တစ်ခါတုန်းက တက္ကသိုလ်မှာ

၂၂-၄-၂၀၂၄ ရက်မှအဆက်

နွမ်ဂျာသိုင်း

ရယ်စရာပြောသော်လည်း ကျော်ညွန့်က မရယ်။ ကျွန်တော် ပြုံးကြည့်နေလိုက်သည်။ ကျော်ညွန့်က လေးလေးနက်နက် အမူအရာဖြင့် -

“ငါ အကောင်းပြောမလို့

“လုပ်ပါ၊ ပြောပါ။ ပေါ်ဦး မနောက်နဲ့

သူ့မျက်နှာအမူအရာကြောင့် ကျွန်တော်ကသူ့စကားကို ဝင်ထောက်ပေးရင်း ပေါ်ဦးကို လှမ်းဟန့်လိုက်သည်။

“ကောင်မလေးအခြေအနေက သိပ်မြင့်တယ်။ မင်းတို့၊ ငါတို့ဘဝနဲ့ ဘာမှမဆိုင်ဘူး

“ဘာလဲ၊ ကောင်မလေးက ထန်းပင်ပေါ်မှာနေလို့လား

ပေါ်ဦးက အသားလွတ်ဝင်ကြောင်သည်။ သို့သော် ကျွန်တော်လိုက်မရယ်ဖြစ်။ ကျော်ညွန့်၏ စကားများသည် ရင်တွင်းမှ တော်တော်နှင့်ပျောက်မသွား။

“မနောက်ပါနဲ့ပေါ်ဦး၊ ငါတကယ်ပြောတာ။ အထူးသဖြင့် ဒီစကားက ထွန်းဝေအတွက်ပြောနေတာ။ တစ်နေ့နေ့ကျရင် ဒီကိစ္စဟာ တစ်ကြောင်းမဟုတ် တစ်ကြောင်းနဲ့ ဝင်ပတ်သက်လာမှာ အမှန်ပဲ

ကျော်ညွန့်၏ တည်ငြိမ်သောမျက်နှာကို စေ့စေ့ပြန်ကြည့်ရင်း ခေါင်းညိတ်ပြလိုက်၏။ ပေါ်ဦးကတော့ မျက်နှာပိုးမသတ်။ ခေါင်းတခါခါလုပ်၍ ဝင်ပြောပြန်သည်။

“ငါတော့ မဆိုင်ဘူးထင်တယ်။ မမီတဲ့ပန်းဆိုတာ လောကမှာမရှိဘူး။ တံချူနဲ့ချူရင် အလွယ်လေးပါ။ ဟုတ်တယ်မဟုတ်လား ထွန်းဝေ။ ဟိုနေ့က ငါအဲဒါကြောင့် မင်းကို အဲဒီသီချင်းဆိုခိုင်းတာ

ပေါ်ဦးက ရွှတ်နောက်နောက် ဝင်ပြောနေတာလား မဝေခွဲနိုင်။ သို့သော် ရင်ထဲကတော့ အားတက်စိတ်ကလေး ပေါ်လာ၏။

“ခင်လေးအခြေအနေက အတော်မြင့်လို့လား

ကျွန်တော့်အမေးကို ကျော်ညွန့်က တစ်လုံးချင်း ဖြေသည်။

“ကောင်မလေးအဖေက ကော်ပိုရေးရှင်းတစ်ခုမှာ ဦးစီးအရာရှိကြီး၊ သူ့အမေက မိဘလက်ထက် ကတည်းက သိန်း လေး၊ ငါးဆယ် ချမ်းသာလာခဲ့သူ။ သူက တစ်ဦးတည်းသောသမီး၊ နေတာက ဝင်ဒါမီယာ ထဲမှာ

သူ့စကား နောက်ဆက်တွဲများကို ကျွန်တော်မကြားတော့။ ကျွန်တော့် မျက်လုံးထဲတွင် ငမိုးရိပ်ချောင်းဘေး ရွာလေးတစ်ရွာမှ ပျဉ်ကာ ဓနိမိုး၊ သုံးပင် နှစ်ခန်း အမေ့အိမ်ကလေး။

စောစောက အမှတ်မထင်ပေါ်လာသော အားတက်စိတ်ကလေးသည် လွင့်သွားသော ဆေးလိပ်မီးခိုးများထဲတွင် လွင့်ပါသွားတော့၏။

 

သိပ်ချစ်တာပဲ

အသည်းထဲမှာ၊ ပန်းဝတ်လွှာလို

သိုကာထားမယ်၊ ပျားလည်းမချဉ်း

လေညင်းမကြူ၊ ကိုယ်ပဲမြှူမယ်

အူတိုတယ်ပဲ ပြောချင်ပြော။

ကိုယ့်စားပွဲတွင် ကိုယ်ထိုင်၍ စိတ်ကူး ရသမျှ ကဗျာစလေးရေးနေစဉ် နောက်ဘက်မှ ဂေါ်ဂေါ်ဂီဂီ အသံကြားရ၏။

 

လှည့်ကြည့်လိုက်သောအခါ အကော်ဒီယံ ထုတ်၍ လက်စမ်းနေသော ပေါ်ဦး။

“ဟေ့ကောင် ... သူများတွေ အိပ်ချိန် ရောက်နေပြီကွ

အချိန်က ကိုးနာရီ ကျော်နေပြီဖြစ်သဖြင့် ပေါ်ဦးကို ဟန့်လိုက်သည်။ ပေါ်ဦးက ပြုံးစိစိလုပ်ရင်း -

“အေးပါ၊ ငါဒီမှာတီးဖို့မဟုတ်ပါဘူး။ လာမင်းပါလိုက်ခဲ့

“ဟေ့ကောင်...ဒီအချိန်ကြီးမှ ဘာပေါက် မလို့လဲ

အထာမသိသော ကျွန်တော်က ယောင်ကန်းကန်းနှင့် မေးလိုက်မိသည်။

“အဆောင်မှာ သွားတီးမလို့

တည့်တည့်ပြောမှ ကျွန်တော် ရိပ်မိတော့သည်။ သူပြောလိုက်လျှင် ပြောလိုက်ချင်း ကျွန်တော် ထလိုက်ချင်စိတ် ပေါက်သွားသည်။ သို့သော် ချက်ချင်းပြန်၍ စိတ်ဓာတ်ကျသွား၏။ ကျွန်တော် ဆိုပြချင်သောသူသည် တက္ကသိုလ် ဘယ်အဆောင်မှာမှ မရှိပါလား။

ရှိတဲ့နေရာကျတော့ ... ။

“လာပါကွာ လိုက်ခဲ့စမ်းပါ၊ အပျော်ပေါ့

ပေါ်ဦးက သူ့အကော်ဒီယံကြီးကို မလေးသကဲ့သို့ တလွယ်လွယ်လုပ်နေပြီး ကျွန်တော့်ကို အတင်းလက်ကုတ်ခေါ်၏။ ကျွန်တော် ထရပ်လိုက်သည်။ သူပြောသလို အပျော်ပဲပေါ့လေ။

“ဒီလိုမှပေါ့ကွ၊ အခန်းသော့ခတ်ခဲ့

နှစ်ယောက်သား ယုဒဿန်လမ်းမပေါ် ရောက်သောအခါ လမင်းသည် ထိန်ထိန်သာနေ၏။ သစ်ရွက်များကြားမှ တိုးဝှေ့ ဆင်းလာသော လရောင်သည် ယုဒဿန် လမ်းမပေါ်တွင် ဟိုတစ်ကွက် သည်တစ် ကွက်။

ရှေ့တည့်တည့် လှမ်းကြည့်လိုက်သောအခါ လရောင်အောက်တွင် ထီးထီး မားမားကြီးရပ်နေသော ယုဒဿန်မျှော်စင် ကြီးကို ဘွားခနဲတွေ့ရသည်။

ဆောင်းဦးဘက်လုလာပြီဖြစ်သဖြင့် အောက်တိုဘာနှင်းငွေ့များကို လရောင်ဆမ်းလျက် တွေ့နေရသည်။ ရင်ထဲတွင် အလွမ်းရသလေးတစ်ခုက တရိပ်ရိပ် ပျံ့လာသည်။

“သီတင်းကျွတ်တော့မယ်ကွ

ပေါ်ဦး၏စကားကြောင့် ပြည့်လုလု လမင်းကိုမော်ကြည့်သည်။ ခါတိုင်းဆိုလျှင် သည်လို လသာညမျိုး၌ ငမိုးရိပ် ချောင်းကမ်းပါးတွင် သွားသွားထိုင်နေကျ မဟုတ်ပါလား။

သို့သော် ဒီတစ်ခါတော့ ငမိုးရိပ်သည် ဘယ်ချောင်သို့ တိမ်းရှောင်သွားပြီမဆိုနိုင်။ မြူနှင့် နှင်းမှုန်ကြားတွင် မျက်နှာလေးတစ်ခုကိုသာ မြင်နေ၏။

ယုဒဿန်ခန်းမဘေးမှ ဝါးရုံများတွင် ပါးချိုင့်လေးနှင့် ကောင်မလေးတစ်ယောက်ကို မြင်နေရ၏။ ဂျပ်ဆင်မျှော်စင် ထိပ်ဖျားမှာတော့ ဆင်စွယ်နှစ်ရောင် ပါးမို့မို့နှင့် ခင်လေး၊ သီရိဆောင်မှ ရေတမာပင်ရွက်များပေါ်တွင်တော့ ခင်လေးဟု သွယ်သွယ်လျလျ လက်ရေးဖြင့် ထိုးထားသော ထိုးမြဲလက်မှတ်လေး တစ်ခု။

စိတ်နှင့်အတူ ကျွန်တော့်ခန္ဓာကိုယ် သည် လရောင်ထဲတွင် မျောပါသွားပြီ ထင်၏။

“ကဲ ... ဆိုကွာ

သီရိဆောင် အဝင်တံခါး အုတ်ခုံ၌ထိုင်မိလျှင် ပေါ်ဦးက ခပ်တိုးတိုးပြောသည်။ ရင်ထဲတွင် သီချင်းလေးတစ်ပုဒ် အလိုလို ရိုက်ခတ်လာသဖြင့် -

“သုံးရာသီ တီးကွာပေါ်ဦး

ပေါ်ဦးက ခေါင်းညိတ်၍ ပြုံးပြသည်။

ပေါ်ဦး၏ အကော်ဒီယံအသံနှင့်အတူ ကျွန်တော့်စိတ်သည် သာဓုကန်ရေပြင်ပေါ်တွင် ပြေးလွှားနေသည်ထင်ရ၏၊

“မောင် ... မေ့နိုင်ဘူးကွယ့် ခင့်ကို... လတွေ နှစ်တွေ ပြောင်းလေပို...အချစ်ဦး လေးကို...လွမ်းနေတဲ့ရက်ကို မျှော်ရောင် ကာစာဆို...နေ့စဉ်ပဲ တမ်းတပို

အဆောင်တွင်း အခန်းအချို့မှ မီးများလင်းလာသည်ကို တွေ့ရ၏။ ခင်လေးများ အိပ်နေပြီလား။ စိတ်ထဲတွင် တမ်းတစွာ တွေးလိုက်မိသည်။

“နွေဦးကဆို ... သွင်းလေရူးရမ်းပို ... ဟိုညောင်ပင်ညိုညို ငှက်ရွှေဥသြက ချွဲသလို ... ချစ်သူဝေးလို့ ... အလွမ်းတွေပို

အဆောင်စင်္ကြံ သံဆန်ခါဆီသို့ လူရိပ်အချို့ ရောက်လာသည်ကို တွေ့ရ၏။ ကျွန်တော့်မျက်လုံးများသည် ခပ်လှမ်းလှမ်း ယုဒဿန်ခန်းမကြီးဆီ ပြန်ရောက်သွားသည်။ သီချင်း၏ ဒုတိယပိုဒ်ကိုဆိုစဉ် ကျွန်တော့်စိတ်များ ကိုယ်ထဲတွင်မရှိ။

ကျွန်တော် ဒီလိုခံစားရခြင်းများအား ခင်လေးကို ဘယ်လိုအသိပေးရမည်လဲ။ စိတ်ထဲတွင် တွေးမိသည်။ အကယ်၍ ခင်လေးသည် မေ့မေ့ပျောက်ပျောက် နေတတ်သောလူမျိုး မဖြစ်အံ့။ သူလည်း ကံ့ကော်ရွက်လေးတစ်ရွက်ကို သတိရချင် ရနေပေလိမ့်မည်။

လွင့်ပါးနေသောစိတ်သည် ယုဒဿန် မြက်ခင်းကိုဖြတ်၍ ကျွန်တော့်ထံ တစ်ဖန် ပြန်လာ၏။

“မြူမှုန်မှုန် ... ချိန်ခါဆို ... မြောက်ပြန် လေညင်း ငွေနှင်းဖွေးဖွေးစို ... တစ်ကိုယ်ရေ တည်းနော် ... ငြီးငွေ့သလိုလို... ထင်ယောင် ထင်ငယ်ပို

သည်မှတစ်ဆင့် သီချင်းအဆုံးပိုဒ် ရောက်သည့်အခါ ထွက်သက်ကို မျှဉ်း၍ထုတ်မိသည်။ ရင်ထဲမောနေ၏။

“တကယ်ကွာ ငါတောင် ဆွေးသွားတယ်။ သီရိသူတွေတော့ ခိုက်နေကြပြီ။ ဟိုမှာတွေ့လား၊ ပြူတစ်ပြူတစ်နဲ့

လွမ်းလာသော အလွမ်းသည် သူ့ ပြူတစ်ပြူတစ်ရောက်မှ ပျက်သွား၏။

“ဒီမှာသူငယ် ... ခဏ

တိတ်နေသောပတ်ဝန်းကျင်မှ ရုတ်တရက်ပေါ်လာသောအသံကြောင့် ဆတ်ခနဲတုန်သွား၏။

အလန့်တကြား ကြည့်လိုက်သောအခါ သီရိဆောင် အဝင်တံခါးသံတိုင်ကြားမှ အသက်ကြီးကြီး လူတစ်ဦးကို မြင်ရ၏။

“ခင်ဗျာ

ဘာမှန်းမသိသဖြင့် ပြန်ထူးရင်း ထူးမေး မေးလိုက်သည်။ ထိုလူကြီးက လက်ကို ဆန့်တန်းပေးရင်း –

“မောင်ရင့်ဆီ အဆောင်ပေါ်က စာပေးလိုက်လို့

ရော် ... သည်အချိန်မှာ ဘယ်ကဘယ်လို လူက စာပေးလိုက်ပါလိမ့်ဟု တွေးမိသည်။ ပေါ်ဦးကတော့ သဘောပေါက် ဟန်တူသည်။

“ရီကွက်စ်လုပ်တာနဲ့တူတယ် ထွန်းဝေ၊ ယူလိုက်လေ

ကျွန်တော် ကပျာကယာထ၍ ထိုလူ ကြီးထံမှ စာရွက်ခေါက်ကို လှမ်းယူ လိုက်သည်။ ထိုလူကြီးက တစ်ဆက် တည်း အထုပ်တစ်ထုပ်ကိုပါ လှမ်းပေးရင်း -

“ဒါပါပေးလိုက်တယ်

“ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ ခင်ဗျာ

ထိုလူကြီး ပြန်လှည့်သွားချိန်တွင် ကျွန်တော် စာကိုဖွင့်၍ လရောင်နှင့် ဖတ်လိုက်၏။

အတွက် ...

သီချင်း သိပ်ကောင်းတယ်။

ဆွေးသွားတာပဲ ... ။

ကဲ ... လက်ဖက်သုပ်လည်းစားပါ။

ပြီးတော့ သီချင်းကောင်းကောင်း လေးတွေ ဆိုပါဦး၊ ခံစားမှုလေးတွေပေါ့။

သီရိက တောင်းဆိုချင်တာကတော့...

“ပျိုသီရိမေ ဆိုစေချင်ပါတယ်။

ခင်သော သီရိမေများ

“ကဲ ... ပျိုသီရိမေတဲ့၊ ရလား ပေါ်ဦး

သီချင်းက ကိုဝေဇင်၏ ရှားရှားပါးပါး ခေတ်ဟောင်းနာမည်ကြီးသီချင်းမို့ ပေါ်ဦး ရ၊ မရ မသေချာသဖြင့် မေးလိုက်သည်။

“ရတာပေါ့ဟ၊ ငါ့ဖေးဗရိတ်ပဲ

“ဒါဖြင့် တီး

အလွမ်းမဟုတ်သော်လည်း အလှဘွဲ့ဖြစ်သဖြင့် ဆို၍အားရပါသည်။ အလှဘွဲ့ မှန်သမျှသည် ခင်လေးအတွက် သက်သက် ရည်စူးထားသကဲ့သို့ပင် ဖြစ်နေသည် မဟုတ်ပါလား။

ဆက်လက်ဖော်ပြပါမည်။