တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ၅ ဖေဖော်ဝါရီ

 

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိ်ုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ က “ကျွန်တော်တို့ ဒီနေ့ လုပ်ဆောင်တဲ့အလုပ်ကတော့ အားလုံးအင်မတန်မှ ဝမ်းမြောက်ဝမ်းသာရှိတဲ့ ကိစ္စဖြစ်ပါတယ်၊ အားလုံးဆိုတာ ကျွန်တော်တို့ တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုတွေ၊ အထူးသဖြင့် မွန်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေ၊ လားဟူတိုင်းရင်းသားတွေ အထူးဝမ်းသာမယ့်ကိစ္စပဲ ဖြစ်ပါတယ်။

 

 

အားလုံးသိရှိထားတဲ့အတိုင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်တဲ့ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ဟာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၃ ရက်မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပြီးတော့ အဲဒီအဖွဲ့တွေဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) မှာ ပါဝင်ပြီး လက်မှတ်ရေးထိုးမယ်ဆိုပြီး သတင်းထုတ်ပြန်ခဲ့ပါတယ်” ဟု ပြောကြားသည်။

 

ထို့ပြင် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက “အဲဒီအတွက် နိုင်ငံတော်အစိုးရနဲ့ မွန်ပြည်သစ်ပါတီ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့အကြား NCA လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်မှာ နေပြည်တော် MICC–II မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်၊ NLD အစိုးရလက်ထက်မှာ NCA လမ်းကြောင်းနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ ပထမဆုံး လျှောက်လှမ်းလာတဲ့ အဖွဲ့တွေဖြစ်ပါတယ်။ NCA လက်မှတ် မရေးထိုးရသေးဘဲ ကျန်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကိုလည်း NCA လက်မှတ်ရေးထိုးနိုင်ဖို့၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်လာဖို့ ဆက်လက်ပြီး ကြိုးပမ်းနေတယ်ဆိုတာကိုလည်း ပြောကြားလိုပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ကို နွေးထွေးစွာနဲ့ ရင်းရင်းနှီးနှီး ကြိုဆိုဖို့ တာဝန်ရှိသလို ဒီ NCA စာချုပ် လက်မှတ်ရေးထိုးပွဲ အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးနိုင်အောင် ဆောင်ရွက်ပေးဖို့ဟာ ကျွန်တော်အားလုံးရဲ့ အဓိက တာဝန်ပဲဖြစ်ပါတယ်။ ယခုအစည်းအဝေး တက်ရောက်လာကြတဲ့သူများအနေနဲ့ (၂၁) ရာစုပင်လုံ အစည်းအဝေးကျင်းပရေး လုပ်ငန်းတွေမှာ ဆောင်ရွက်ဖူးကြတဲ့ ပုဂ္ဂိုလ်များဖြစ်ကြပါတယ်၊ NCA စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကိုတော့ NLD အစိုးရလက်ထက်မှာ ပထမဆုံး ကျင်းပတဲ့ပွဲလို့ ဆိုရင်ရပါတယ်၊ ယခင်ဆောင်ရွက်ဖူးတဲ့ လုပ်ငန်းအတွေ့အကြုံတွေ အပေါ်မူတည်ပြီး အစည်းအဝေးတက်ရောက်လာသူ အားလုံးက ဝိုင်းဝန်းဆွေးနွေးဖို့ ဖိတ်ခေါ်ရင်း နိဂုံးချုပ်အပ်ပါတယ်” ဟုပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက NCA စာချုပ်လက်မှတ်ရေးထိုးပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ်ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အခမ်းအနား ဖိတ်ကြားရေးနှင့် စပ်လျဉ်း၍ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်ကလည်းကောင်း၊ ကြိုဆိုနေရာချထားရေး၊ တည်းခိုနေထိုင်ရေးနှင့် ခန်းမအတွင်း နေရာချထားရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်ကလည်းကောင်း၊ သယ်ယူပို့ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးကလည်းကောင်း၊ တည်းခိုရေး၊ ဧည့်ခံကျွေးမွေးရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ကလည်းကောင်း၊ အခမ်းအနားပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမင်းသူကလည်းကောင်း၊ လုံခြုံရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် အောင်ဝင်းဦးကလည်းကောင်း၊ အခမ်းအနားမှူး၊ မီဒီယာမှတ်ပုံတင်ခြင်းနှင့် လုံခြုံရေးကတ်ထုတ်ပေးခြင်း၊ တိုက်ရိုက်ထုတ်လွှင့်မှုနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးရေး၊ သတင်းထုတ်ပြန်နိုင်ရေးနှင့် မှတ်တမ်းစာအုပ် ထုတ်ဝေနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လည်းကောင်း၊ ကျန်းမာရေး လုပ်ငန်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လည်းကောင်း၊ ဘဏ္ဍာရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်နိုင်ကလည်းကောင်း၊ ပူးပေါင်းညှိနှိုင်းရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးခင်မောင်တင်ကလည်ကောင်း၊ လက်မှတ်ရေးထိုးပွဲအစီအစဉ်များနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းကလည်းကောင်း၊ အခမ်းအနား ကျင်းပမည့် MICC-II နှင့်စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်ကလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ဆက်လက်၍ တက်ရောက်လာကြသူများက (၂၁) ရာစုပင်လုံ အစည်းအဝေး ကျင်းပရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

 

ထို့နောက် ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

(သတင်းစဉ်)