တစ်ဖက်နိုင်ငံသို့ ပို့မည့် မြွေများကို သယ်ဆောင်သူများအား အရေးယူနိုင်ရေး စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ ပေါက်တောမီးပွိုင့် အနီးတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ရပ်တန့်စစ်ဆေးရာမှ ကားအတွင်း တစ်ဖက်နိုင်ငံသို့ ပို့ဆောင်မည့် မြွေပွေး၊ မြွေဟောက်၊ လင်းမြွေများ ဖမ်းဆီးရမိကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ၊ ကျောက်ဆည်မြို့ အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ ကျောက်ဆည်မြို့မ ရဲစခန်းမှ နယ်ထိန်း တပ်ဖွဲ့ဝင်များ၊ ဒေသအရန် မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ဒီဇင်ဘာ ၁၂ ရက် ညနေ ၄ နာရီက ကျောက်ဆည်မြို့ ပေါက်တောမီးပွိုင့် အနီးတွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ရပ်တန့်စစ်ဆေး ဆောင်ရွက်နေစဉ်  မိထ္တီလာမှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးအား စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ မပါရှိသည့်အပြင် လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရသဖြင့် ဖမ်းဆီးခဲ့ပြီး ယာဉ်အတွင်း စစ်ဆေးရာ တစ်ဖက်နိုင်ငံသို့ ပို့ဆောင်မည့် မြွေပွေး၂၀ ကောင်၊ မြွေဟောက်၂၁ ကောင်၊ လင်းမြွေ ၃၀၉ ကောင်တို့ ရှာဖွေတွေ့ရှိသဖြင့် ကျောက်ဆည်မြို့နယ် သစ်တောဦးစီးဌာနသို့ ပို့အပ်၍ ဘေးမဲ့တောသို့ ပို့လွတ်ရန် စီစဉ်ထားကြောင်း သိရသည်။

 

လိုင်စင်မဲ့ယာဉ်နှင့် တရားမဝင် မြွေသယ်ဆောင်လာသူများအား ထိရောက်စွာ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

မောင်ပြည်သူ(မန္တလေး)