တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်

၁၉  ဖေဖော်ဝါရီ

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်၍ တောင်သူလယ်သမားများ၏ အခန်းကဏ္ဍမှာ လွန်စွာအရေးပါသည်ကို သိရှိနားလည်လက်ခံထားကြပြီး ဖြစ်သည်။ ထို့ကြောင့် တောင်သူလယ်သမားဦးကြီးများ၏ ဘဝမြှင့်တင်ရေးကို ခေတ်ကာလအလိုက် အစိုးရများက အနည်းနှင့်အများ ဆောင်ရွက်ပေးခဲ့သည်ကို တွေ့ရသည်။ တောင်သူ လယ်သမားများသည် လယ်ယာစိုက်ပျိုးခြင်းနှင့် အသက်မွေးဝမ်းကျောင်းပြုရသဖြင့် လယ်ယာကဏ္ဍနှင့် သက်ဆိုင်သည်တို့ကို အလေးထားမှသာ တောင်သူလယ်သမား အကျိုးစီးပွား မြင့်မားတိုးတက်လာမည်ဖြစ်သည်။

 

တောင်သူလယ်သမားများ အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် တောင်သူလယ်သမား ရပိုင်ခွင့်ရှိသော အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးပြီး လယ်ယာလုပ်ငန်းခွင်ဆိုင်ရာ အကျိုးစီးပွားများကိုမြှင့်တင်ပေးရမည်ဖြစ်သည်။ လယ်ယာလုပ်ငန်း လုပ်ကိုင်ခြင်းမှအစ သီးနှံရောင်းဝယ်ဖောက်ကားခြင်းအဆုံး ကိစ္စအဝဝတို့ကို ဆောင်ရွက်ပေးရပေ လိမ့်မည်။ တောင်သူလယ်သမား အကျိုးစီးပွားကို သတိမမူမိသည်နှင့် တောင်သူများသာမက တိုင်းပြည်အကျိုးစီးပွားပါ ထိခိုက်နစ်နာနိုင်ပေသည်။

 

မြန်မာနိုင်ငံတွင် အစဉ်အဆက် လယ်ယာကဏ္ဍမြင့်မားရေးကို အစိုးရတို့က အလေးထား ဆောင်ရွက်ပေးလေ့ရှိသည်။ တောင်သူတို့၏ အဓိကအရင်းအမြစ်မှာ လယ်ယာမြေဖြစ်၍ လယ်ယာမြေများ ဆုံးရှုံးနစ်နာမှု မရှိအောင် ကာကွယ်စောင့်ရှောက်ပေးရသည်။ ပြီးခဲ့သည့်ခေတ်ကာလက လယ်ယာမြေသိမ်းဆည်းခံရမှုများနှင့် အသုံးချခံရမှု များကြောင့် လယ်ယာကဏ္ဍ ထိခိုက်နစ်နာမှုများရှိခဲ့သည်။ ယနေ့ကာလတွင် သိမ်းဆည်းလယ်ယာမြေများကို ပြန်လည်စွန့်လွှတ်ပေးရေး၊ အကျိုးစီးပွားမြှင့်တင်ပေးရေးတို့ကို ဆောင်ရွက်ပေးနေသည်။

 

သိမ်းဆည်းခံရသည့် လယ်ယာမြေများနှင့်ပတ်သက်၍ နယ်မြေဒေသအလိုက် ပြန်လည်ဆောင်ရွက်ပေးနေပြီး တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးကို ဥပဒေများပြင်ဆင်ရေးဆွဲပြီး ဆောင်ရွက်ပေးနေပြီ။ တစ်ဆက်တည်းတွင် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးကို နိုင်ငံတော်အစိုးရက ဦးဆောင်အဖွဲ့ဖွဲ့စည်းပြီး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။

 

မြန်မာနိုင်ငံတွင် ဆန်သည် အဓိကစားသုံးသီးနှံဖြစ်ပြီး ပြည်ပပို့ကုန်လည်းဖြစ်၍ နိုင်ငံအတွက် အဓိကမဏ္ဍိုင်ဖြစ်သည်။ ယခုအခါ လယ်လုပ်သူများ လယ်လုပ်ပိုင်ခွင့်၊ လယ်ယာမြေပိုင်ဆိုင်ခွင့်ကို ဆောင်ရွက်ပေးနေပြီး အဓိက စားသုံးသီးနှံဖြစ်သည့် ဆန်စပါးစိုက်ပျိုးမှုကို မထိခိုက်စေဘဲ မိမိတို့လယ်ယာမြေပေါ်တွင် မိမိတို့ကြိုက်နှစ်သက်သည့် သီးနှံကိုသက်ဆိုင်ရာဥပဒေနှင့်အညီ ရွေးချယ်စိုက်ပျိုးခွင့်လည်း ရထားပြီးဖြစ်သည်။ ထိုသို့ စိုက်ပျိုးခွင့်ပြုထားသည့်အတွက် မိမိအကျိုးအတွက်သာမက အများအကျိုးအတွက်လည်း ရှေးရှု၍ ရွေးချယ်စိုက်ပျိုးကြရန် လိုအပ်သည်။

 

တောင်သူလယ်သမား အကျိုးစီးပွားမြင့်မားရေးအတွက် အကျိုးဖြစ်စေမည့် အဖွဲ့အစည်းအမျိုးမျိုးကို ဖွဲ့စည်းပေးပြီး အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိသည်။ မကြာသေးမီက ရေရှည်တည်တံ့နိုင်သည့် သီးနှံစိုက်ပျိုးမှုစနစ်ကို ဖော်ဆောင်ပေးခဲ့ပြီးဖြစ်၍ စားသုံးသူများနှင့်စိုက်ပျိုးသူများ၏ အကျိုးစီးပွားတို့ ဟန်ချက်ညီမှုရှိ၊ မရှိ ဆန်းစစ်လေ့လာ ကြည့်ရမည်ဖြစ်သည်။ ဆန်စပါးစိုက်ပျိုးရေးအပြင် အခြားသီးနှံ၊ နှစ်ရှည်ပင်စိုက်ပျိုးရေးကိုလည်း နည်းပညာ၊ ထုတ်လုပ်မှု စနစ်အားဖြင့် တိုးပွားအောင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

 

တောင်သူလယ်သမား အကျိုးစီးပွားမြင့်မားရေးအတွက် လယ်ယာကဏ္ဍ မြင့်မားတိုးတက်ရေးကို နိုင်ငံတော်က အလေးထား ဆောင်ရွက်ပေးနေချိန်တွင် လယ်ယာမြေကို ခွင့်ပြုချက်မရှိဘဲ အခြားနည်းလမ်းဖြင့် အသုံးချထားမှုများ ကိုလည်း မပြုလုပ်မိစေရန် အထူးသတိပြုရမည် ဖြစ်သည်။ ပြုလုပ်မိပါက လယ်ယာမြေဥပဒေနှင့်အညီ အရေးယူခြင်း ခံရနိုင်သည်ကို သိရှိနားလည်ထားရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ လယ်ယာကဏ္ဍ မြင့်မားတိုးတက်ရေးအတွက် နိုင်ငံတော်က အလေးထား ဆောင်ရွက်ပေးထားပြီးဖြစ်ရာ သက်ဆိုင်ရာအဖွဲ့အစည်းများ အနေဖြင့် လယ်ယာမြေသို့ကွင်းဆင်းပြီး ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်၍ တောင်သူလယ်သမားများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးနှင့် တောင်သူလယ်သမားများ အကျိုးစီးပွား မြင့်မားတိုးတက်ရေးကို မြှင့်တင်ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။

 

ကြေးမုံ
 

Related Articles