တောမီးလောင်မှုခံစားနေရသည့်မြို့မှ ပြည်သူများကို ဩစတြေးလျတပ်ဖွဲ့ဝင်များ ကယ်တင်မှုများပြုလုပ်

ဆစ်ဒနီ ၄ ဇန်နဝါရီ

 

ဩစတြေးလျအရှေ့တောင်ပိုင်းမြို့တွင် တောမီးလောင်မှုကြောင့် ပိတ်မိနေသည့် ရာနှင့်ချီသောလူများကို ကယ်တင်ရန် ဩစတြေးလျရေတပ်မှ ရေယာဉ်များဖြင့် လူများကို တင်ဆောင်ကယ်တင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မယ်လာကိုတာမြို့ ကမ်းခြေတွင် နှစ်သစ်ကူးညကတည်းက ဒေသခံများ ပိတ်မိနေကြပြီး ဩစတြေးလျရေတပ်မှ ရေယာဉ်များဖြင့် လာရောက်ကယ်ယူခဲ့ကြောင်း သိရသည်။ ယနေ့နေ့လယ်ပိုင်းတွင် လူပေါင်း ၁၀၀၀ ခန့်ကို ကယ်တင် နိုင်မည်ဟု ယူဆရကြောင်း ဩစတြေးလျဝန်ကြီးချုပ် စကောက်မော်ရစ်ဆင်က ပြောကြားသည်။ ဩစတြေးလျတွင် လပေါင်းများစွာကြာ တောမီးအကြီးအကျယ် လောင်မှုကြောင့် နေအိမ်ပေါင်း ၁၃၀၀ ခန့် ပျက်စီးခဲ့ရပြီး လူပေါင်း ၂၀ ခန့် သေဆုံးခဲ့ကာ လူ ၂၀ ကျော် ပျောက်ဆုံးနေကြောင်း သိရသည်။

 

လာမည့်ဇန်နဝါရီ ၄ ရက်တွင် အပူချိန်မှာလည်း ၄၀ ဒီဂရီဆဲစီးရပ်အထက် ရောက်နိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့ကြောင့် ဩစတြေးလျနိုင်ငံ အရှေ့ တောင်ပိုင်းတစ်လွှားတွင် သတိပေးချက်များ ထုတ်ပြန်ထားသည်။ ပြည်နယ် သုံးခုမှ လူများကိုလည်း ၎င်းတို့၏နေအိမ်များကို စွန့်ခွာရန် သတိပေးထားသည်။ လူများထွက်ခွာရန် လမ်းများဖွင့်ထားဆဲဖြစ်ကြောင်း၊ အကယ်၍ ထိုဒေသတွင် နေထိုင်ရန်မလိုအပ်ပါက နေရပ်မှထွက်ခွာရန်လိုကြောင်း နယူးဆောက်ဝေး ပြည်နယ်ဝန်ကြီးချုပ် ဂလက်ဒေးဘယ်ရယ်ဂျီကလင်က ပြောသည်။

 

ထောင်ပေါင်းများစွာသော ဒေသခံများနှင့် ခရီးသွားများသည် ကမ်းရိုးတန်းမှ ၃၀၀ ကီလိုမီတာသို့ ထွက်ခွာကြရန် သတိပေးချက်ကိုလည်း အလေးထားကြ သည်။ ဆစ်ဒနီမြို့နှင့် ကန်ဘာရာမြို့တို့သို့ ဦးတည်သွားသည့် ကားတန်းကြီး မှာလည်း အရှည်ကြီးဖြစ်နေသည်။

အေအက်ဖ်ပီ