တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ ငြိမ်းချမ်းရေး စကားသံများ

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA)တွင် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့မှ ပါဝင်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန -၂ ၌ ကျင်းပသည်။ အဆိုပါ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ ငြိမ်းချမ်းရေးစကားသံများကို ဖော်ပြလိုက်ရပါသည်။

 

ဗိုလ်မှူးကြီး ဝဏ္ဏအောင် (အတွင်းရေးမှူး-၁၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ)

လက်ရှိမှာ JMC-U နဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းလမ်းညွှန်၊ စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ၊ NCA ပါ အချက်အလက်တွေကို လိုက်နာဆောင်ရွက်ဖို့အတွက် စောင့်ကြည့်ပြီးတော့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ကန့်ကွက်ခြင်း၊ ဖြေရှင်းခြင်းတွေကို ဆောင်ရွက်နေပါတယ်။ လိုအပ်မယ်ဆိုရင်တော့ စိစစ်ရေးအဖွဲ့တွေကို စေလွှတ်ပြီးတော့ ဆောင်ရွက်နေပါတယ်။ JMC-U အနေနဲ့တော့ ခက်ခဲမှုတွေ လျှော့ချရပ်စဲဖို့အတွက် အဓိကထား ဆောင်ရွက်နေပါတယ်။

 

ဦးယောသပ် (လားဟူတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့)

ကျွန်တော်တို့ဒေသမှာ ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးတွေ အင်မတန်မှ အားနည်းပါသေးတယ်။ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုရဲ့ အရွေ့တစ်ခုမှာ ကျွန်တော်တို့ အခုလို လက်တွဲဆောင်ရွက်ခွင့် ရမယ်ဆိုရင် ဒီထက်မက တိုင်းရင်းသားတွေအတွက် တန်ဖိုးရှိမယ့်အရာတွေ လုပ်ကိုင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ဆက်ပြီးမှလည်း လုပ်ဖို့အတွက် ကျွန်တော်တို့ ခွန်အားတွေ စုစည်းထားပါတယ်။ ကျွန်တော်တို့နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် အရေးအကြီးဆုံးက ငြိမ်းချမ်းရေးဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေးရမှ ဖွံ့ဖြိုးရေးကို လုပ်လို့ရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ နေထိုင်တဲ့ တိုင်းရင်းသားအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ရှိဖို့ နံပါတ် (၁) အရေးကြီးပါတယ်။ နံပါတ် (၂) အနေနဲ့ တိုင်းရင်းသားပေါင်းစုံကလည်း လူမျိုးတစ်မျိုးနဲ့တစ်မျိုး လေးလေးစားစား ဆက်ဆံပြီးမှ လက်တွဲဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ တိုင်းရင်းသားတွေ ဒီလိုစည်းလုံးညီညွတ်ပြီး လက်တွဲဆောင်ရွက်နိုင်မယ်ဆိုရင် မိမိရဲ့ဒေသ၊ မိမိရဲ့ပြည်နယ်၊ မိမိရဲ့ နိုင်ငံတော်ကြီးအတွက် ဒီထက်မက ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကိုင် ဆောင်ရွက်နိုင်မယ်လို့ မြင်တဲ့အတွက် တိုင်းရင်းသားပြည်သူတွေ အနေနဲ့ စည်းလုံးညီညွတ်မှု ရှိစေချင်ပါတယ်။

 

ဦးခင်ဇော်ဦး (ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး)

၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ လက်မှတ်ရေးထိုးဖို့ ကျန်ခဲ့ကြပါတယ်။ ကျန်ခဲ့ကြတဲ့အဖွဲ့တွေကို အဆက်မပြတ်တွေ့ဆုံညှိနှိုင်းပြီးတော့ လက်မှတ်ရေးထိုးနိုင်အောင် ဆောင်ရွက်တဲ့အခါမှာ ဒီနေ့ဆိုရင် မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့က NCA ထဲမှာ ပါဝင်ပူးပေါင်း ဆောင်ရွက်လာတာ ဖြစ်ပါတယ်။

ဒီလိုလက်မှတ်ရေးထိုးဖို့ ကျန်တဲ့အဖွဲ့တွေထဲကနေ နှစ်ဖွဲ့ပါဝင် ပူးပေါင်း ဆောင်ရွက်လာတဲ့အတွက်ကြောင့် ကျွန်တော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ကဏ္ဍတစ်ခုကို ရှေ့ကို တစ်လှမ်းတိုးလာတယ်လို့ ပြောရမှာပါ။ မြန်မာနိုင်ငံမြေပုံကို ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံတောင်ပိုင်းဖြစ်တဲ့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးဆိုပြီးတော့ တွေ့ရပါလိမ့်မယ်။ ကရင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက NCA မှာ လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာဆိုရင်လည်း အချို့နယ်မြေမှာ ရှိတဲ့သူတွေက လက်မှတ်ရေးထိုးပြီးဖြစ်ပါတယ်။ လက်မှတ်ရေးထိုးပြီးတဲ့အခါမှာ ငြိမ်းချမ်းရေးလုပ်ငန်းတွေ၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အားသွန်ခွန်စိုက် ဆောင်ရွက်နေတဲ့အခါမျိုးမှာ ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းဒေသကြီး ကြားထဲမှာရှိတဲ့ မွန်ပြည်နယ်က ကျန်နေတာပါ။

အခုဆိုရင် NMSP အဖွဲ့က ဒီလုပ်ငန်းစဉ်ထဲမှာ ပါဝင်လာပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းဟာ ငြိမ်းချမ်းရေး ခရီးစဉ်ကို ဖြောင့်ဖြောင့်ဖြူးဖြူးသွားနိုင်မယ့် အနေအထားမျိုးကို ရောက်လာပြီလို့ ပြောရမှာဖြစ်ပါတယ်။ ကျန်တဲ့ဒေသ၊ ကျန်တဲ့အဖွဲ့အစည်းတွေအတွက်လည်း ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ မကြာခင်အချိန်တွေမှာတော့ ကျွန်တော်တို့ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာပါလိမ့်မယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ကျွန်တော်တို့ တံခါးပိတ်မထားပါဘူး။ အဖွဲ့တိုင်းနဲ့ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ အချို့အဖွဲ့တွေကတော့ တရားဝင်ဆွေးနွေးတာတွေ ရှိသလို တချို့အဖွဲ့ဝင်တွေကတော့ အလွတ်သဘော ဆွေးနွေးနေတာတွေ မပြတ်လုပ်နေပါတယ်။ အလွတ်သဘောဆွေးနွေးတာကနေ အဖြေမရသေးတဲ့အခါ ထုတ်ပြန်ကြေညာလို့ မဖြစ်သေးပါဘူး။ တွေ့ဆုံဆွေးနွေးမှုကနေ ယုံကြည်မှုတွေ ကြိုးစားတည်ဆောက်နေပါတယ်။ နောက်ထပ်လက်မှတ် ရေးထိုးမယ့် အဖွဲ့တွေလည်း ရှိပါတယ်။

 

နိုင်အောင်မငေး (မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်)

NCA ထိုးပြီးရင် NCA ရဲ့ နောက်ဆက်တွဲအနေနဲ့ လုပ်ငန်းအကောင်အထည်ဖော်တဲ့အခါ အမျိုးသားအဆင့် ဆွေးနွေးပွဲကို ထဲထဲဝင်ဝင်လုပ်မယ်။ သေသေချာချာ လုပ်မယ်။ ပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို သေသေချာချာ တက်ရောက်ပါမယ်။ အားနည်းချက် အားသာချက်ဆိုတာရှိပါတယ်။ ဥပမာ အားနည်းချက်က တိ်ုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့လုံး မပါသေးတာ တော်တော်စိတ်မကောင်းစရာပါ။ အားသာချက်ကတော့  NCA လက်မှတ်ထိုးပြီးရင် နိုင်ငံရေးဆွေးနွေးပွဲကို ထဲထဲဝင်ဝင် ပါဝင်လာနိုင်ပြီး ဆွေးနွေးနိုင်မှာပါ။ ငြိမ်းချမ်းရေးလမ်းစဉ် ကောင်းအောင် မွန်ပြည်သစ်ပါတီတစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ကျန်တဲ့ပြည်သူတွေနဲ့ နိုင်ငံရေးပါတီတွေ၊ အတတ်ပညာရှင်၊ အသိပညာရှင်တွေ စုစည်းလုပ်မှသာလျှင် ကောင်းမွန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တစ်ခုကို တည်ဆောက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် အားလုံးပူးပေါင်း ဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။

 

ဒေါက်တာ တူးဂျာ (ကချင်ပြည်နယ် ဒီမိုကရေစီပါတီ -KSDP)

ပြည်တွင်းစစ်ပြဿနာက နိုင်ငံရေးပြဿနာပဲ။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးအတိုင်း ဖြေရှင်းမှ ပြေလည်မယ်ဆိုတဲ့ ခံယူချက် လူတိုင်းရင်မှာရှိနေပါပြီ။ အထူးသဖြင့် ၂၀၁၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း တက်လာတဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒါကိုလက်ခံပြီးတော့မှ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်လာတာပါ။ အရင်ကတော့ ဒါကိုလက်မခံကြဘူး။ စစ်ရေးနဲ့ပဲဖြေရှင်းဖို့ ကြိုးစားခဲ့တာပါ။ နိုင်ငံတော်သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ကစပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအတိုင်း ဖြေရှင်းကြမယ်ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ကြတာပါ။ ဒါကြောင့် တစ်ဆင့်ပြီးတစ်ဆင့် လုပ်လာတဲ့အပေါ်မှာ နောက်ဆုံး NCA ဆိုတာ ပေါ်လာတာပါ။ NCA စာချုပ်က ဘာလဲဆိုရင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးရမယ်။ အပစ်အခတ်ရပ်ထားရမယ်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်ထားပြီးမှ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးတဲ့အခါ စိတ်ဖြောင့်ဖြူးမယ်၊ ပိုပြီးတော့ ပြေလည်နိုင်မယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ဒါက ပထမခြေလှမ်းဖြစ်ပါတယ်။ ဒါကို ကျော်ဖြတ်နိုင်တဲ့ အဖွဲ့အစည်းတွေလည်း ရှိနေပါပြီ။ အရင်ကလည်း ရှစ်ဖွဲ့ ထိုးပြီးပါပြီ။ အခုနှစ်ဖွဲ့ဆိုတော့ အားလုံး ၁၀ ဖွဲ့ရှိပါတယ်။ လက်မှတ် မထိုးသေးတဲ့ အဖွဲ့တွေရှိပါသေးတယ်။ ဒီဟာရဲ့ ပြဿနာတစ်ခုက NCA မှာ အချက်အလက်တွေရှိတယ်။ အဲဒီအချက်အလက်တချို့ကို လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက ပြုပြင်ချင်တယ်။ ပြုပြင်ပြီးတော့မှ နှစ်ဖက်သဘောတူညီမှုရရှိမှ လက်မှတ်ရေးထိုးမယ်လို့ ကြားသိရပါတယ်။

နှစ်ဖက်တွေ့ဆုံဆွေးနွေး အဖြေရှာလို့ရနိုင်တဲ့ အနေအထားမျိုးလည်းဖြစ်ပါတယ်။ ဆက်လက်ပြီး ကြိုးစားနေတဲ့ အနေအထားမျိုးလည်း ရှိပါတယ်။ အဓိကကျတဲ့အချက်က တွေ့ဆုံဆွေးနွေးခြင်းပါ။ NCA လက်မှတ်ရေးထိုးဖို့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာ အနည်းဆုံးအဆင့်က ယာယီအပစ်အခတ်ရပ်စဲရေး လုပ်ထားဖို့လိုတယ်။ တိုက်ပွဲတွေကြားမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းတွေက NCA လက်မှတ်ရေးထိုးရေးအတွက် ယုံကြည်မှုအပိုင်းမှာ အားနည်းချက်တွေရှိတယ်။ ယုံကြည်မှုမရှိတာတွေ ကြားသိရတယ်။ ဒါကြောင့် ယုံကြည်မှု အပြည့်အဝ ရရှိလာအောင်ဆိုရင် တိုက်ပွဲတွေကို ယာယီအားဖြင့်သော်လည်းကောင်း ရပ်စဲထားဖို့ လိုအပ်တာသိမြင်နေရပါတယ်။ အခြားအရာတွေကလည်း အနည်းအပါး ပြုပြင်စရာတွေရှိပါတယ်။ ဒါတွေကို ပြုပြင်ပြီးတော့မှ လက်ခံသွားကြမှာပါ။ နောက်ဆုံးပြောမယ်ဆိုရင်တော့ UNFC အနေနဲ့ ပြုပြင်စရာ၊ ဖြည့်စွက်စရာရှိတာတွေကို အချက်ရှစ်ချက်တင်ပြီး DPN နဲ့ NRPC ဆွေးနွေးခဲ့ကြတာပါ။ အခု နောက်ဆုံးမှာ သဘောတူညီခဲ့ကြတယ်။ ဒီနေ့မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့က လက်မှတ်ရေးထိုးကြတယ်။ အဲဒီလို အနေအထားမျိုးတွေ ပေါ်ထွက်လာပြီး ကျန်တဲ့လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့အစည်းတွေလည်း သူတို့တော့ နည်းလမ်းတော့ရှာကြမှာပါ။

NCA ကိုကျော်ဖြတ်နိုင်မှ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြောင့်ဖြူးနိုင်မယ့် အနေအထားမျိုးဖြစ်တဲ့အခါ NCA မှာ ပြင်ဆင်စရာရှိတာပြင်ရမယ်။ တံခါး ကျယ်ကျယ်ဖွင့်ပေးဖို့လိုတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအတိုင်း ဖြေရှင်းရမယ်ဆိုတဲ့ ခံယူချက်အတိုင်း ပင်လုံညီလာခံကို ကျယ်ကျယ်ပြန့်ပြန့် ပါဝင်သင့်ပါဝင်ထိုက်သူ အားလုံးပါဝင်နိုင်မယ့် ညီလာခံဖြစ်အောင် ကျင်းပသွားမယ်ဆိုရင် ငြိမ်းချမ်းရေးက ပြေးမလွတ်ပါဘူး။ ပြည်တွင်းစစ်ရပ်စဲတာနဲ့ ငြိမ်းချမ်းရေးရရှိနိုင်မယ်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မယ်လို့မြင်ပါတယ်။

 

နာဗစ်ဘွန် [လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဗဟိုကော်မတီဝင်]

ကျွန်မတို့အနေနဲ့ လက်မှတ်ရေးထိုးပွဲမှာ လာရောက်လက်မှတ်ရေးထိုးနိုင်တဲ့အတွက် အင်မတန်မှ ဂုဏ်ယူပါတယ်။ ပြည်သူလူထုနဲ့ အတူတကွပူးပေါင်းပြီး လားဟူလူမျိုးတွေ တိုးတက်ဖို့ အများကြီး လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ NCA လက်မှတ်ရေးထိုးပြီး နောက်ပိုင်းမှာ နိုင်ငံတော်အဆင့်ဆိုရင်လည်း နိုင်ငံတော်အဆင့်၊ အောက်ခြေမှာဆိုရင်လည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေရှိတယ်၊ လူထုတွေ့ဆုံ ဆွေးနွေးပွဲတွေရှိတယ်။ ပြည်သူလူထုနဲ့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဝိုင်းဝန်းသွားဖို့ရှိပါတယ်။ လက်မှတ်ရေးထိုးနိုင်ဖို့ အများကြီး ညှိနှိုင်းကြိုးစားခဲ့ပါတယ်။ အစိုးရနဲ့ညှိနှိုင်းမှုက တစ်ပိုင်း၊ လားဟူပြည်သူလူထုအနေနဲ့ ဝိုင်းဝန်းပူးပေါင်းဖို့အတွက် အများကြီး ကြိုးစားလုပ်ဆောင်ခဲ့ရပါတယ်။ ဆယ်စုနှစ်ချီပြီး ကြိုးစားခဲ့ပါတယ်။ ကျွန်မတို့နိုင်ငံ ငြိမ်းချမ်းရေးရဖို့အတွက် လားဟူလူမျိုးစု ပါဝင်လာတဲ့အချိန်မှာ ပြည်သူလူထုကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုတဲ့အတွက် အထူး ဂုဏ်ယူဝမ်းမြောက်ပီတိ ဖြစ်ရပါတယ်။ လက်မှတ်ရေးထိုးဖို့ ကျန်ရှိနေသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အားလုံးကိုလည်း သေချာစွာစေ့စပ် ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ပြီး ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်မှာ အတူအကွ ပူးပေါင်းပါဝင်ကြဖို့ ပြောကြားလိုပါတယ်။

 

စောစိန်ဝင်း [UPDJC အဖွဲ့ဝင် (DKBA)]

ကျွန်တော်တို့ ကရင်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေရဲ့ သွားလာနေထိုင်မှု၊ လုပ်ကိုင်စားသောက်မှု အခွင့်အလမ်း ပွင့်လင်းလာတယ်လို့ သုံးသပ်မိပါတယ်။ NCA လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား ညီအစ်ကိုတွေ နိုင်ငံတော် တည်ဆောက်ရေးအတွက် အမြန်ဆုံးအတူတကွ ဝိုင်းဝန်းစုပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြဖို့ ဆန္ဒပြုလိုပါတယ်။

ဦးသိန်းထွန်း (UPDJC အဖွဲ့ဝင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

အပစ်အခတ် ရပ်စဲရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ရှိသွားပါပြီ။ နောက်ကျန်တဲ့အဖွဲ့တွေလည်း မနှေးအမြန် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိ်ုက်မှု ရပ်စဲရေးသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ တိုက်တွန်းပါတယ်။ တောင်းဆိုပါတယ်။ မျှော်လည်းမျှော်လင့်ပါတယ်။ အဲဒါဟာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးရဲ့ သဘောဆန္ဒပါ။ ဒီလို NCA လက်မှတ်ရေးထိုးမှ စစ်ရေးပဋိပက္ခတွေ လျော့နည်းချုပ်ငြိမ်းပြီး နိုင်ငံ့အရေးကို နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးပြီးတော့ တိုင်းရင်းသားပြည်သူတွေ သဘောဆန္ဒ တူမျှနေရင် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ် အခြေခံတဲ့ ပြည်ထောင်စုကြီး ဖြစ်တည်ရေးကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

တစ်ဖက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ NCA မှာ လက်မှတ်ရေးထိုးမယ်၊ တစ်ဖက်ကလည်း နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ ဆက်ပြီးသွားမယ်ဆိုရင် စစ်ရေးပဋိပက္ခချုပ်ငြိမ်းခြင်းနဲ့အတူ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို သွားနိုင်မှာလည်း ဖြစ်ပါတယ်။

 

ဦးညိုအုန်းမြင့် (အတွင်းရေးမှူး၊ Center for Peace and Reconciliation)

အခုလက်ရှိ အစိုးရအနေနဲ့ ရှစ်ကြိမ်တွေ့ဆုံ ဆွေးနွေးပြီးတဲ့အခါမှာ မွန်ပြည်သစ်ပါတီ ဘက်ကနေပြီး တပ်မတော်ဘက်ကနေ အာမခံချက်ရှိမယ်ဆိုရင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးမယ်လို့ ဆိုလာပါတယ်။ အဲဒါကြောင့် ကျွန်တော့်အမြင်နဲ့ ပြောရရင်ဥက္ကဋ္ဌကြီး နိုင်ထောမွန်နဲ့ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေက တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဘက်က အာမခံချက်ရတဲ့အတွက် လက်မှတ်ထိုးတယ်လို့ မြင်ပါတယ်။ ဒါကတော့ ကျွန်တော့်အမြင်အရ ပြောတာပါ။ နောက်ထပ်လည်း လက်မှတ်ရေးထိုးလာနိုင်တဲ့ လက်နက်ကိုင်အဖွဲ့တွေ ရှိလာနိုင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရနဲ့ တွေ့ဖို့ဆိုတာ တစ်ခါတစ်ခါ နှစ်လသုံးလလောက် စောင့်ရတယ်။ ဒီကြားထဲမှာ နားလည်မှုထပ်လွဲသွားတာ ရှိပါတယ်။ ဒီနေ့ကို အချုပ်အားဖြင့်ပြောရရင်တော့ တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရှိသွားလို့ လက်မှတ်ရေးထိုးတယ်လို့ ပြောရမှာပါ။

 

ဦးကိုကိုကြီး (၈၈ မျိုးဆက်ပွင့်လင်းလူ့အဖွဲ့အစည်း)

ဒီလိုလက်မှတ်ရေးထိုးတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတွေ ဘယ်လောက် တိုးတက်လာတယ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျန်တဲ့အဖွဲ့တွေနဲ့ကြားမှာလည်း ယုံကြည်မှုတွေ တိုးမြှင့်နိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးမှုတွေ အကြိမ်ကြိမ် လုပ်ပေးသင့်တယ်လို့ မြင်ပါတယ်။ အခုလက်မှတ်မထိုးနိုင်သေးပေမယ့် တစ်ချိန်ချိန်မှာ ထိုးလာနိုင်ဖို့ အပြုသဘောဆောင်တဲ့ ထိတွေ့မှုတွေ အနိမ့်ဆုံးအဆင့် အလုပ်သဘော တွေ့ဆုံ ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်နေသင့် တယ်လို့မြင်ပါတယ်။ NCA ကို စောင့်ကြည့်လေ့လာဖို့  JMC ဆိုတာပေါ်လာတယ်။ တစ်ဖက်ကတော့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုတွေအတွက် UPDJC ရှိတယ်။ ဒီနှစ်ခုက ဘယ်ခြေလှမ်းနဲ့ ညာခြေလှမ်းလိုပါပဲ။ တစ်ဖက်က နိုင်ငံရေး ဖြစ်ထွန်းမှု တိုးတက်မှုရှိရင်ရှိသလို အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်တဲ့ လုပ်ငန်းတွေလည်း ထိရောက်မယ်။ နောက်တစ်ခုက အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်တဲ့အပေါ်မှာ မူတည်ပြီးတော့ နိုင်ငံရေးဆွေးနွေးမှုတွေကိုလည်း သက်ရောက်မှု ရှိနိုင်တယ်လို့မြင်ပါတယ်။

ဦးစိုင်းကျော်ညွန့် (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ နိုင်ငံရေးပါတီများ အစုအဖွဲ့ အတွင်းရေးမှူး)

NCA လက်မှတ်လာထိုးတာ နှစ်ဖွဲ့တည်း နည်းတယ်ဆိုပေမယ့် အရင်ရှစ်ဖွဲ့နဲ့ဆို ဆယ်ဖွဲ့ရှိပါပြီ။ အရွေ့ဆိုတာ ကြီးကြီးသေးသေး အရွေ့ကအရွေ့ပါပဲ။ ဘာပဲဖြစ်ဖြစ် အရွေ့လေးတစ်ခုပါ။ NCA ဆိုတာက ပန်းတိုင်မဟုတ်ပါဘူး။ ကျွန်တော်တို့သွားချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့အတွက် ပြည်ထောင်စု သဘောတူညီမှု စာချုပ်ရအောင် အရေးကြီးတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ ရောက်အောင်သွားဖို့အတွက် တစ်ဆင့်ခံလက်မှတ် ရေးထိုးခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင် ညီအစ်ကိုတွေအနေနဲ့လည်း NCA နည်းနဲ့ပဲဖြစ်ဖြစ်၊ တခြားနည်းနဲ့ပဲဖြစ်ဖြစ် နိုင်ငံရေးဆွေးနွေးမှု လမ်းကြောင်းထဲကို လာဖို့ကြိုဆိုဖိတ်ခေါ်ချင်ပါတယ်။ ဖက်ဒရယ်ကို သွားဖို့လှေကားတစ်ထစ်ဖြစ်တဲ့ NCA ကို လက်မှတ်ရေးထိုးခြင်းအားဖြင့် နောက်တစ်ဆင့် တက်လှမ်းလို့ရတယ်ဆိုတာကို လက်မှတ်ထိုးဖို့ ကျန်ရှိနေတဲ့ ညီအစ်ကိုတွေကို ပြောပြချင်ပါတယ်။

ဦးတင်မောင်ဝင်း (ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ)

မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ လက်မှတ်ထိုးကြမယ်ဆိုတော့ လွှတ်တော်အနေနဲ့ကလည်း လှိုက်လှဲစွာကြိုဆိုပါတယ်။ တိုင်းပြည်တိုးတက်ဖို့က ဘာလိုသလဲဆိုတော့ ငြိမ်းချမ်းရေးပါပဲ။ Infrastructure  တွေ လုပ်ဖို့ဆိုတာ ငြိမ်းချမ်းရေးမရဘူးဆိုရင် မဖြစ်နိုင်ဘူး။ လမ်း၊ တံတားတွေ စတဲ့   Infrastructure တွေ လုပ်ဖို့ဆိုရင် အရင်ဆုံး ငြိမ်းချမ်းမှပဲ ရမယ်။ လောလောဆယ် အခုဖြစ်နေတာက မန္တလေး - မူဆယ် လမ်းကြီးဆိုရင် အမြဲတမ်းကျပ်တယ်။ အဲဒီမှာ လမ်းအသစ်ဖောက် မယ်ဆိုရင်တောင် ဖောက်လို့ရတယ်။ ဟိုတုန်းကတော့ နည်းပညာအရ တောင်ကိုတွေ့ရင် ကွေ့ပတ်ဖောက်ရတယ်။ ဒီနေ့ခေတ်မှာ တိုးတက်လာတဲ့ နည်းပညာအရ တောင်ရှိရင် ဖောက်ထွက်မယ်၊ တည့်တည့်သွားမယ်။ အဲဒီလိုတွေလုပ်ဖို့က မငြိမ်းချမ်းတဲ့ နယ်မြေမှာဆိုတော့ဘာမှ လုပ်လို့မရဘူး။ ငြိမ်းချမ်းသွားရင် ဒါတွေဟာ ချက်ချင်း ဖြစ်လာမှာ။ အဲဒါတွေလုပ်ဖို့အတွက် ADB တို့ World Bank တို့က ပေးထားတဲ့ငွေကလည်း ရှိပြီးသားပါ။ ငြိမ်းချမ်းရေးရရင် ဒီအခြေခံအဆောက်အအုံ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ပြီးတော့ အရာအားလုံး ဖြေရှင်းလို့ရပါတယ်။

သိက္ခာတော်ရဆရာတော် စောမက်သယူးအေး (ပြည်တွင်းအသိသက်သေ လက်မှတ်ရေးထိုးသူ)

ဒီကနေ့ပွဲမှာ ပြည်တွင်းအသိသက်သေအနေနဲ့ လက်မှတ်ရေးထိုးခွင့်ရတဲ့အတွက်၊ ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခွင့်ရတဲ့အတွက် အားတက်သရော ဖြစ်ပါတယ်။ ဒီနေ့ လက်မှတ်ရေးထိုးပွဲဟာ ကျွန်တော်တို့ တိုင်းရင်းသားတွေ မျှော်လင့်တဲ့ ရလဒ်တစ်ခုပါပဲ။ ပြီးပြည့်စုံတယ်လို့ မဆိုလိုပေမယ့် နောက်ထပ်အဖွဲ့နှစ်ခုဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ ပါဝင်လာတာ ကောင်းမွန်တဲ့ အပေါင်းလက္ခဏာတစ်ခုပဲ ဖြစ်ပါတယ်။

NCA ကတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ပြောသလိုပဲ။ ကျွန်တော်တို့သွားနေတဲ့ ငြိမ်းချမ်းရေးရဲ့ အခြေခံတစ်ခုဖြစ်တယ်။ ကျွန်တော်တို့ လျှောက်ရမယ့် ခြေလှမ်းထဲကတစ်ခု။ ဒါအားလုံး ပြီးပြည့်စုံတာတော့ မဟုတ်ဘူး။ ဒါပေမယ့် အဲဒီအထဲကနေ အဖြေရှာသွားနိုင်မှာ ဖြစ်ပါတယ်။

ဒေါက်တာနီကိုလိုင်း လစ်တိုပါဒေါ့ဗ် (ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး)

ဒီကနေ့ NCA လက်မှတ်ရေးထိုးပွဲဟာ မြန်မာနိုင်ငံအတွက် အပြုသဘောဆောင်တဲ့ ခြေလှမ်းတစ်ခု ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အရေးကြီးဆုံးအရာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော့်အနေနဲ့ အများကြီးဝမ်းသာမိပါတယ်။ နိ်ုင်ငံတော်အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသားအဖွဲ့တွေ အတွက်လည်း ဂုဏ်ယူပါတယ်။ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ အားလုံးကိုလည်း ထောက်ခံပါတယ်။ ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးနဲ့ အချုပ်အခြာ တည်တံ့ခိုင်မြဲရေးဟာအရေးကြီးဆုံး ဖြစ်ပါတယ်။

ဒေါ်နန်းမွှေးမွှေးခင် (စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး)

ဒီကနေ့ NCA လက်မှတ်ရေးထိုးပွဲမှာ ပြည်တွင်းသက်သေ အနေနဲ့ပါရတယ်။ အင်မတန်ဂုဏ်ယူပါတယ်။ ဘာလို့လဲဆိုတော့ NCA ဆိုတာ ငြိမ်းချမ်းရေးအတွက် လမ်းစပဲဖြစ်တယ်။ နောက်ပိုင်းဆွေးနွေးမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေ ညှိနှိုင်းဆောင် ရွက်မှုတွေ ဆက်ပြီးတော့လုပ်ပေးသွားမယ့် ခြေလှမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လေ့လာသူအနေနဲ့ပဲ ပါဝင်ခဲ့ဖူးပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ကတော့ NCA ဟာ သဘောတူစာချုပ် တစ်ခုဖြစ်ပြီးတော့ ငြိမ်းချမ်းရေးကို ဆောင်ရွက်တဲ့အခါမှာ အပြန်အလှန် ယုံကြည်မှုရအောင် အပြန်အလှန် လေးစားမှုဟာ အင်မတန်လိုအပ်ပါတယ်။ အပြန်အလှန် လေးစားမှုရပြီဆိုရင် ယုံကြည်မှုရရှိမှာပဲ ဖြစ်ပါတယ်။ ယုံကြည်မှုရပြီဆိုရင် ကျွန်မတို့သွားနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုကို သွားဖို့အတွက် အခက်အခဲမရှိဘူးလို့ ပြောလို့ရပါတယ်။

တွေ့ဆုံမေးမြန်း- နိုင်လင်းကြည်၊ ဇင်ဦး၊ ခင်ရတနာ၊ အေးအေးသန့်၊ မွှေးကြူဇင်၊ ခင်စုစုလှိုင်

ဓာတ်ပုံ- ထိန်နန်နော်၊ မွှေးသန့်၊ သီဟစည်သူ၊ နိုင်လင်းကြည်