တာဝန်သိစိတ်နဲ့ တာဝန်ယူရဲတဲ့သတ္တိ မွေးကြစေချင်

မတ် ၄

လူတစ်ဦးချင်းပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းတစ်ခုမှာပဲဖြစ်ဖြစ် တိုင်းပြည်၊ နိုင်ငံတစ်ခုခုမှာ ပင်ဖြစ်ပါစေ၊ တာဝန်သိစိတ်နဲ့ တာဝန်ယူရဲတဲ့ကျင့်စဉ်တစ်ရပ်မရှိရင် အဲဒီလူ၊ ထိုအဖွဲ့၊ ဒီနိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ မလွယ်ကူပါဘူး။

တာဝန်သိစိတ်နှင့် တာဝန်ယူမှု

တာဝန်သိစိတ်(Obligation) ဆိုတာ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ခိုင်းစေ တိုက်တွန်းမှုမှမပါဘဲ အများအကျိုးအတွက် လုပ်ရမယ့်အလုပ်တစ်ခုကို မိမိဘာသာ အလိုက်တသိနဲ့ ကောင်းကောင်းမွန်မွန်၊ စေတနာပါပါ၊ ပြင်းပြင်းပြပြနဲ့ စနစ်တကျ လုပ်ကိုင်တတ်တဲ့ အလေ့တစ်ခုပါ။ တာဝန်ယူမှု(Responsibility) ဆိုတာကတော့ကိုယ့်ကိုပေးအပ်ထားတဲ့ တာဝန်တစ်ခု၊ ရည်မှန်းချက်တစ်ခုကို ရောက်ရှိအောင်လုပ်ရာမှာ ကိုယ့်လက်အောက်အဖွဲ့အတွက် တာဝန်ရှိလာမှုအပေါ် ခံယူချက်မှန်စွာဖြင့်လုပ်ကိုင်ဆောင်ရွက်မှုပင် ဖြစ်ပါတယ်။ အမှားအယွင်း တစ်ခုခုဖြစ်ပေါ်ခဲ့ရင်၊ ရည်မှန်းချက်မအောင်မြင်ခဲ့ရင် ဟိုလူကြောင့်၊ ဒီလူ့ကြောင့် အပြစ်ဖို့၊ လွှဲချ (Blame) မလုပ်တတ်တာ၊ စီမံခန့်ခွဲမှုမှာ ကိုယ့်ရဲ့ချွတ်ချော်မှားယွင်းမှု၊ ကိုယ့်လက်အောက်အဖွဲ့ သားတွေရဲ့ညံ့ဖျင်းမှုအတွက် တာဝန်ယူရဲတာ၊ ယူနိုင်တာပဲဖြစ်ပါတယ်။

တာဝန်ယူတတ်တဲ့ပတ်ဝန်းကျင်ကောင်း ရှိရန်လို

အမှန်တကယ်လည်း ဝေဖန်ပြစ်တင်မှုတွေ အနည်းဆုံးဖြစ်မယ့် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးရာမှာ ကျွန်တော်တို့အားလုံး ပါဝင်နိုင်ဖို့လိုပါမယ်။ ကဏ္ဍအတော်များများမှာ တွေ့ကြုံရတာက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာမတွေ့ရဘဲမင်းကြောင့်၊ သူ့ကြောင့်ဆိုတာတွေနဲ့ပဲ အချိန်ကုန်နေပြီး ကိုယ့်ကိုယ်ကိုယ်ခြောက်ပြစ်ကင်းသဲလဲစင် ဟန်ဆောင်နေသူတွေက ပိုများပါတယ်။ ပတ်ဝန်းကျင်မှာ ကြုံရတဲ့ပြဿနာတိုင်း သူ့ကြောင့်၊ ကိုယ့်ကြောင့်ဆိုပြီး အပြန်အလှန် လက်ညိုးထိုး အပြစ်ရှာနေတာတွေကလည်း တွေ့မြင်နေကျပါ။ ကမ္ဘာ့အရေးအခင်းတွေ၊ ပဋိပက္ခတွေဘက် လှည့်ကြည့်ပြန်တော့လည်း သူ့ဘက်ကိုယ့်ဘက် အပြစ်ဖို့စွပ်စွဲ၊ ဘယ်သူ့မှာ တာဝန်ရှိတယ် ဆိုတာမပေါ်ပါဘူး။ ပဋိပက္ခတိုင်းမှာ ကိုယ်ကျိုးစီးပွားကိုသာ အခြေခံထားကြတာဖြစ်တဲ့အတွက် အပြန်အလှန်စွပ်စွဲပြစ်တင်မှုတွေနဲ့ အဖြေရှာမတွေ့နိုင်တာ များပါတယ်။ ဌာနအဖွဲ့အစည်းတွေမှာလည်း အချို့တော်တဲ့၊ တတ်တဲ့ အရာထမ်း ဝန်ထမ်းတွေမှာ တာဝန်သိတဲ့စိတ်၊ တာဝန်ယူလိုတဲ့စိတ်နဲ့ ကြိုးကြိုးစားစား တာဝန်ထမ်းဆောင်မယ်ဆိုတဲ့ခံယူချက်လေး ပေါင်းလိုက်ရင် လုပ်ငန်းတွေဟာ ပြီးစီး သင့်သလောက် ပြီးစီး၊ အောင်မြင်သင့်သလောက် အောင်မြင်နိုင်တာကို တွေ့ရပါမယ်။

တာဝန်ယူလိုစိတ်နဲ့ လုပ်ရမယ့်နေရာမှာ နေရာယူလိုစိတ်နဲ့ လုပ်ကိုင်ကြတာ တွေ့နေရသလို တာဝန်သိတတ်တာကိုပဲ ရှက်စရာတစ်ခုလို၊ လူမြင်ကောင်းအောင်လုပ်နေတာပဲလို့ တလွဲတွေးလာကြတယ်။ တာဝန်သိစိတ်နဲ့ တင်ပြပြောဆိုမိတဲ့အခါ တစ်ခါတစ်ရံ အထက်လူကြီးရဲ့နားလည်မှု လွဲမှားတာခံရပြီး ၄င်းအလုပ်ကိစ္စတစ်ခုကိုကိုယ့်အပေါ်မှာပဲ ပြန်လည်တာဝန်ပေးအပ်ခြင်းခံရတဲ့အခါ တင်ပြမိတဲ့အပေါ် နောင်တ ရပြီး နောက်တစ်ကြိမ်မတင်ပြ၊ မပြောဆိုမိအောင် ရှောင်ကြဉ်လာကြတဲ့အဖြစ်တွေလည်း ကြုံဖူးပါတယ်။ ဒါဟာ တာဝန်ယူရဲတဲ့သတ္တိကို လျှော့တွက်မိတဲ့၊ လွဲမှားတဲ့စီမံခန့်ခွဲမှုတစ်ခုပါ။ သို့သော်လည်း တာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ပြီး တာဝန်ယူတတ်တဲ့၊ တာဝန်ခံတတ်တဲ့ အရာထမ်းဝန်ထမ်းကောင်းတွေလည်း များစွာ ရှိပါတယ်။

ဂုဏ်ပြုချီးမြှင့်မှုများဖြင့် ကောင်းမွန်သည့်တုံ့ပြန်မှု

နိုင်ငံတော်အဆင့်မှာ ကျရာကဏ္ဍကနေ စွမ်းစွမ်းတမံဆောင်ရွက်ခဲ့တဲ့လူပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတော်တွေ၊ အခွန်အများဆုံးထမ်းဆောင်တဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကို လူမှုစီးပွားဘဝ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်သန်ပြီး နိုင်ငံ့ဂုဏ်ရည်ဆုတွေ ချီးမြှင့်အပ်နှင်းတာတွေ ရှိပါတယ်။ ဒီလိုပတာဝန်ယူ၊ တာဝန်ခံမှု ကောင်းမွန်တဲ့လူပုဂ္ဂိုလ်တွေကို နိုင်ငံတော်အဆင့်၊ နိုင်ငံ့ဝန်ထမ်း အရာထမ်း၊ အမှုထမ်းတွေကို တိုင်းနှင့်ပြည်နယ်အဆင့်၊ ဌာနအဆင့် ချီးကျူး အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခြင်းဟာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ဂုဏ်အင်္ဂါနဲ့ညီညွတ်တဲ့ ကောင်းမွန်သည့်တုံ့ပြန်မှုတစ်ခု ဖြစ်ပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ Mindest တွေ အားနည်းချို့ယွင်းမှုများစွာ ရှိနေတဲ့ကြားမှာ ချီးမြှင့်ဂုဏ်ပြုမှုတွေဟာ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကူညီအားဖြည့်ပေးတဲ့ လုပ်ငန်းစဉ်တစ်ရပ်လည်း ဖြစ်ပါတယ်။ ကိုယ်လုပ်ရမယ့် အလုပ်ကို မျက်ကွယ်ပြုပြီး တာဝန်ရှောင်မှုတွေ ရှိနေတဲ့ကြားမှာ လုပ်ချင်ကိုင်ချင်စိတ်ရှိပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ ဝန်ထမ်းတွေကို ရုံးဌာနအဖွဲ့အစည်း အလိုက်၊ နိုင်ငံတော်အဆင့် အားပေးဆွဲဆောင် စည်းရုံးမြှင့်တင်ခြင်းဖြင့် ပြည်သူ့ရေးရာဝန်ဆောင်မှုလုပ်ငန်းတွေဟာ ပိုမိုစနစ်ကျ အားကောင်းမှုရှိလာပြီး ပြည်သူတွေရဲ့ တုံ့ပြန်မှုဟာလည်း အပေါင်းလက္ခဏာဆောင်မှုတွေ အမှန်တကယ်တွေ့မြင်လာရမှာပဲ ဖြစ်ပါတယ်။ ပြည်သူနဲ့အစိုးရ၊ ဝန်ထမ်းတွေအကြား ချည်နှောင်ထားတဲ့ပဋိညာဉ်ဟာလည်း ပိုမိုခိုင်မာလာမှာ ဖြစ်ပါတယ်

များနှင့်ဆိုင်သော တာဝန်သိ၊ တာဝန်ယူမှု

တချို့တာဝန်သိစိတ်တွေဟာ ဥပဒေအရသော်လည်းကောင်း၊ စည်းမျဉ်း စည်းကမ်းအရ သော်လည်းကောင်း တိတိကျကျ မသတ်မှတ်ထားပေမယ့် ကျင့်ဝတ်အရ လိုက်နာရမယ့်အရာတွေ ဖြစ်ပါတယ်။ အများပြည်သူကြားမှာ ဆေးလိပ်သောက်တာဟာ ပတ်ဝန်းကျင်ကို ထိခိုက်နိုင်လို့ ဆေးလိပ်သောက်တာ ရှောင်ကြဉ်ရပါမယ်။ အစည်းအဝေးခန်းမ၊ ယာဉ်ရထားပေါ်မှာဆိုလျှင်လည်း မိမိဖုန်းကိုမပြောဖြစ်အောင် Silent လုပ်ထားတာမျိုးတွေ ဖြစ်ရပါမယ်။ လူမှုရေးအရ ဆောင်ရွက်ရမယ့်လုပ်ငန်းတွေ၊ အသင်းအဖွဲ့ဆိုင်ရာ ပရဟိတလုပ်ငန်းတွေ၊ အများအတွက် အကျိုးရှိမယ့် ဆောင်ရွက်ချက်တွေမှာဆိုလျှင်လည်း အလိုက်တသိတက်တက်ကြွကြွ ပါဝင်သင့်ပါတယ်။ အများပြည်သူသွားလာတဲ့ လမ်းပေါ်မှာ ဘေးအန္တရာယ်ဖြစ်နိုင်လောက်တဲ့ အနေအထားတွေတွေ့လျှင်လည်း တာဝန်သိသိနဲ့ဖယ်ရှားရှင်းလင်းတာမျိုးတွေ၊ ကူညီပေးတာမျိုးတွေ၊ သတင်းပို့အကြောင်းကြားမှုတွေဆောင်ရွက်သင့်ပါတယ်။ လူနေရပ်ကွက်တွေမှာဆိုလျှင်လည်း အမှိုက်ကြွင်း အကျန်တွေကို တာဝန်သိစိတ်ကင်းမဲ့စွာနဲ့ စည်းကမ်းမဲ့ စွန့်ပစ်မှုတွေကြောင့်ကိုယ့်ရပ်ကွက်၊ ပတ်ဝန်းကျင် ညစ်နွမ်းပြီး ကူးစက်ရောဂါတွေ ဖိတ်ခေါ်တာမျိုးတွေဒါတွေကတော့ စိတ်ဓာတ်နဲ့ဆိုင်တဲ့ တာဝန်သိစိတ် လျော့နည်းမှုတွေဖြစ်ပါတယ်။

အတ္တနှင့်နွှယ်တဲ့ တာဝန်မဲ့စိတ်နှင့် တာဝန်ယူရဲတဲ့နိုင်ငံကြီးသားပီသမှု

ပြင်ပပတ်ဝန်းကျင်မှာ လူကြီးတွေသာမက လူငယ်တွေမှာရော အလွှာအားလုံးမှာ အလုပ်လုပ်ရင် ဈေးတွက်တွက်လာကြပြီ ဖြစ်ပါတယ်။ ကိုယ့်အတွက်ဘာကျန်နိုင်မလဲ၊ ကိုယ်နဲ့ရော ဆိုင်သလား၊ ဆိုင်ရင်တောင်မှ ဘာသိဘာသာရှောင်ဖယ်ဖယ်နေတာမျိုး၊ ကိုယ်နဲ့မဆိုင်ရင်လည်း မမြင်ချင်ယောင်ဆောင်လိုက်တာမျိုး၊ အတ္တနဲ့နွှယ်တဲ့ တစ်ကိုယ်ကောင်း စိတ်တွေများလာတာ တွေ့နေရပါတယ်။ တစ်နည်း အသိတရားချို့ယွင်းလာကြတာပဲပေါ့။ ကိုယ့်ရှေ့မှာကောင်းသော အတုယူစရာတွေ၊ အတုယူသင့်သူတွေရှိတာတောင်မှ အတုယူရကောင်းမှန်း မသိတာတွေလည်း ရှိပါတယ်။ အတုယူခြင်းခံယူထိုက်သော ပုဂ္ဂိုလ်များကိုလည်း ချီးကျူးအသိအမှတ်ပြုမှသာ သူ့တို့ရဲ့တာဝန်သိစိတ်ဟာ တန်ဖိုးရှိလာမှာဖြစ်ပါတယ်။ တာဝန်သိ၊ တာဝန်ရှိ၍ တာဝန်ယူရဲသူတစ်ဦးဟာ ကိုယ်လုပ်ကိုင်ဆောင်ရွက်ထားတဲ့ အမှုကိစ္စတစ်ခုအပေါ်မှာ နောက်ဆက်တွဲ ဆိုးကျိုးသက်ရောက်မှုတွေရှိလာလျှင်လည်း ရင်ဆိုင်ဖြေရှင်းပြီး အားလုံးကိုယ်စား တာဝန်ခံဖို့ အသင့်ဖြစ်နေတတ်ပါတယ်။ တာဝန်ယူ၊ တာဝန်ခံမှုတစ်ခုဟာ ဒီမိုကရေစီကျင့်စဉ်တစ်ခုရဲ့ အရေးကြီးတဲ့ လက္ခဏာတစ်ရပ်လည်း ဖြစ်နေလေတော့ တာဝန်ယူ၊ တာဝန်ခံမှုမရှိတဲ့ ဒီမိုကရေစီရေခံမြေခံဟာကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုကို တည်ဆောက်နိုင်မှာမဟုတ်ပါ။ သို့သော်က္ဘာပေါ်မှာ ဖွံ့ဖြိုးပြီးတိုးတက်ပွင့်လင်းတဲ့ နိုင်ငံတချို့မှာဆိုလျှင် မတော်တဆမှုတွေ၊ မအောင်မြင်မှုတွေ၊ ဆုံးရှုံးမှုတွေဖြစ်ခဲ့လျှင် ဒီကိစ္စရပ်အပေါ် မိမိပေါ့ဆမှုကြောင့်၊ မိမိချို့ယွင်းချက်ကြောင့်ဆိုပြီး တာဝန်ခံမှုအပြည့်နဲ့ တာဝန်ယူသွားကြတာ တွေ့မြင်နိုင်ပါတယ်။ ဒါဟာ ထိပ်တန်းနိုင်ငံတွေမှာရှိတဲ့ တာဝန်ယူရဲတဲ့ နိုင်ငံကြီးသား ပီသမှုကို ပြသနေတာပဲဖြစ်ပါတယ်။

ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြု 

ကိုယ့်ဝန်းကျင်မှာ ကိုယ်နဲ့မပတ်သက်ဘူးဆိုပြီး လျစ်လျူရှုထားလို့ရတဲ့အရာ ဆိုတာ ဘာမှမရှိပါလို့ ခံယူထားသင့်ပါတယ်။ လူတိုင်းသုံးစွဲနေတဲ့ Facebook တစ်ခုကိုပဲကြည့်ပါ။ လက်နက်နဲ့ တိုက်ခိုက်နေတာထက်ပိုဆိုးတဲ့ စကားလုံးတွေနဲ့တိုက်ခိုက်နေကြတာတွေ တွေ့ပါလိမ့်မယ်။ တိုင်းပြည်တိုးတက်ဖို့ဆိုပြီး အပျက်သဘော ဆောင်နေကြတာတွေ များစွာဖတ်ရမှာပါ။ စိတ်ဓာတ်မြင့်မြင့်မားမားနဲ့အပြုသဘောဆောင်တဲ့ တာဝန်သိစိတ်လေးတစ်ခုခြံရံပြီး အကောင်းဆုံး လုပ်မယ်ဆိုလျှင်တောင် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ သံသယစိတ်တွေ၊ မယုံကြည်မှုတွေ လျော့ကျသွားနိုင်ပါတယ်။ ထို့အတူ စွမ်းရည်ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်နေတဲ့ ဌာနအဖွဲ့အစည်းတွေမှာဆိုလျှင်လည်း ကျွမ်းကျင်မှု၊ ဗဟုသုတ မြင့်မားတဲ့ ဝန်ထမ်းတွေက စွမ်းရည်ပိုင်းအားနည်းတဲ့ ဝန်ထမ်းတွေအပေါ်မှာ တာဝန်သိစိတ်နဲ့ တာဝန်ယူပြီး အပင်ပန်းခံ လေ့ကျင့်သင်ကြားပေးမယ်ဆိုလျှင်၊ ဝန်ထမ်းတွေရဲ့ သင်ကြားသင်ယူလိုစိတ်ကို အမြော်အမြင်ကြီးမားစွာဖြင့်အားပေးမြှင့်တင်ပေးမယ်ဆိုလျှင် ဌာနအဖွဲ့အစည်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုရရှိလာမှာဖြစ်ပြီး ကိုယ့်အတွက်ရော ကိုယ်ဦးဆောင်နေတဲ့ အဖွဲ့အစည်းအတွက်ပါ အလွန်အကျိုးရှိလာနိုင်ပါတယ်။

တိုင်းပြည်အနေနဲ့ ကြည့်လျှင်လည်း နေရာဒေသအစိတ်အပိုင်းတစ်ခုမှာ ဆင်းရဲနွမ်းပါးမှုပြဿနာတွေ၊ စစ်မက်ပဋိပက္ခတွေ၊ ခိုးဆိုးလုယက်သတ်ဖြတ်မှုတွေထူပြောနေပြီဆိုလျှင် သူ့ထိုက်နဲ့ သူ့ကံဆိုပြီး မပတ်သက်လို့မရပါဘူး။ ကြွယ်ဝ ချမ်းသာသူနဲ့ ဆင်းရဲသူအကြား ဥစ္စာဓနတွေကို မျှဝေခံစားသင့်ကြပါတယ်။ ဒီဒေသ ဒီပြည်သူတွေရဲ့ အခက်အခဲဟာ တစ်နိုင်ငံလုံး ပြည်သူတစ်ရပ်လုံးကိုတိုက်ရိုက် ခြိမ်းခြောက်နေတာပဲဖြစ်တဲ့အတွက် အားလုံးကတာဝန်သိစိတ်နဲ့အလိုက်တသိ ဝိုင်းဝန်းကူညီ ဖြေရှင်းကြရမှာပဲ ဖြစ်ပါတယ်။

အမြဲနှလုံးသွင်းရမည့်ခံယူချက်

အထူးသဖြင့် လူငယ်တွေ၊ ဝန်ထမ်းတွေဟာ မိမိတို့စိတ်ထဲမှာ ကိန်းအောင်း နေတတ်တဲ့ အပေါင်းလက္ခဏာမဆန်တဲ့ စိတ်ဓာတ်တွေကို ပယ်ဖျောက်ဖို့ရန် “ငါ့မှာ တာဝန်ရှိတယ်” ၊ “ဒီတာဝန်ကို ငါယူသင့်တယ်”  ဆိုတဲ့စိတ်တွေ အမြဲနှလုံးသွင်းဖို့ လိုပါတယ်။ ဒီခံယူချက်ဟာ ကိုယ့်အတွက်ရော ကိုယ့်အဖွဲ့အစည်း အတွက်ပါ အလုပ်ဆက်ဖြစ်ဖို့အတွက် စွမ်းအားသတ္တိတွေ ပေးပါတယ်။ 

အကောင်းမြင်ပြီး တာဝန်ယူမှုရှိလာတဲ့အခါ အခြားသူတွေကို အပြစ်မတင်မိတော့ဘဲပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းလည်း မြင့်လာပါတယ်။ တာဝန်ယူလိုက်ရတဲ့အခွင့်အရေးကြောင့် ကိုယ့်ရဲ့တီထွင်ဖန်တီးဉာဏ်လည်း ရင့်သန်လာပါတယ်။ ရုံးဌာနတွေမှာ အလုပ်အပေါ်မှာ တာဝန်သိတတ်တဲ့ တာဝန်ကျေပွန်သူဝန်ထမ်းတစ်ဦးဟာ အလုပ်ခွင်ကို အချိန်ဖြုန်းစရာတစ်ခုလို သဘောမထားဘဲအလုပ်ချိန်မှာ အလုပ်နဲ့မြဲနေတတ်ပါတယ်။ အထက်အရာရှိလာမှ အလုပ်လုပ်ပြ တတ်တာမျိုးမဟုတ်ဘဲ သူ့အလုပ်ကိုပဲ ခေါင်းမဖော်စတမ်း ကုန်းရုန်းလုပ်နေ တတ်သူမျိုးပါ။ တာဝန်ရှိတယ်လို့ အမြဲခံယူထားတဲ့အတွက် အလုပ်ပြီးမြောက်အောင်ကိုယ့်ကိုယ်ကိုယ်ပဲ အမြဲကြပ်မတ်နေသူ ဝန်ထမ်းကောင်းဖြစ်နေတတ်ပါတယ်။ တာဝန်ယူရဲတဲ့ ဝန်ထမ်းတစ်ဦးဟာ အလုပ်ခွင်ကို စောစောရောက်တတ်ပြီး နောက်ကျမှပြန်တတ်တဲ့သူမျိုးပါ။ ဒီဝန်ထမ်းဟာ အလုပ်ကြိုးစားသူ ဝန်ထမ်းဖြစ်တာကြောင့် သူ့ရဲ့အောင်မြင်ဖို့အတွက်ရော ဌာနအဖွဲ့ အစည်းကြီး တိုးတက်ဖို့အတွက်ပါ ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိသွားစေပါတယ်။

ချုပ်အားဖြင့်တော့ ဘာအလုပ်ပဲလုပ်လုပ် ဦးနှောက်နဲ့လည်း အသိဉာဏ်ကိုအသုံးချပြီး လုပ်သင့်သလို နှလုံးသားနဲ့လည်း စေတနာမေတ္တာအရင်းခံပြီး လုပ်စေချင်ပါတယ်။ လူငယ်လူရွယ်များ၊ ဝန်ထမ်းများ တာဝန်သိစိတ်၊ တာဝန်ယူရဲတဲ့သတ္တိမျိုး မွေးမြူပျိုးထောင်လေ့ကျင့်ကြပြီး တစ်ဦးချင်းရော အသင်းအဖွဲ့အလိုက်ပါ တာဝန်ရှိတယ်လို့ ခံယူကြပါမှ နိုင်ငံအတွက်လည်း တာဝန်ကျေရာကျပါမယ်။ တကယ့် နိုင်ငံကြီးသားပီသတဲ့ လူ့အဖိုးတန်တွေ ပေါ်ထွက်လာဖို့ဆိုတာ ပညာရေး ပတ်ဝန်းကျင်ကောင်းတစ်ခုကလည်း အရေးကြီးပါတယ်။ ကိုယ်နဲ့တိုက်ရိုက်မသက်ဆိုင်လျှင်သော်မှ အများအတွက်၊ နိုင်ငံနဲ့လူ့အဖွဲ့အစည်းအတွက်အကျိုးရှိမယ်ဆိုလျှင် ဒီတာဝန်ကို ယူသင့်ယူထိုက်တယ်ဆိုပြီး လိုလိုလားလားတာ ဝန်ထမ်းဆောင်မှုမျိုးကို ကောင်းမွန်တဲ့ ပညာရေးကသာ ဖန်တီးပေးနိုင်မှာပါ။ ကြင်နာခြင်း၊ သနားညှာတာခြင်း၊ နားလည်မှုပေးခြင်း၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားခြင်းများ ရှိလာပြီဆိုလျှင် တာဝန်ယူလိုတဲ့စိတ်ကလည်း အလိုလိုဖြစ်ပေါ် လာသလို စိတ်စေတနာကောင်းနဲ့ သဘောထားကြီးမှုရှိလျှင်လည်း တာဝန်သိတတ်မှုဟာ ပေါ်လွင်လာပါတယ်။ ကိုယ့်တာဝန်ကို လေးစားတတ်ပါမှလည်း တာဝန်ကျေပွန်သူတစ်ယောက် ဖြစ်လာနိုင်သကဲ့သို့ ကိုယ့်ကိုယ်ကိုယ်တာဝန်ခံနိုင်သူတစ်ယောက် ဖြစ်လာမှာပါ။ အတ္တကင်းတဲ့ တာဝန်သိစိတ်၊ တာဝန်ယူလိုစိတ်နဲ့ ကိုယ့်ပတ်ဝန်းကျင် ကိုယ့်ကမ္ဘာမြေကို လှပအောင်ဖန်တီးကြပါစို့ဟု မျှော်လင့်လျက်။

ဒေါက်တာမြတ်မိုး