တဲကြီးကုန်း၊ မဲဒီး၊ ဘစ်အမ်မှသည် ဖောင်းလောင်ဆီသို့

မောင်အောင်

ဒီတစ်ပတ် ရုံးပိတ်ရက် ကျွန်တော် ခရီးဝေးမသွားဖြစ်ပါ။ လိုအပ်က အလုပ်လုပ်ရန် စောင့်ဆိုင်းနေခြင်းဖြစ်ပါသည်။ ကျွန်တော့် ပင်ကိုစိတ်က ခရီးမသွားရ မနေနိုင်ပါ။ ရုံးဖွင့်ရက်တွင် နံနက် ၈ နာရီခွဲလောက် အိမ်ကထွက်ပြီး ရုံးတစ်နေကုန်တက်ပါသည်။ ပုံမှန်အားဖြင့် ည ၇ နာရီလောက်မှ အိမ်ပြန်လေ့ရှိသဖြင့် တစ်နေ့လုံးလုံး၊ တစ်ပတ်လုံးလုံး ရုံးတွင်သာ ရှိနေသည့်ကျွန်တော်။ တစ်ပတ်တစ်ကြိမ်တော့ ခရီးထွက်ပြီး တောရိပ်တောင်ရိပ် ကြည့်လိုပါသည်။ လယ်ကွင်းစိမ်းစိမ်းမှ ဖြတ်သန်းတိုက်ခတ်လာသည့် လေကောင်းလေသန့်တွေကို ရင်ဘတ်ကြီးအပြည့် တစ်ဝကြီးရှူလိုပါသည်။ ပြီးတော့ ပွင့်လင်းရိုးသားသည့် တောအရပ်မှ လယ်သမားကြီးများ၊ သူတို့၏ တဲ့တိုးပြော တတ်သည့်စကားများ ကျွန်တော်ကြားချင်ပါသည်။ သူတို့၏ စကားသံတွေက ကျွန်တော် ဘာလုပ်ရမည်ကို ညွှန်ကြားနေသည် မဟုတ်ပါလား။

သည်တစ်ပတ်လည်း ဇမ္ဗူသီရိမြို့နယ် တဲကြီးကုန်းကျေးရွာရှိ စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ် စံပြစိုက်ကွင်းသို့ နံနက် ၈ နာရီထိုးခါနီး ရောက်ရှိသွားသည့်အခါ ကားလမ်းဘေးမဏ္ဍပ်တွင်း၌ တောင်သူဦးကြီးများ ရောက်ရှိပါပြီ။

“ကဲ ရောက်နေတာကြာပြီလား။ ဦးကြီးတို့ အစောကြီးလာနေရမှာစိုးလို့ အိမ်က ၇ နာရီခွဲမှ ထွက်ခဲ့တာ။”

ကျွန်တော်က အားလုံးကို ဝေ့ကြည့်ရင်း နှုတ်ဆက်လိုက်ခြင်းဖြစ်သည်။
“ကျုပ်တို့ တောသားတွေက မနက် ၅ နာရီ မထိုးခင် အိပ်ရာကထတာဗျာ။”

“ကျွန်တော်လည်း တောသားပါ။ မနက် ၄ နာရီလောက် ပုံမှန်အိပ်ရာက ထပါတယ်။”

မျက်နှာသုတ်ပဝါခေါင်းပေါင်းထားသည့် ဦးကြီးတစ်ယောက်၏ အပြောကို ပြန်ဖြေလိုက်ရင်း ကျွန်တော် ရှေ့ဆုံးထိုင်ခုံ၌ ဝင်ထိုင်လိုက်သည်။

“ကျွန်တော်တို့ နေပြည်တော်ကောင်စီနယ်မြေမှာ ပြီးခဲ့တဲ့ ၂ဝ၂၁-၂ဝ၂၂ ခုနှစ်မှာ စပါး၊ အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ မတ်ပဲ၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ချည်မျှင်ရှည်ဝါနှင့် ကြံ စုစုပေါင်း ၄၇၅ဝ၇၆ ဧက စိုက်ပျိုးဖို့ လျာထားရာမှာ အမှန်တကယ်စိုက်နိုင်တာ ၄၇၂၇၄၉ ဧက ဖြစ်ပါတယ်။ သီးထပ်စိုက်တာရယ်၊ ရှိတဲ့မြေဧကကို နွေသီးနှံ၊ မိုးသီးနှံ၊ မိုးနှောင်းနဲ့ ဆောင်းသီးနှံတွေပါ စိုက်နိုင်ခဲ့တာရယ်ကြောင့် တောင်သူတွေအနည်းဆုံး နှစ်သီးစားနိုင်တဲ့ အနေအထားရှိပါတယ်။ ဒီနှစ် ၂ဝ၂၂-၂ဝ၂၃ ခုနှစ် နေပြည်တော် ကောင်စီနယ်မြေ ရှစ်မြို့နယ်မှာ လျာထား မိုးစပါးစိုက်ဧက ၁၆၈၂၇ဝ မှာ မနေ့က အထိ ၈၅၇၅၁ ဧက စိုက်ပျိုးပြီး ဖြစ်ပါတယ်။ ကျန်တဲ့ စိုက်ဧကတွေကိုလည်း ဒီလအတွင်းအပြီး စိုက်ပျိုးသွားဖို့ လျာထားပါတယ်။” 

နေပြည်တော် ကောင်စီနယ်မြေ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးဝင်းထိန်က ကျွန်တော် အပါအဝင် တောင်သူကြီးများအား ရှင်းပြနေခြင်း ဖြစ်သည်။

“ကျွန်တော်တို့ မိုးစပါးကို လယ်မြေအခြေအနေအရ ကြဲခင်း၊ တိုက်ရိုက် အစေ့ချ၊ ရိုးရိုးပျိုးပြီး လက်နဲ့စိုက်တာ၊ စက်မှုလယ်ယာနဲ့ပေါင်းပြီး မျိုးစေ့ချစက်နဲ့ စိုက်တာ၊ ကောက်စိုက်စက်နဲ့ စိုက်တာ၊ အမျိုးမျိုးစိုက်ပြတာ၊ သရုပ်ပြတာ လုပ်ပေးပါတယ်။ အဓိက အထွက်နှုန်းတိုးဖို့က ကောက်ကွက်ပြည့်ပြီး တန်းခြား ပင်ခြားမှန်ကန်ဖို့၊ မျိုးကောင်းပြီး စိုက်နည်းစနစ်မှန်ကန်ဖို့နဲ့ သွင်းအားစုစနစ်တကျသုံးစွဲဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိနေပြည်တော်ကောင်စီ နယ်မြေမှာ လယ်မြေမှာသာမက ယာမြေ၊ သစ်တောမြေနဲ့ အခြားမြေတွေမှာလည်း မိုးစပါးစိုက်တာ ရှိပါတယ်။ ဒီလိုစိုက်တဲ့အခါမှာ ရေတော်၊ မိုးတော် စိုက်ရတာရှိသလို သဲဆန်ကုန်းကြောတွေ မှာလည်း စိုက်တာရှိတာကြောင့် ရေမြေနဲ့ သင့်တော်တဲ့ စပါးမျိုးကို ရွေးချယ်စိုက်ပျိုးဖို့ ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနက လယ်သမားတွေကို အကြံပြုဆောင်ရွက်ပေးလျက်ရှိပါတယ်။”

ဦးဝင်းထိန် တင်ပြအပြီးတွင် ကျွန်တော့်အလှည့်ပါ။

“ကျွန်တော်တို့နိုင်ငံမှာ လူဦးရေ ၁ဝဝ ရှိရင် ၇ဝ ရာခိုင်နှုန်းက တောအရပ်ဒေသမှာ နေတာကြောင့် နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့ဟာ ၇ဝ ရာခိုင်နှုန်းသော တောအရပ်နေ ပြည်သူလူထုရဲ့ လူမှု စီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးပါတယ်။ တောအရပ်မှာနေတဲ့ လူအများစုဟာ စိုက်ပျိုးရေးနဲ့ မွေးမြူ ရေးလုပ်ငန်းကို အဓိကအသက်မွေးဝမ်းကျောင်းအနေနဲ့ ဆောင်ရွက်တာ ဖြစ်ပါ တယ်။ အဲဒါကြောင့် နိုင်ငံတော်ကို လက်ရှိတာဝန်ယူထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစိုးရ ချမှတ်ထားတဲ့ ဦးတည်ချက်(၉)ရပ်အနက် စီးပွားရေးဦးတည်ချက်မှာ “စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေး” ဆိုတဲ့ ဦးတည်ချက်ကို ပထမအချက်အနေနဲ့ ထည့်သွင်းချမှတ်ပြဋ္ဌာန်းထားပြီး စိုက်ပျိုးမွေးမြူရေး ဖွံ့ဖြိုးတိုးတက်အောင် အထူးဦးစားပေးဆောင်ရွက်လျက် ရှိပါတယ်။

စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ဖို့ ကိစ္စမှာ ကျွန်တော်တို့ တောင်သူဦးကြီးတွေ သိကြပြီးဖြစ်တဲ့ မျိုး၊ မြေ၊ ရေ၊ နည်း၊ သွင်းအားစု” ဒီငါးချက်အရေးကြီးပါတယ်။ မျိုးကောင်းတဲ့ စပါးမျိုးကို ရွေးချယ်စိုက်ပျိုးမှ စပါးအထွက်ကောင်းပြီး ဈေးကောင်းရမှာပါ။ ဒီမျိုးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ နေပြည်တော် ကောင်စီနယ်မြေမှာ အများစုကတော့ ဆင်းသုခနဲ့ မနောသုခ စိုက်ကြပေမယ့် စူပါနှံကောက်၊ ရွှေတိုး၊ ဧရာမင်း၊ GW11၊ ပေါ်ဆန်းရင်၊ ဆင်းသွယ်လတ်၊ ကောက်ညှင်းနဲ့ တောင်ယာစပါး စိုက်ကြတာတွေလည်းရှိပါတယ်။ မြေအခြေအနေအရ စိုက်ကြတာမှန်ပေမယ့် စောစောက ကျွန်တော်ပြောသလို အထွက်ကောင်းပြီး ဈေးကောင်းရတဲ့စပါးကို တစ်အုပ်တစ်မ စိုက်ကြဖို့လိုပါတယ်။

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ပြီးခဲ့တဲ့နှစ်က ဧက ၁၀၀၊ တင်း ၁ဝဝ ထွက်ရှိရေး ကျွန်တော်တို့ ဆောင်ရွက်ခဲ့တာ ရှိပါတယ်။ ကျွန်တော်တို့ စိုက်ပြတာ၊ လုပ်ပြတာက စပါးမျိုးကောင်းကို စနစ်ကျသာစိုက်ခဲ့ရင် ဧက ၁ဝဝ တစ်ဆက်တစ်စပ်တည်း စိုက်တာတောင် တင်း ၁ဝဝ ကျော် သေချာပေါက် ထွက်တယ်ဆိုတာကို ကျွန်တော်တို့ တောင်သူတွေ သိစေချင်လို့ပါ။ ဒီအခု တက်ရောက်လာတဲ့အထဲက မနှစ်က ဧက ၁ဝဝ ၊ တင်း ၁ဝဝ စီမံကိန်းမှာစိုက်တဲ့ တောင်သူပါပါသလားခင်ဗျ။”

“ပါပါတယ်။ ကျွန်တော်ပါ။ မနှစ်က ဧက ၁ဝဝ၊ တင်း ၁ဝဝ စီမံကိန်းမှာ ကျွန်တော့်လယ် ၁၅ ဧက ပါပါတယ်။”

စောစောက တဘက်ခေါင်းပေါင်း ထားသည့် တောင်သူဦးကြီးပင် ထ၍ ဖြေလိုက်ခြင်း ဖြစ်သည်။

“ဪ…စောစောက ဦးကြီးပဲကိုး၊ ကောင်းတာပေါ့။ မနှစ်က ဧက ၁ဝဝ၊ တင်း ၁ဝဝ စိုက်တော့ ကျွန်တော်တို့ စိုက်ပျိုးရေးဦးစီးဌာနက ဘာတွေလုပ်ပေးသလဲ။ ဘာ့ကြောင့် တင်း ၁ဝဝ ထွက် တယ်လို့ ထင်သလဲ။”

“ဟာ…ဆရာကလည်း တင်း ၁ဝဝ မထွက် ရှိပါ့မလား။ ကျွန်တော့်လယ်ကို မြေပြင်တော့လည်း စက်မှုလယ်ယာက စက်တွေနဲ့ ထွန်ယက်ပေးတယ်။ ပြီးတော့ စပါးမျိုးကိုလည်း မျိုးကောင်း၊ အထွက်ကောင်း ဆင်းသုခကိုသုံးပြီး ကောက်စိုက်စက်နဲ့ စိုက်ပေးတယ်။ သုံးပတ်လောက်ကြာတဲ့အခါ ကြားပေါင်းလိုက်စက်နဲ့ ကြားပေါင်းလိုက်ပေးတယ်။ ပြီးတော့ မြေဆီပက်ပေးတယ်။ ကျုပ်အကြိုက်ဆုံးကတော့ စိုက်ပျိုးရေးက ဝန်ထမ်းတွေပဲ။ မနက်ဆို တစ်ခါတလေ ကျုပ်တို့တောင် မရောက်သေးဘူး၊ သူတို့ က ကွင်းထဲရောက်နှင့်နေပြီ။ တစ်ရက် လည်းမဟုတ်ဘူး။ နှစ်ရက်လည်း မဟုတ်ဘူး။ စပါးတစ်ရာသီပြီးတဲ့အထိ သူတို့လာပြီး ကြပ်မတ်ပေးတယ်။ လယ်က စနစ်တကျ လယ်မြေဖော်ထုတ်ထားတာကြောင့် ရေသွင်းမြောင်းမှာလည်း ရေကအဆင်သင့်။ စပါးမကောင်း ခံနိုင်ရောလား ဆရာရယ်။ စပါးက အထွက် လည်းကောင်း၊ ဈေးကောင်းလည်းရတာကြောင့် ၄-၅ နှစ် အားခဲထားတဲ့ ကျွန်တော့် အိမ်ကလေးတောင်ပြင်ဆောက်ပြီး အလှူလေးတောင် လုပ်ဖြစ်သေးတယ်။”

ခေါင်းပေါင်းနဲ့ ဦးကြီး၏ အားပါးတရ ပြောနေသံကြောင့် ကျွန်တော် ဝမ်းသာအားရ ဖြစ်မိသည်။

“စိုက်ပျိုးရေးဝန်ထမ်းတွေ နေ့တိုင်း လာတာ ခင်ဗျားက ဟင်းကောင်း ချက်ကျွေးလို့နေမှာပေါ့။”

ကျွန်တော်က စလိုက်ခြင်းဖြစ်သည်။

“မကျွေးရပါဘူးဗျာ။ သူတို့ ထမင်းချိုင့်နဲ့ သူတို့လာပြီး ဒီသစ်ပင်ရိပ်အောက် ထိုင်စားသွားကြတာပါ။”

“အဘ၊ ဦးအောင်ငွေကြီး လယ်က မနှစ်က ဧက ၁ဝဝ ၊ တင်း ၁ဝဝ စီမံကိန်း မှာပါတော့ သူက မနှစ်ကလည်း အဆင်ပြေတယ်။ စပါးမျိုးတွေ၊ မြေဩဇာတွေလည်း ဌာနကထောက်ပံ့ပေး၊ စိုက်ပျိုးရေးက ဝန်ထမ်းတွေကလည်း လာပြီး ကြည့်ပေးတယ်။ ဒီနှစ်လည်း သူ့လယ်က စီးပွားဖြစ် မျိုးစေ့ထုတ် စိုက်ခင်းမှာပါတော့ မျိုးရော မြေဆီတွေပါ ပူစရာမလိုတဲ့အပြင် ထွန်ယက်တာတွေ၊ ပေါင်းလိုက်တာတွေ ဌာနက လာလုပ်ပေးတာကြောင့် စိုက်ဘဏ်မှာထားတဲ့ သူ့ပုံစံ (၇)တောင် ရွေးပြီးသွားပြီ။ 

ကျွန်တော်တို့မှာတော့ အထွက်ကလေးကောင်းပြီး စပါးဈေးလေးသင့်တာကြောင့် စားဝတ်နေရေး အဆင်ပြေပေမယ့် စိုက်ဘဏ်မှာထားတဲ့ ပုံစံ(၇)တော့ ပြန်မရွေးနိုင်သေးဘူး။”

ဦးအောင်ငွေ နောက်တန်းမှ အသားညိုညို၊ ခန္ဓာကိုယ်တုတ်တုတ်လူရွယ်၏ တင်ပြသံကြောင့် ကျွန်တော်လှမ်းပြီး ကြည့်လိုက်မိသည်။

“သာအေးရယ်၊ ငါ့လယ်က စနစ်ကျ လယ်ယာမြေထဲလည်းပါတယ်။ လမ်းဘေးမှာလည်းရှိပြီး ဒို့တောင်သူတွေကို ပညာပေးသရုပ်ပြရင် လွယ်တာကြောင့် ငါ့လယ်ကို စိုက်ပျိုးရေးက ရွေးတာပါ။ မင်းတို့က ဟိုးပြီးခဲ့တဲ့ တစ်နှစ်၊ စနစ်ကျ လယ်ယာမြေဖော်ထုတ်တုန်းကပါမှ မပါ ကြဘဲကိုး။ မင်းတို့ပဲ လယ်ယာလျှော့မယ်ဆိုပြီး မလုပ်ကြတာလေ။”

“ဟုတ်တယ်အဘ။ အခု ကျွန်တော်တို့ အဲဒီစနစ်ကျ လယ်မြေဧကကွက် ဖော်ထုတ်တာလည်း ကျွန်တော်တို့ လုပ်ချင်တယ်။ ဧက ၁ဝဝ၊ တင်း ၁ဝဝ ထဲမှာလည်း ပါချင်တယ်။ ဘကြီး အောင်ငွေလို မျိုးစေ့ထုတ်စိုက်ခင်းမှာ လည်းပါပြီး ပုံစံ (၇)လည်း ရွေးချင်တယ်။”

“အေး မင်းအိမ်လည်း ပြင်ပြီးဆောက်ချင်တယ်။ အောင်ဘုလေးလည်း ရှင်ပြုချင်တယ်။ ခင်စိန်ကိုလည်း နားကပ်ဝယ်ပေးချင်တယ် ထည့်ပြောဦးလေကွာ။”

သာအေး၏ စကားကို ဦးအောင်ငွေ က ဝင်ဖြည့်ပေးလိုက်၍ ပရိသတ်ကြီး ဝါးခနဲ ရယ်လိုက်ကြသည်။ ကျွန်တော်တို့၏ မြေဩဇာကြဲပက်ပွဲက ဌာနဆိုင်ရာ၏ စိုက်ပျိုးရေး ပညာပေးသရုပ်ပြပွဲ ဆိုသည်ထက် တောင်သူမိသားစု စကားဝိုင်းနှင့် တူနေသည်။ ကိုသာအေး၏ အမေးစကားများကို ဖြေကြားရမည်မှာ ကျွန်တော့်တာဝန် ဖြစ်လာသည်။

“အေးပေါ့ကွာ။ နိုင်ငံတော်အစိုးရကတော့ ကိုယ့်တောင်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးချင်တာပဲပေါ့။ တောင်သူတွေရဲ့ လယ်ကွက်တွေက မိရိုးဖလာ ပိုင်ဆိုင်ခဲ့ကြတာကြောင့် အကွက်မကျဘူး။ ပုံစံအမျိုးမျိုးဖြစ်နေတယ်။ ကျွဲနဲ့ နွားနဲ့ ထယ်ထိုးရင်၊ ထွန် မွှေရင်တော့ ပြဿနာမရှိဘူး၊ လှည့်လို့ရတယ်လေ။ စက်ကြီးနဲ့ဝင်တော့ လယ်ကွက်က ကျဉ်းတယ်။ ဒီကြားထဲ မြေကမညီတော့ နိမ့်တဲ့အကွက် ရေရတဲ့ အချိန်မှာ မြင့်တဲ့အကွက် ရေမရဘူး။ မြင့်တဲ့အကွက်လည်း ရေရရောနိမ့်တဲ့ အကွက်က ရေမြုပ်ပြီ။ ဒါ့အပြင် ရေရချိန် မတူတော့ စိုက်ချိန်ကွာတယ်။ စပါးရင့်မှည့်ချိန်ကွာတယ်။ ဒီတော့ စပါးသိမ်းတဲ့အခါ ပြဿနာတက်ပြီ။ ရင့်တဲ့ စပါးခင်းက ကွင်းလယ်မှာ ရောက်နေတယ်။ ကုန်ထုတ်လမ်းမရှိတော့ ထုတ်လို့မရ ဘူး။ ဒီတော့ သူများအခင်းထဲက ဖြတ်ပြီး ထုတ်မယ်ဆို ဘယ်လိုမှ ပေးမထုတ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့က စနစ်ကျ လယ်ယာမြေဖော်ထုတ်ပေးတာ။ စနစ် ကျလယ်ယာမြေ စပြီးဖော်ထုတ်ရင် လယ်ကွက်တွေ မြေအရင်ညှိတယ်။ ပြီးတော့ ကုန်ထုတ်လမ်းဖောက်တယ်။ ရေသွင်းမြောင်း၊ ရေထုတ်မြောင်းတွေ ထည့်တယ်။ ဒီတော့ ဆည်ကနေ ရေပေးတဲ့အခါမှာ အားလုံးက တစ်ညီတစ်ညာ တည်းရေရတယ်။ ဒီတော့ ပြိုင်တူစိုက်လို့ရတယ်။ စပါး ရင့်မှည့်တဲ့အခါ လည်း တစ်ကွင်းတည်း၊ တစ်စပ်တည်း ရင့်မှည့်တယ်။ ကုန်ထုတ်လမ်းရှိတာ ကြောင့် ကိုယ့်ကွင်းကို ရင့်မှည့်တဲ့အချိန်မှာ ရိတ်လို့ရတယ်။ ကဲ ဒီထက်ကောင်းတာ ဘာရှိသေးလဲ ကိုသာအေးရဲ့။”

“ဟုတ်တယ်လေ အဘရဲ့။ ဒါ့ကြောင့် ကျွန်တော်က ကျွန်တော့်လယ်ကွက်လည်း စနစ်ကျ လယ်ယာမြေဖော်ထုတ်ချင်တာ။ အဘတို့ ဘယ်တော့ စနစ်ကျ လယ်ယာဖော်ထုတ်ဖို့ရှိသေးလဲ။”

ကိုသာအေးက အားတက်သရော မေးလာသည်။ 

“စနစ်ကျ လယ်ယာမြေဖော်ထုတ်တာမှာ နိုင်ငံတော်က ငွေအများကြီး အကုန်အကျခံပြီး လုပ်ရတာ။ တစ်ဧက ကွက်တစ်ကွက်ဆိုရင် နိုင်ငံတော်က ငွေကျပ် ၁၂ သိန်းကနေ ၁၆ သိန်း လောက်အထိ အကုန်အကျခံပြီး လုပ်ရတာ။ အဲဒါကြောင့် ဧက ၁ဝဝ ကွက်ဆိုရင် ငွေကျပ်သိန်း ၁၂ဝဝ ကနေ ၁၆ဝဝ လောက်အထိကုန်တာ။ တစ်မြို့နယ်မှာ ဧက ၁ဝဝ ကွက်တစ်ကွက်ဖော်ထုတ်ပေးရင် နောက်မြို့နယ်ကလည်း အခုလိုပဲ လိုချင်တာပဲ။ နေပြည်တော်ကောင်စီ နယ်မြေရှစ်မြို့နယ်စလုံးမှာတော့ စနစ်ကျလယ်ယာမြေ ဧက ၁ဝဝ ကွက်တွေ ဖော်ထုတ်ပေးပြီးပြီ။ ကျန်တဲ့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း လုပ်ပေးရ သေးတယ်လေ။ အစိုးရနဲ့ ပြည်သူဆိုတာက မိဘနဲ့ သားသမီးလိုပဲလေ။ မိဘက သားသမီးတွေအားလုံး မျှမျှတတ ချစ်ဖို့လိုတယ်။ မျှမျှတတ အခွင့်အရေးပေးဖို့ လိုတယ်။ အဲဒါမှ သားသမီးတွေက ချစ်ခင်ကြည်ညို လေးစားမှာပေါ့။ တိုင်းပြည်နဲ့တွက်ရင် ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေ မျှတဖို့လိုသလို မြို့နယ်နဲ့ တွက်ရင်တော့ ကျေးရွာအုပ်စုမျှတဖို့ လိုတယ်။ အဲဒီတော့ ဒုတိယအသုတ် ရောက်လာရင်တော့ ခင်ဗျားတို့ လယ်တွေပါရင် ပါလာမှာပေါ့ဗျာ။”

“အဘ နေကလေးနည်းနည်း ပူလာပြီ။ ၉ နာရီမထိုးခင် ကျွန်တော်တို့ သဘာဝမြေဩဇာနဲ့ ဓာတ်မြေဩဇာ ရောပြီးကြဲပက်တာလေး လုပ်လိုက်ရင် ကောင်းပါမယ်ခင်ဗျ။”

ကိုဝင်းထိန် သတိပေးလာ၍ စကားစဖြတ်ပြီး ကျွန်တော်တို့ မဏ္ဍပ်ဘေးရှိ မြေဩဇာပုံသို့ လာခဲ့ကြသည်။ တောင်သူများလည်း မဏ္ဍပ်တွင်းမှ ထွက်၍ မြေဩဇာပုံ ပတ်လည်တွင် နေရာယူ လိုက်ကြသည်။

“ဒီမြေဆွေးပုံက ဒီစပါးခင်းက အခုကောက်ပင်လှန်ချိန်ဖြစ်နေတဲ့အတွက် နွားချေးမြေဆွေးတစ်အိတ်ခွဲနဲ့ ယူရီးယား အိတ်ဝက်ထည့်ရမှာပါ။ အခုလက်တွေ့ စပ်ပြီးပြချင်တာကြောင့် အခုမှ စပ်ပြီးပြပေမယ့် တကယ်တမ်းကျတော့ ညကတည်းက ဒီသုံးချိုးတစ်ချိုးအတိုင်း စပ်ပြီးသမအောင်မွှေပြီးတော့ ဖုံးအုပ်ထားရပါမယ်။ အခု စပါးခင်းထဲမှာ ကြဲပက်နေတာက ညကတည်းကစပ်ပြီး နှပ်ထားတဲ့ နွားချေးနဲ့ ပုလဲဓာတ် မြေဩဇာအရောကို ကြဲပက်နေတာပါ။

စိုက်ပျိုးရေး မြို့နယ်ဦးစီးမှူး ဒေါ်လှမျိုးကြွယ်က ဝိုင်း၍ကြည့်နေကြသော တောင်သူဦးကြီးများကို ရှင်းပြနေခြင်းဖြစ်သည်။ တောင်သူဦးကြီးများထဲတွင် တောင်သူမကြီးများလည်း တစ်ဝက်ခန့် ပါနေသည်။ မြန်မာ့လယ်ယာ လောကကို တောင်သူမကြီးများ ကြီးစိုးတော့မှာလား။ 

“ဒီစိုက်ခင်းအတွက်တော့ နွားချေးနဲ့ ယူရီးယား သုံးအချိုး တစ်အချိုး ရောတာ ဟုတ်ပါပြီ။ ပျိုးခင်းကျရင်ရော ဒီအတိုင်း ပဲ ရောရမှာလား။ ဘယ်လိုအချိုးနဲ့ ရောရမှာလဲ။”

သနပ်ခါးပါးကွက်ကြားနှင့်တောင်သူ မကြီးက စိတ်ဝင်တစား မေးလာသည်။ သူ့ခန္ဓာကိုယ် တောင့်တင်းသန်မာပုံအရ ကိုယ်တိုင်လုပ်သည့် တောင်သူမကြီး ဖြစ်နိုင်သည်။

“ဟုတ်ပါတယ်။ ကျွန်မ ပြောမလို့ပါ။ စပါးမျိုးနဲ့ စပါးအသက်ကိုလိုက်ပြီး နွားချေးနဲ့ ပုလဲမြေဩဇာ ရောနှောတဲ့ အချိုးက ကွာခြားပါတယ်။ တကယ်လို့ စပါးအထွက်တိုးမျိုး ဆင်းသွယ်လတ်ကို ပျိုးမယ်ဆိုရင် ပျိုးခင်းမှာ သဘာဝနွားချေးမြေဩဇာ နွားလှည်းနှစ်စီးနဲ့ ကွန်ပေါင်းငါးပြည် ထည့်ရပါမယ်။ ပျိုးသက် ၁ဝ ရက်သားရောက်ရင် ယူရီးယား နှစ်ပြည်နဲ့ နွားချေးခြောက်ပြည် အခုလိုပဲ သုံးအချိုးတစ် ထည့်စပ်ပြီး ကြဲပက်ပေးရပါမယ်။
ပျိုးပင်တွေကို စိုက်ခင်းမပြောင်းခင် စိုက်ခင်းမှာ မြေခံအနေနဲ့ နွားချေးငါးစီး ကနေ ၁ဝ စီးနဲ့ ကွန်ပေါင်းနှစ်အိတ် ရောစပ်ပြီး ထည့်ပေးရပါမယ်။ ရွှေ့ပြောင်းစိုက်ပြီး ခုနစ်ရက်ကနေ ၁ဝ ရက်ကြား ကောက်ပင်လှန်ချိန်မှာတော့ ကနေ့ထည့်သလို သုံးချိုးတစ်ချိုး ရောစပ်ထည့်ပြီး တစ်လသားအရွယ်ရောက်ရင် ပိုတက်ရှ်ဓာတ်ဆားအိတ် တစ်စိတ် ထည့်ပေးဖို့ လိုပါတယ်။ ကျွန်မတို့ လူတွေ နေ့စဉ် အစာစားသလို၊ စပါးပင်တွေ ဖြစ်ထွန်းအောင်မြင်စေချင်ရင် အသက် အရွယ်အလိုက် မြေဆီ၊ မြေဩဇာကျွေးဖို့ လိုပါတယ်။

စပါးပင် ရွှေ့ပြောင်းစိုက်ပြီး ၄၂ ရက်ကြာ အလံရွက်ထွက်ချိန်နဲ့ ရွှေ့ပြောင်းစိုက်ပြီး ၅၅ ရက်ကြာ အနှံ မထွက်မီငါးရက်အလိုမှာ အခုလိုပဲ ယူရီးယားနဲ့ နွားချေးသဘာဝမြေဩဇာကို သုံးချိုးတစ်ချိုးရော၊ နှံ့စပ်အောင်မွှေ၊ တစ်ညနှပ်ပြီးမှ ကြဲပက်ပေးရင် အကောင်းဆုံးပါ။ ကိုယ်စိုက်ပျိုးတဲ့ စပါးမျိုးအလိုက် ဓာတ်မြေဩဇာနဲ့ သဘာဝမြေဩဇာ ရောစပ်နည်းတွေကိုတော့ အခုဝေထားတဲ့ လက်ကမ်းစာစောင်မှာ ပါပြီးဖြစ်ပါတယ်။ အဲဒီ လက်ကမ်း စာစောင်ထဲမှာ သက်တမ်း ၁ဝဝ ကနေ ၁၁၅ ရက်သက်တမ်းရှိတဲ့ ရွှေမနော်၊ ရွှေသွယ်ရင်၊ သီးထပ်ရင်နဲ့ ထိုင်းနှံကောက်စပါးမျိုး၊ သက်တမ်း ၁၃ဝ ကနေ ၁၃၅ ရက် စပါးမျိုးတွေဖြစ်တဲ့ မနောသုခနဲ့ ဆင်းသုခစပါးမျိုးတွေ အတွက် မြေဩဇာရောစပ်နည်းတွေ ပါရှိ ပါတယ်။ တကယ်လို့ လက်ကမ်းစာစောင်မှာ မပါသေးတဲ့ စပါးမျိုးတွေ အတွက် မြေဩဇာရောစပ်နည်းတွေနဲ့ တခြားသိချင်တာရှိရင် ကျွန်မတို့ စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းတွေကို အချိန်မရွေး မေးမြန်းနိုင်ပါတယ်ရှင့်။”

ဒေါ်လှမျိုးကြွယ်က သူ့စကားကို အဆုံးသတ်ရင်း ရောစပ်ထားပြီးသည့် မြေဩဇာပုံကို ကြဲပက်ရန် ပြင်ဆင်လိုက်သည်။

“ကျွန်မတို့က ဒီပုလဲဓာတ်မြေဩဇာကို အကျိုးရှိအောင် ဘယ်လိုသုံးရမယ်ဆို တာရယ်၊ ဘာ့ကြောင့် ၉ နာရီမထိုးခင် သုံးရတယ်ဆိုတာကို သိချင်သေးတာ။”

“ကျွန်တော့်နာမည် ဦးဝင်းဦးပါ။ စိုက်ပျိုးရေးဦးစီးဌာန ရုံးချုပ်က ဓာတ်မြေဩဇာနည်းပညာနဲ့ ပတ်သက်တဲ့ ညွှန်ကြားရေးမှူးပါ။”

အောင်မြင်ခံ့ညားသည့် အသံဖြင့် အရပ်ရှည်ရှည်၊ အသားညိုညို၊ မျက်မှန် ထူထူတပ်ထားသည့် ဦးဝင်းဦး၏ အသံ က မေးလာသည့် အမေးရှင်ကို စိတ်ဝင်စားသွားစေပါသည်။

“ဒီပုလဲဓာတ်မြေဩဇာက စနစ် တကျအသုံးပြုတတ်ရင် အစွမ်းထက်ပြီး အကျိုးအာနိသင်ရှိသလို၊ အသုံးမပြုတတ်ရင် ဓာတ်မြေဩဇာမှာပါတဲ့ နိုက်ထရိုဂျင်ဓာတ် ၆ဝ ရာခိုင်နှုန်းကနေ ၈ဝ ရာခိုင်နှုန်းအထိ လေလွင့်ဆုံးရှုံးနိုင်ပါတယ်။ အဲဒီလေလွင့်ဆုံးရှုံးမှုကြောင့် စပါးတစ်ဧကမှာ ပုလဲဓာတ်မြေဩဇာ နှစ်အိတ်သုံးပေမယ့် စပါးပင်အတွက် နိုက်ထရိုဂျင် ငါးပုံတစ်ပုံလောက်သာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီလိုဆုံးရှုံးရတာက နိုက်ထရိုဂျင်ဓာတ်က အမိုးနီးယမ်းအဖြစ် ရေထဲပျော်ဝင်ပြီးပါသွားတာ၊ အမိုးနီးယမ်း ဓာတ်ငွေ့အဖြစ် လေထဲမှာ အငွေ့ပြန်ပြီး ဆုံးရှုံးသွားတာ၊ နိုက်ထရိုဂျင်ဓာတ်ငွေ့ အဖြစ် လေထဲမှာအငွေ့ပြန်ပြီး ဆုံးရှုံးတာအပြင် နိုက်ထရိတ်အဖြစ်လည်း ရေထဲမှာ ပျော်ဝင်ပြီး ဆုံးရှုံးသွားတာ ဖြစ်ပါတယ်။ ဒါ့အတွက်ကြောင့် မနက် ၉ နာရီမတိုင်ခင် ရာသီဥတုအေးတဲ့အချိန်မှာ ဆုံးရှုံးမှုနည်းတာကြောင့် ၉ နာရီမတိုင်ခင် အသုံးပြုကြဖို့ ပြောတာပါ။

ပုလဲဓာတ်မြေဩဇာကို အကျိုးရှိရှိ အသုံးပြုဖို့ စပါးစိုက်ပျိုးတဲ့ သက်တမ်းတစ်လျှောက်မှာ တစ်ဧကကို သဘာဝမြေဩဇာဖြစ်တဲ့ နွားချေး၊ မြေဆွေး၊ အမှိုက်ဆွေး၊ ဘိုကာရှီ သုံးအိတ်နဲ့ ပုလဲ ဓာတ်မြေဩဇာတစ်အိတ် ရောစပ်ပြီး သုံးသင့်ပါတယ်။ သုံးတဲ့အချိန်မှာလည်း တစ်ကြိမ်တည်း သုံးတာမဟုတ်ဘဲ စပါး ပင် နိုက်ထရိုဂျင်ဓာတ် လိုအပ်တဲ့ ကောက်ပင်လှန်ချိန်၊ ပင်ပွားအများဆုံး ထွက်ချိန်နဲ့ မှိုကပ်ချိန်မှာ သုံးရပါမယ်။ တစ်ကြိမ်မှာ ပုလဲဓာတ်မြေဩဇာ တစ်အိတ်ရဲ့ သုံးပုံတစ်ပုံနဲ့ သဘာဝ မြေဩဇာတစ်အိတ် ရောရပါမယ်။ ရောစပ်တဲ့အချိန်မှာ အစိုဓာတ် မများ လွန်းစေဘဲ အစိုဓာတ်သင့်ရုံသာရှိသင့် ပါတယ်။ အဲဒီလို ရောပုံပြီး အပေါ်ကနေ ပလတ်စတစ် ဒါမှမဟုတ် ဂုန်နီအိတ် အုပ်ပြီး တစ်ညနှပ်ထားရပါမယ်။

မြေဩဇာ ကြဲပက်တဲ့အခါမှာလည်း မိုးအုံ့နေရင် နေ့လယ်ပိုင်း ကြဲပက်နိုင်ပေမယ့် နေပူရင်တော့ မနက် ၇ နာရီကနေ ၉ နာရီအတွင်းနဲ့ ညနေ ၃ နာရီ နောက် ပိုင်း ကြဲပက်တာ အကောင်းဆုံးပါပဲ။ မြေဩဇာအရောကို စပါးခင်းမှာ ကြဲပက် ပြီးတိုင်း တမန်းပြင်အောက်ကိုရောက်ရှိအောင် ပေါင်းလိုက်၊ တမန်းနှိုးကိရိယာနဲ့ တမန်းနှိုးပေးတာ၊ ခြေထောက်နဲ့ ပတ်ပြီး နင်းပေးတာနဲ့ မြေဩဇာရဲ့ အာနိသင်ကို မြန်မြန်ရရှိစေမှာ ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။”

ဦးဝင်းဦးက သူ့စကားကို အဆုံး သတ်လိုက်သည်။ ပြီး တစ်ဆက်တည်း ပြောလာသည်။

“အဘရေ မဲဒီးမှာ အဖွဲ့တွေ စောင့်နေတယ်၊ သွားကြရအောင်။”

ကျွန်တော်တို့အဖွဲ့ တဲကြီးကုန်းမှ တောင်သူဦးကြီးများကို လက်ပြနှုတ်ဆက်ပြီး မဲဒီးရွာသို့ ဆက်ပြီး ထွက်ခဲ့ကြပါသည်။ တောင်သူဦးကြီးများ၊ တောင်သူမကြီးများ၏ ရွှင်ပြုံးစွာ နှုတ်ဆက်နေပုံက နေရောင်ခြည်အောက်တွင် အားအင်အပြည့် ခင်မင်ရင်းနှီးစွာဖြင့်…။ ။