တစ်သက်တာစာပေဆုနှင့် အမျိုးသားစာပေဆု ရရှိသူတို့၏ပီတိစကားသံများ

ရန်ကုန်  ၁၄ နိုဝင်ဘာ

နိုင်ငံတစ်နိုင်ငံ၏ ဒေါက်တိုင်တစ်ခုဖြစ်သော စာပေတွင် စာပေအမွေအနှစ်ကို လက်ဆင့်ကမ်း ထိန်းသိမ်းနိုင်စေရန်နှင့် နိုင်ငံ၏ သမိုင်းပုံရိပ်တို့ကို စာပေမှတစ်ဆင့် မျိုးဆက်သစ်များ လေ့လာသိရှိနိုင်စေရန်၊ စာပေကိုမြတ်နိုး တန်ဖိုးထားတတ်စေရန် စာရေးဆရာများမှ စာအုပ်စာပေတို့ကို ရေးသားလျှက်ရှိရာ နိုင်ငံတော်မှ ထိုစာပေပေါ်၌  အမျိုးသားစာပေတစ်သက်တာ စာပေဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်ဆုတို့ကို ထိုက်တန်စွာ ချီးမြှင့်လျှက်ရှိရာ ၂၀၁၈ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာစာပေဆုနှင့် အမျိုးသားစာပေဆုရရှိသူတို့၏ ရင်းတွင်းပီတိ စကားသံတို့ကို ဖော်ပြလိုက်ပါသည်။

 

mdn

အမျိုးသားစာပေ တစ်သက်တာဆု

စာပေပညာရှင်ဆရာကြီး ဦးတင်မောင်မြင့် (၈၄)နှစ်

နှစ်ပေါင်းများစွာလုပ်လာတော့ အခုလို တစ်သက်တာစာပေဆု ပေးတယ်ဆိုတော့ ကျေးဇူးတင်ဝမ်းသာပါတယ်။ ဘာသာပြန် စာအုပ်ပေါင်း (၁၀ဝ) ကျော် ရေးသားခဲ့တဲ့ စာအုပ်တွေအားလုံးမှာ အနှစ်သာရတွေရှိပါတယ်။ အားလုံးကိုအထူး ကျေးဇူးတင်ပါတယ်။

၁၉၅၈ ခုနှစ် တောင်ကြီးက အစိုးရအထက်တန်းကျောင်းမှာ (၁၀) တန်း အောင်တယ်။ ၁၉၆၁ ခုနှစ်မှာ ဘီအိုစီကုမ္ပဏီ (ယခုM OGE) မှာ အလုပ်ဝင်ပြီးတော့ ၁၉၉၄ ခုနှစ်မှာ အငြိမ်းစားယူတယ်။ ၁၉၈၅ ခုနှစ်ကစပြီး ၁၉၈၈ ခုနှစ်ထိ သည်းဦးပန်း မဂ္ဂဇင်းနဲ့ အထောက်တော်လှအောင်ရဲ့ သတင်း မဂ္ဂဇင်းမှာ အယ်ဒီတာအဖွဲ့ဝင်နဲ့ ဒုတိယအယ်ဒီတာချုပ် တာဝန်တွေကို ထမ်းဆောင်ခဲ့တယ်။ ၁၉၈၃ ခုနှစ်ကနေ ၂၀ဝ၆ ခုနှစ်ထိဘာသာပြန် စာအုပ်ပေါင်း ( ၁၀ဝ ) ကျော် ရေးသားခဲ့တယ်။ အမျိုးသားစာပေဆု (၅) ကြိမ် ရခဲ့တယ်။ ၂၀ဝ၁ ခုနှစ်မှာ မဒမ်ကျူရီ (ဘာသာပြန်သုတ) စာအုပ်၊ ၂၀ဝ၄ ခုနှစ်မှာတောင်ပံမဲ့ သင်းကွဲငှက် (ဘာသာပြန်ရသ)၊ ၂၀ဝ၇ ခုနှစ်မှာ အနက်ရောင်အိပ်မက် အေးမြမေတ္တာ၊ ၂၀၁၁ ခုနှစ်မှာ မျှော်၊ ၂၀၁၂ ခုနှစ်မှာ ပြစ်မှုနှင့်ပြစ်ဒဏ် ဘာသာပြန်စာအုပ်တွေနဲ့ အမျိုးသားစာပေဆု ရခဲ့ပါတယ်။ အခုလို တစ်သက်တာစာပေဆု ရရှိတဲ့အပေါ်အားလုံးကို ကျေးဇူးတင်ပါတယ်။

 

 

mdn

ဂျူး

( ဝတ္ထုရှည်) (၆၂)နှစ်

မြန်မာနိုင်ငံမှာပြည်တွင်းဖြစ် ချည်ထည်အဝတ်အစားတွေယခင်က ခေတ်စားပြီးခဲ့ပြီးတော့ နောက်ပိုင်းမှာ မြတ်နိုးတန်ဖိုးထားမှု နည်းသွားတာကိုမြင်ရတယ်။ ပြည်ပက အဝတ်အထည်တွေကိုပဲ အသုံးပြုလာတာကြောင့် ပြည်တွင်းဖြစ် လက်မှုပညာတွေမှေးမှိန်လာတာကို တွေ့ရတယ်။ ရွာတွေက ရက်ကန်းစင်တွေလည်း ဆက်ပြီးရက်လုပ်နိုင်မှု မရှိကြတော့တဲ့အတွက် အသက်မွေးဝမ်းကြောင်းဖို့ အခြားသောလုပ်ငန်းတွေကို လုပ်ကိုင်နေကြရတာကို တွေ့ရတယ်။ အထူးသဖြင့် မြန်မာ့လက်မှုလုပ်ငန်းကို တန်ဖိုးထားဖို့၊ လက်ဆင့်ကမ်း အမွေပေးနိုင်ဖို့ ရည်ရွယ်ပြီး ဒီစာအုပ်ကို ရေးဖြစ်ခဲ့တာပါ။ အမျိုးသားစာပေဆုဆိုတာက အရှိန်အဝါကြီးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ နိုင်ငံကို ကိုယ်စားပြုတာလေ။ ရလိမ့်မယ်လို့လည်း မထင်ထားခဲ့ဘူး။ အခုလိုဆုရရှိမှုအပေါ် အလေးအနက်ထားပြီး တန်ဖိုးလည်း ထားပါတယ်။ လုံးချင်းဝတ္ထု (၂၁) အုပ်ရှိပါပြီ။ ဝတ္ထုတို ပေါင်းချုပ် (၇) အုပ်ရှိမယ်၊ ပြီးတော့ ဆောင်းပါးပေါင်းချုပ်က (၁၀) အုပ်နီးပါး ရှိမယ်။

၁၉၇၆ခုနှစ်မှာ မန္တလေးဆေးတက္ကသိုလ်ကို တက်ခဲ့ပြီးတော့ ၁၉၈၃ ခုနှစ်မှာ ဆရာဝန်ဖြစ်ပြီး မန္တလေးဆေးရုံမှာ တစ်နှစ်တာဝန် ထမ်းဆောင်ပါတယ်။ ၁၉၈၄ ခုနှစ်၊ ဇွန်မှာ ရေနံချောင်းမှာ (၈) နှစ်နီးပါး တာဝန်ထမ်းဆောင်ရင်း စာရေးသားခဲ့တယ်။ ၁၉၉၁ ခုနှစ်မှာ ရန်ကုန်ကို ပြောင်းလာပြီး စာရေးဆရာဘဝကို မြှုပ်နှံခဲ့တာ ယနေ့ထိပါပဲ။ ပြည်သူတွေ စာဖတ်စေချင်ပါတယ်။ စာဖတ်ခြင်းအားဖြင့် အကောင်း၊ အဆိုးကို ခွဲခြားနိုင်မယ်။ မိမိရဲ့ အတွေးအခေါ်ကိုလည်း မြှင့်တင်နိုင်မယ်။ လူကြီး၊ လူငယ်တွေစာဖတ်တဲ့ အခါမှာ အနာဂတ်အတွက် လူငယ်တွေကိုပိုပြီး လေ့လာစာဖတ်စေချင်ပါတယ်။ ထိုက်သင့်လို့ ပေးတဲ့ဆုအပေါ် ဂုဏ်ယူစွာလက်ခံပါတယ်။

 

mdn

ဦးသန်းထွန်း ( ကဗျာ)

 

ကျွန်တော့ဘဝမှာ ပထမဆုံးအမျိုးသားစာပေဆု ရရှိခြင်းဖြစ်ပါတယ်။ ကဗျာကိုအသက် (၁၃) နှစ်ထဲက ရေးသားခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကဗျာဆရာတော်တော်များများ ရှိပါတယ်။ အရင်က ကဗျာစာအုပ် ထွက်နှုန်းနည်းခဲ့တယ်။ အခုအချိန်မှာနည်းမျိုးစုံနဲ့ ကဗျာစာအုပ်တွေထွက်ကြတယ်။ အွန်လိုင်းပေါ်မှာလည်း ကဗျာတွေရေးနေကြတာပဲ။ အသစ်တွေပေါ်ထွန်းလာတာကို ကြိုဆိုပါတယ်။ ဒါပေမယ့်ဝိုင်းပြီး စိစစ်ပေးကြဖို့ လိုမယ်လို့ ထင်ပါတယ်။ တစ်ခါတစ်လေ အဲ့ဒီကဗျာတွေကိုကြည့်ပြီး မြန်မာကဗျာတွေ လမ်းကြောင်းက သွေဖီတော့မှာလားလို့ စိတ်ပူမိတယ်။ ကျွန်တော်ရေးခဲ့တဲ့ ကဗျာတွေဟာ နှလုံးသားထဲက အသံအစစ်အမှန်တွေဖြစ်ပါတယ်။ စာရေးတဲ့သူ၊ ကဗျာရေးတဲ့သူတွေ အားလုံးကို စာကောင်းပေမွန်တွေ စာအုပ်တွေ ထွက်ရှိနိုင်အောင်လည်း မြေတောင်မြှောက်ပေးဖို့ လိုအပ်တယ်လို့လည်း ယူဆပါတယ်။

ဆရာဦးသန်းထွန်း၏ အမည်ရင်းမှာ ကိုသန်းထွန်းပင်ဖြစ်ပြီး နာဂတောင်တန်းခရိုင်၊ ဟုမ္မလင်းမြို့နယ် မောင်းခန်းရွာတွင် ၁၉၅၃ ခုနှစ်၊ ဇူလိုင် (၁၇) ရက်တွင် အဖဦးဘမောင်း (ကျောင်းဆရာ)၊ အမိဒေါ်သိန်းရင်တို့မှ မွေးဖွားခဲ့သူဖြစ်သည်။ ရန်ကုန်တက္ကသိုလ်တွင် ဘူမိဗေဒ နောက်ဆုံးနှစ်အထိ ပညာသင်ကြားခဲ့သည်။ ယခုအမျိုးသားစာပေဆု ရရှိသော ကဗျာစာအုပ်မှာ သူ၏ပထမဆုံး တစ်ကိုယ်တော် လုံးချင်းစာအုပ်ဖြစ်သည်။ အခြားသူများနှင့် ပူးတွဲထုတ်ဝေခဲ့သည့် စာအုပ်များနှင့်ဆိုလျှင် စုစုပေါင်းစာအုပ် ၈ အုပ်ရေးသား ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ဆရာသည် ဇနီးဒေါ်မေမြင့်စန်း၊ သမီးနှစ်ဦးတို့နှင့်အတူ မုံရွာမြို့၊ ပြည်ထောင်စုလမ်းနှင့် သာစည်လမ်းထောင့်တွင် နေထိုင်ကာ လက်ဖက်ရည်ဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသော ကဗျာများ ရေးသားနေသူတစ်ဦးဖြစ်သည်။

 

သန်းထိုက်

ဓာတ်ပုံ-သန်းစိုး