တောင်ကိုရီးယားနိုင်ငံ၌ ငါးဖမ်းသင်္ဘောနစ်မြုပ်မှုကြောင့် သုံးဦးသေဆုံး၊ တစ်ဦးပျောက်ဆုံးလျက်ရှိ

မတ် ၁၄

တောင်ကိုရီးယားနိုင်ငံတောင်ဘက်ကမ်းရိုးတန်းတွင် ငါးဖမ်းသင်္ဘောတစ်စီးနစ်မြုပ်ခဲ့ရာ သုံးဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံး နေဆဲဖြစ်ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ယနေ့တွင်ပြောကြားသည်။ အဆိုပါသင်္ဘောပေါ်တွင် တောင်ကိုရီးယားနိုင်ငံသား လေးဦး၊ အင်ဒိုနီးရှား ခြောက်ဦးနှင့် ဗီယက်နမ်တစ်ဦးအပါအဝင် သင်္ဘောသား ၁၁ ဦး လိုက်ပါလာသည်ဟု သိရသည်။ ထိုသင်္ဘောသည် ဆိုးလ်မြို့တော်၏တောင်ဘက် ကီလိုမီတာ ၃၃၀ အကွာခန့်ရှိ ရေပြင်တွင်နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ ဒေသစံတော်ချိန် မနက် ၄ နာရီ ၁၅ မိနစ်ခန့်က ကမ်းခြေစောင့်တပ်ဖွဲ့ထံသို့အချက်ပြ အကြောင်းကြားခဲ့ကြောင်းဖော်ပြထားသည်။ ကမ်းခြေစောင့်တပ်ဖွဲ့နှင့်အနီးနားရှိသင်္ဘောများဖြင့် သင်္ဘောသားဆယ်ဦးကို ကယ်ဆယ်နိုင်ခဲ့သော်လည်း ရေယာဉ်မှူးတစ်ဦးအပါအဝင် တောင်ကိုရီးယားနိုင်ငံသားသုံးဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းနှင့် ၎င်းသုံးဦးစလုံးသည် သေဆုံးကြောင်းအတည်မပြုမီကပင် သတိလစ်နေကြောင်း သိရသည်။ ကင်းလှည့်ရေယာဉ် ၁၆ စင်း၊ ရေတပ်သင်္ဘောနှစ်စင်းနှင့် လေယာဉ်သုံးစင်းတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို