တစ်ခါတုန်းကတက္ကသိုလ်မှာ

၁၂-၄-၂၀၂၄ ရက်မှအဆက်

“ နို့မို့ ခင်လေးနဲ့ကျွန်တော် အပြင်ထွက်ပြီး ကရ ဦးမှာ” 

“ အင်း. . .ဟုတ်ပါရဲ့၊ အဲလိုတော့လည်း ရှက်စရာကြီးနော်” 

ထိုအချိန်တွင် ပထမရသောအတွဲသည် ပရိသတ်၏တောင်းဆိုချက်အရ  ယောက်ျားလေးကသီချင်း ဆို၍ မိန်းကလေးက ကပြရ၏။

“မှုံရွှေရည် . . . ခိုင်မာလာနှင်းဆီ”

“ခင်လေး၊ ကတတ်လား”

ကျွန်တော်က စကားစရသည့် အခွင့်အရေးလေးကို လက်မလွှတ်နိုင်။ ခင်လေးဆိုသည့် အခေါ်လေးကို ဒုတိယမ္ပိ တွဲသုံးကြည့်၏။ 

“ဟင့်အင်း . . . ကတတ်ပါဘူး”

မဆိုးတော့၊ အခြေအနေသည် လုံးဝမဆိုးတော့။ ခင်လေးဆိုသည့် အသုံးအနှုန်း အတည်ဖြစ်သွားပေပြီ။

“ကဲ . . . ဒုတိယအစီအစဉ်အနေနဲ့ စောစောက တွဲထားတဲ့အတွဲအလိုက် ရှစ်တွဲစီမယ်၊ လေးစု စုမယ်။ ပြီးတော့ အစုလိုက်ပြိုင်ပွဲလုပ်မယ်။ တစ်ကနေ ရှစ်အထိ တစ်စု၊ ကိုးကနေ တစ်ဆယ့်ခြောက်အထိ တစ်စု၊ တစ်ဆယ့်ခုနစ်ကနေ နှစ်ဆယ့်လေးအထိ တစ်စု၊ ကျန်တာတစ်စု”

အစုလိုက်ထိုင်ရမည့်နေရာများကိုလည်း ဆက်ပြော၏။ ကံကောင်းထောက်မစွာ ကျွန်တော်တို့ အစုထဲတွင် ပေါ်ဦးလည်းပါလာသည်။
“အစုလိုက်ပြိုင်ပွဲမှာ ပြိုင်ပွဲလေးမျိုးရှိပါတယ်။ တစ်က အားကစားပြိုင်ပွဲ၊ နှစ်က ဖျော်ဖြေမှုပြိုင်ပွဲ၊ သုံးက အလှပြိုင်ပွဲ၊ လေးက ရှာရှာဖွေဖွေစုစည်းလေ ဆိုတဲ့ပြိုင်ပွဲ။ အစုလိုက်အမှတ်ပေးမယ်။ ပထမရတဲ့ အသင်းဆုရမယ်။ ကဲ . . . ပထမပြိုင်ပွဲ စရအောင်”

ပျော်ပွဲစားအစီအစဉ်လုပ်သူများသည် ကတ်သီးကတ်သတ်လုပ်တတ်သူများ ဖြစ်၏။ ပထမအားကစား ပြိုင်ပွဲဆိုသည့် ပြိုင်ပွဲများကို ကြည့်ပါဦး။

“အားကစားမှာ နံပါတ်တစ်ပြိုင်ပွဲက ဖားခုန်ပြိုင်ပွဲ။ တစ်စုကနေ ကိုယ်စားလှယ်တစ်ယောက်စီလွှတ်ပါ။ လေးယောက်ပြိုင်မယ်”
 
အစုလိုက် ခေါင်းချင်းရိုက်ကုန်၏။ 

ကျွန်တော်တို့အစုတွင် ဓာတုဗေဒအဓိကမှ ဝင်းမြင့် ဆိုသူက -
“ကျွန်တော်လုပ်ပေးမယ်၊ ဘာမှမပူနဲ့။ ဒါမျိုး ကျွန်တော်ပိုင်တယ်” ဆိုပြီး တာဝန်ယူလိုက်သည်။

လေးယောက်တန်းစီပြီး တာလွှတ်လိုက်သောအခါ ဝင်းမြင့်ပင် ပထမရ၏။ မကြီးမငယ်အရွယ်တွေနှင့်  ဖားခုန်ကြရာတွင်  ကျန်သူများ အူနှိပ်နေကြ၏။

“နောက် နံပါတ်နှစ်ပြိုင်ပွဲက မျက်စိမှိတ်၊ ကြိုးတန်းခုန် အပြေးပြိုင်ပွဲ။ ခုနလိုပဲ ကိုယ်စားလှယ်တစ်ယောက် စီလွှတ်ပါ”
 
ကျွန်တော်တို့ထဲက ဝင်းမြင့်ပင်ထွက်၏။

ခေါင်းဆောင်လုပ်သူက အရင်ဆုံး ကြိုးတန်း သုံးတန်းကို အပ်ချည်ကြိုးဖြင့် တန်းပြ၏။

“ကဲ . . . ခုကတည်းက ခင်ဗျားတို့ ကြိုးနေရာတွေ၊ ကြိုးရဲ့အမြင့်တွေ မှတ်ထားပါ။ ပြိုင်ပွဲစတဲ့အချိန်မှာ ဘေးကဝင်ပြောရင် ပြောတဲ့အသင်း အရှုံး”

ကြိုးသုံးကြိုးကို တစ်လံကွာလောက်စီမှာ ကြိုးတန်းနေရာနှင့် အမြင့်များကိုချိန်၍ ခုန်ကြည့်နေသည်။

“ကဲ . . . မျက်စိတွေပိတ်မယ်”

ခေါင်းဆောင်က အချက်ပေးလိုက်သည့်အခါ ပြေးမည့်သူများကို မျက်နှာအဝတ်စည်းလိုက်၏။

ထို့နောက် သုံးပတ်စီ လှည့်လိုက်ပြီး ပြေးရမည့် နေရာတည့်တည့် ဦးတည်ပေးလိုက်၏။ 

“ပြေးတော့”

ရွှီခနဲ ဝီစီသံနှင့်အတူ လေးယောက်သား ကိုယ့်အကြံနှင့်ကိုယ် ပြေးတော့၏။

ဘေးလူများ တဝါးဝါးနှင့် ပွဲကျနေကြသည်။

တစ်ယောက်ကတော့ သူ့ကို ညာတာပါတေး လုပ်ထားသည်လား မသိ။ နောက်ဘက်သို့ မာန်ပါပါ နှင့် ပြန်လှည့်ကာ ဘာမှမရှိသောဘက်သို့ လေး၊ ငါးလှမ်းပြေးလိုက်၊ လှမ်းခုန်လိုက်၊ ကိုးရိုးကားရား ဟန်ကျနေ၏။

ခင်လေးမှာ ရယ်ရလွန်းသဖြင့် မျက်နှာလေးပင် နီနေသည်။
 
ကျန်သုံးယောက်ကတော့ တည့်တည့်ပြေး၏။

သို့သော် သူတို့ဖြစ်နေပုံကလည်း ရယ်နေရသည်။ 

တာလွှတ်လိုက်ပြီဆိုကတည်းက ကြိုးတန်းကိုင်ထားသူများက ကြိုးများရုပ်လိုက်ပြီး ဘာမှတားမထားတော့။

ဘာမှမရှိသည့် ကြိုးများကို မမြင်မကန်းနှင့် အားရပါးရခုန်ပြီး လဲသူလဲ၊ ဘေးချော်သူချော်နှင့် ဖြစ်နေကြသည်။

ဤပွဲမှာ ဘယ်သူမှ ပန်းမဝင်နိုင်။ တစ်ယောက်က ဆွမ်းတော်စွန့်သည့် အုတ်ခုံကြီးကို ဝင်တိုက်၏။ တစ်ယောက်က ကောင်မလေးအုပ်စုထဲ ဝင်တိုး သဖြင့် အော်သံများ ဆူညံသွားသည်။ ဝင်းမြင့်က ချာလည်ချာလည်နှင့် အုတ်နံရံဝင်တိုက်၏။

တကယ့်ကို ရိုးသားစွာပျော်ရခြင်းအစစ်။

ခင်လေးက ရယ်ရလွန်းသဖြင့် ဝဲလာသော မျက်ရည်များကို လက်ကိုင်ပဝါအဝါလေးဖြင့် တို့၍နေသည်။

“ဒုတိယအစီအစဉ် စပါမယ်။ အဲဒါက ဖျော်ဖြေမှု ပြိုင်ပွဲ။ ခုချက်ချင်းပေါ်လာတဲ့ အစီအစဉ်တစ်ခုစီ ဆွဲပြီး တစ်ဖွဲ့ကိုတစ်ခု၊ ကျန်တဲ့အဖွဲ့တွေ ပရိသတ်ကို ဖျော်ဖြေပါ။ ဖျော်ဖြေမှုအကောင်းဆုံးအဖွဲ့ ရွေးပြီး အမှတ်ပေးပါ့မယ်”

ကျွန်တော်တို့အဖွဲ့မှာ  နံပါတ်လေးအဖွဲ့ဖြစ်၍ နောက်ဆုံးမှပြိုင်ရမည်ဖြစ်ရာ ကျန်အဖွဲ့များ၏အခြေအနေကို တွက်နိုင်သဖြင့် တစ်ပန်းသာသွားသည်။ ပိုဟန်ကျသည်က  အကော်ဒီယံပါသော  ပေါ်ဦး ကျွန်တော်တို့အဖွဲ့ထဲ ရောက်နေခြင်းပင်။

ကျန်အဖွဲ့များမှာ  တူရိယာပစ္စည်းလည်း  မပါ၊ တိုက်ထားသူလည်း မရှိသူ၊ ရှိသည့်သူများကလည်း နောက်ပိုင်းအစီအစဉ်မှာဆိုရန် ချန်ရဦးမည်ဖြစ်ရာ ကျွန်တော်တို့အဖွဲ့ကို မမီ။

ကျွန်တော်တို့အဖွဲ့အလှည့် ရောက်သောအခါ ပေါ်ဦးက ထောင်ပေး၏။

“ဟေ့ကောင် . . . မင်းဆို၊ ငါတီးမယ်” 

ကျွန်တော်က မျက်လုံးပြူး၍ ခေါင်းခါပြီး -

“ဟာ . . . မဟုတ်တာကွာ၊ မလုပ်ပါနဲ့။ မင်းဘာသာ မင်း ဆိုတီးလုပ်ပါ”

အမှန်တော့ ကျွန်တော် မဆိုတတ်၍မဟုတ်။ ပေါ်ဦးနှင့် ကျွန်တော်က တစ်ခန်းတည်းအတူနေရ၍ သူအတီး ကိုယ်အဆိုနှင့် ဟန်ကျနေပြီးသား။ သူကလည်း ကျွန်တော့်အဆိုနှင့် သဘောကျသည်။

သို့သော် ခုပွဲမှာ ကျွန်တော် မဆိုရဲ။ ခင်လေးရှိနေ သည်ဆိုသော အသိနှင့် ကျွန်တော် ရှက်ရွံ့နေမိသည်။ 

သို့သော် . . . သို့သော် . . .

“ဟာ . . . မင်းနဲ့မှ ဖြစ်မှာကွ။ မင်းနဲ့ငါက တီးနေ ကျ၊ ဆိုနေကျ”
 
ကျွန်တော် ခေါင်းခါဆဲ -

“ဟုတ်သားပဲ ဆိုစမ်းပါ၊ ခင်လေးလည်း နားထောင် ချင်တယ်”
 
ကျွန်တော်နှင့် ပေါ်ဦး ငြင်းခုံနေခြင်းကိုကြည့်၍ ခင်လေးက ဝင်ပြောသည်။

ကဲ. . . ကျွန်တော် ဘာတတ်နိုင်ဦးမည်နည်း။ ခင်လေးလိုချင်သည်ဆိုလျှင် သမဝါယမက ခွဲတမ်း ပစ္စည်းတောင် ဈေးပို၍ပေးပြီး အပြင်ကဝယ်ပေးမည် မဟုတ်လား။

“ကျွန်တော်တို့အဖွဲ့မှာ ကျွန်တော် ပေါ်ဦးက အကော်ဒီယံတီးပြီး ကျွန်တော့်သူငယ်ချင်း ထွန်းဝေ က သီချင်းဆိုပါ့မယ်။ သူဆိုမယ့်သီချင်းက ကိုယ် ထူးကိုယ်ချွန်တဲ့”

“ဟာ . . . ဒီကောင် ဘယ်လိုလုပ်လိုက်တာလဲဟု စိတ်ထဲက ထောင်းခနဲဖြစ်သွား၏။ ကျွန်တော်ကတော့ ခင်လေး နားထောင်ချင်သည်ဆိုသဖြင့် ခပ်ရိရိခံစားမှုသီချင်းလေး ဆိုမလား စိတ်ကူးထားသည်။ မေ့ပါနိုင်တို့၊ ပန်းပုသူဇာတို့ စသဖြင့် . . .။ သူက အသားလွတ် ဝင်၍ဖျက်သည်။

ကျွန်တော့်ခေါင်းထဲ မကြည်မလင် ဖြစ်နေချိန်တွင် ပေါ်ဦးက အတောစ၍ တီးနှင့်ပြီ။ မတတ်နိုင်တော့၊ အလိုက်သင့်ပင် ဝင်ဆိုရတော့သည်။

“ယောက်ျားကောင်း အတောင်နှစ်ဆယ်ဆိုတာ . . . ကောင်းကင်ကကြယ် မလွတ်စတမ်းသာ . . . ဝီရိယ လုံ့လကိုသာ . . . ထာဝစဉ်ရှိဖို့ သတိယှဉ်ပါ . . . အထက် ကိုချိန်ကာ . . . ဝတိံသာခေါင်ထိပ် . . . မောင့်စိတ်တံခွန် တလူလူဖြာ . . . သူများအားကိုး ခါးကျိုး နာလံမထူ . . . တကယ့်လူဆိုတာ . . . အတ္တာဟိ အတ္တနော နာထော . . . မိမိကိုယ်သာ ကိုးကွယ်ရာ”

အစတုန်းက မစဉ်းစားမိသော်လည်း ဆိုရင်း ဆိုရင်းနှင့် ခံစားမှုလေးတွေ ဝင်လာသည်။ မျက်စိထဲတွင် ခင်လေးစီးလာသော ကားလေးကို မြင်ယောင်လာသည်။ ရွာမှ အမေ့ကုန်စုံဆိုင်လေးကို မြင်ယောင် လာသည်။ ပြီးတော့ ခင်လေးကိုယ်ပေါ်မှ အဖိုးတန် ပစ္စည်းများ၊ ကျွန်တော့်ကိုယ်ပေါ်မှ တစ်ခုတည်းသော လူစဉ်မီဝတ်စုံလေး။
ရင်ထဲမှာ လှုပ်ရှားလာသည်။ ထို့ကြောင့် ဆိုရသော စာသားများမှာလည်း အသက်ဝင်လာ၏။

“ကဲ ဉာဏ်ကိုယုံကြည်စွာ . . . ကိုယ့်ကိုယ်ကိုယ် အားကိုးကာ . . . လိုရာကိုစိတ်ကူးကာ . . . အောင်လမ်း ကိုတွေ့အောင်ရှာ” 

အမှတ်မထင် ခင်လေးမျက်နှာကို လှမ်းကြည့် လိုက်၏။ ကျေနပ်သောအပြုံးလေးနှင့် ကြည့်နေ သော အကြည့်လေးမှာ တစ်ကမ္ဘာလုံးက အားဆေး များ စုထားသည်ထက်ပင် အစွမ်းထက်နေသည်။ 
“မမီတဲ့ပန်းလို့ လောကမှာမရှိသေး . . . မောင်တွေး ကြံယူကာ တံချူနဲ့ချူရင် အလွယ်တကူပါ . . . အို အတ္တာဟိ အတ္တနော နာထော . . . မိမိကိုယ်သာ ကိုးကွယ်ရာ”

သီချင်းအဆုံးတွင် လက်ခုပ်သံများ ပေါ်လာ၏။ 

ကျွန်တော့်မျက်စိထဲတွင် ဘွဲ့နှင်းသဘင်ခန်းမကြီး မြင်လာသည်။
တက္ကသိုလ်တက်ရခြင်း ရည်ရွယ်ချက်တွင် နှလုံးသား၏ဆန္ဒကြောင့် ပိုလာသောအချက်လေးတစ်ချက်လည်း ကျွန်တော့်ရင်တွင် တိုးလာ၏။

ကိုယ်ကြိုးစားပါ့မယ် အချစ်ရယ် . . . ။ အဲ . . . ခင်လေးရယ် . . . ။

တတိယ ပြိုင်ပွဲကတော့ အလိုလိုနေရင်း နိုင်ပြီးသား ဖြစ်သွားသည်။

“ဒီပြိုင်ပွဲကတော့ အလှပြိုင်ပွဲမို့ တစ်ဦးစီ မပြိုင် တော့ဘူး။ ဒီအထဲမှာ ‘ကွင်း’ ရွေးမယ်။ အဲဒီ ‘ကွင်း’ ပါတဲ့အဖွဲ့ အမှတ်ရပါတယ်။ အားလုံးရွေးပေးပါ။ သာဓုကန်မှာရွေးခဲ့တဲ့ အလှဘုရင်မတစ်ယောက်” 

သည်အချက်ကတော့ အလိုလိုနိုင်သွားသည်။

ဆက်လက်ဖော်ပြပါမည်။