးရေးကိုအခြေခံသည့် မြန်မာနိုင်ငံတွင် ၇၀ ရာခိုင်နှုန်းရှိသော ကျေးလက်နေပြည်သူများ၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော လယ်ယာလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေး၊ လူမှုစီးပွားဘဝ တိုးတက်မြင့်မားရေးအတွက် ပံ့ပိုးကူညီပေးခြင်းလည်းဖြစ်သည်။ လက်လွှတ်ဆုံးရှုံးထားသောကျန်ရှိသောတောင်သူများ၏ လယ်ယာမြေများ ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက စွန့်လွှတ်နိုင်အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။

 

စွန့်လွှတ်မြေများ ပြန်လည်လွှဲပြောင်းပေးအပ်ရေး ဆောင်ရွက်ရာတွင် အခြားသူများထံသို့ ပေးအပ်ထားခြင်းများ၊ အငြင်းပွားနေမှုများ၊ကျူးကျော်နေထိုင်မှုများ စသည့် အကြောင်းအမျိုးမျိုးသော ပြဿနာများကို နိုင်ငံတော်က ဖြေရှင်းဆောင်ရွက်ပေးနေသောကြောင့် မူလတောင်သူများအား ပြန်လည်လွှဲပြောင်းပေးရန် ကြန့်ကြာမှုများရှိနေသည်ကိုလည်း နားလည်ပေးရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက တောင်သူဦးကြီးများ အကျိုးစီးပွားအတွက် အလေးထားဆောင်ရွက်ပေးနေသော အချိန်အခါကောင်းတွင်တောင်သူဦးကြီးများအနေဖြင့် မိမိတို့ပိုင်ဆိုင်လုပ်ကိုင်ခွင့်ရရှိသောလယ်ယာမြေများကို ဈေးကောင်းပေးဝယ်သူများရှိလျှင် ပြန်လည်ရောင်းချခြင်းမပြုဘဲ မိမိတို့သားစဉ်မြေးမြစ် လယ်ယာမြေကို ချစ်ခင် နှစ်သက်လုပ်ကိ်ုင်ခြင်းဖြင့် တောင်သူများဘဝ မြင့်မားတိုးတက်မည့်အချိန်အခါအခွင့်ကောင်း ရရှိနေပြီကို အလေးထားရမည်ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ