တောင်သူလယ်လုပ်တို့အတွက် အားအင်များ

၂၂ မေ

 

၂၀၁၈ ခုနှစ် ဧပြီလအတွင်း မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုတန်ဖိုးသည် ယမန်နှစ် ကာလတူထက် ပိုမိုခဲ့ကြောင်း ယာယီစာရင်းဇယားတစ်ရပ်ကို ထုတ်ပြန်လိုက်ရာ ဝမ်းမြောက်အားတက်ဖွယ်ဖြစ်ရသည်။ စာရင်းအရ ပြည်ပပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈၆၆ သန်းနှင့် ပြည်ပသွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၁၄ သန်းရှိသဖြင့် ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၈၀ သန်းဖြစ်ပြီး ယမန်နှစ် ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၃၀ဝ ပိုခဲ့ခြင်းဖြစ်သည်။

 

ပြည်ပပို့ကုန်များအနေဖြင့် လယ်ယာထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်း၊ အခြားပစ္စည်းများ ဟူ၍ အုပ်စုလိုက် ခွဲခြားထားရာ ပို့ကုန်တန်ဖိုးပမာဏ အများဆုံးသည် စက်မှုကုန်ချောပစ္စည်းဖြစ်ပြီး ဒုတိယအများ ဆုံးမှာ လယ်ယာထွက်ပစ္စည်းဖြစ်သည်ကို တွေ့ရသည်။ လယ်ယာထွက်ပစ္စည်း တင်ပို့မှု တန်ဖိုးသည် ပြီးခဲ့သည့် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၃၀၈၀ ဒသမ ၅၃ သန်းရှိသည့်အနက်ဆန်တင်ပို့မှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာသန်း ၁၁၄၀ ရှိကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ဆန်တန်ချိန် ၃ ဒသမ ၅၈ သန်းကျော်ပြည်ပသို့ တင်ပို့နိုင်ခဲ့၍ နှစ်ပေါင်း ၇၃ နှစ်အတွင်း အများဆုံးစံချိန်တင် တင်ပို့နိုင်ခဲ့ခြင်း ပင်ဖြစ်ကြောင်း သတင်းများတွင် တွေ့ရှိခဲ့ရသည်။

 

 ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ ပြည်ပသို့ဆန်တင်ပို့မှုသည် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်ထက် နှစ်ဆခန့်တိုးမြှင့် တင်ပို့ကာ စံချိန်တင်နိုင်ခဲ့သည့်တိုင်အောင်နွေစပါး၊ မိုးစပါး စိုက်ဧကအနေဖြင့်လည်းကောင်း၊ စပါးအထွက် တင်းပေါင်းအနေဖြင့်လည်းကောင်း ယခင်နှစ်ထက် အနည်းငယ် လျော့နည်းနေခဲ့သည်ကိုလည်း သတိပြုမိ သည်။ မည်သို့ပင်ဆိုစေ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေအဖြစ် တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲသို့ တိုးမြှင့်ထုတ်ပေးခြင်း၊ ယခုနှစ်တွင် စိုက်ပျိုးစရိတ်ထုတ်ချေးရာ၌ ဝိုင်းကြီးချုပ်စနစ်မဟုတ်တော့ဘဲ တောင်သူ တစ်ဦးချင်းအလိုက် ထုတ်ချေးပေးသွားမည်ဖြစ်ခြင်း၊ စပါးပေါ်ချိန်တွင် လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ တာဝန်ပေးချက်ဖြင့် ဆန်စပါးအသင်းချုပ်၏ ထိန်းချုပ်မှုနှင့် တောင်သူလယ်သမားများ၏ဆန်စပါးအတွက် အခြေခံဈေးနှုန်း ညှိနှိုင်းသတ်မှတ်ပေးနိုင်ခြင်း စသည်တို့က လယ်ယာစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် တောင်သူလယ်သမားတို့အတွက် အလုပ်လုပ်ရန်အားများ၊ မျှော်လင့်ချက်ရောင်ခြည်များပင် ဖြစ်သည်။

 

တစ်ခေတ်တစ်ခါက မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ မစို့မပို့၊ စိုက်ပျိုးချိန်မမီ၊ စိုက်ပျိုးစရိတ်နှင့် စပါးပေါ်ချိန်မှာ ဖြစ်ပေါ်လာသည့် ပေါက်ဈေးတို့က ကွာဟ၊ အတိုးနှင့်ချေးယူထားရသည့်အြွေကးများအတွက် ရသည့်ဈေးနှုန်းဖြင့် စပါးရောင်းချကာ ပြန်ဆပ်၊ စိုက်ပျိုးရမည့်ရာသီသို့ ရောက်ပြန်သော် တစ်ဖန်ပြန်၍ ကြွေးယူကြရပြန်သည့် သံသရာကြောင့် လယ်ယာမြေလုပ်ငန်းကို စိတ်ကုန်ကာ လူငယ်မျိုးဆက်သစ်တို့ ကျေးလက်ကိုစွန့်ခွာ၍ အိမ်နီးချင်းနိုင်ငံများဆီ ရရာအလုပ် လုပ်ရန် ထွက်သွားခဲ့ကြသည်။လယ်မှလွဲ၍ ဘာမှမလုပ်တတ်သူတို့သာ လယ်ယာကို ဖက်တွယ်ရင်း ကျန်ရစ်ခဲ့ရသည်။ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှ ထုတ်လုပ်လိုက်သည့်စပါးအပါအဝင် လယ်ယာထုတ်ကုန်ပစ္စည်းများ က္ဘာ့ဈေးကွက်သို့ထိုးဖောက်ရောက်ရှိကာ မြေကြီးကရွှေသီးသည် ဆိုသည်မှာ အပြောသက်သက်သာမဟုတ်ဘဲ ဧကန်စင်စစ် အမှန်ဖြစ်လာပါလျှင် တောင်သူလယ်လုပ်တို့ လယ်ယာကို တိုး၍ပင် ချစ်ခင်ကြလိမ့်မည်ဟု ရှုမြင်မိသည်။

 

ယခုအခါ ဒေသအနှံ့အပြားတွင် ထုတ်ချေးနေပြီဖြစ်သော မိုးရာသီစိုက်ပျိုးစရိတ်များသာမက တောင်သူတို့ မျှော်လင့်လေ့ရှိကြသည့် မဖောက်မပြန် ကောင်းမွန်သော ရာသီဥတု၊ စိုက်ချိန်အမီ ဆောင်ရွက်ပေးကာဈေးနှုန်းချိုသာသည့် လယ်ယာလုပ်သားများနှင့် လယ်ယာသုံး စက်ကိရိယာများ၊ မျိုးကောင်းမျိုးသန့်စပါး၊ အရည်အသွေးမှန်ကန်သည့်မြေဆီနှင့် လယ်ယာစိုက်ပျိုးရေးသုံး ဆေးဝါးများ စသည့်အကြောင်းအရာတို့ကောင်းစွာ ပေါင်းဆုံစုစည်းကာ စိုက်ပျိုးရာသီအဆုံး၌ ရလဒ်ကောင်းများ ပေါ်ထွက်နိုင်ကြပါစေကြောင်း။ ။