တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ

နေပြည်တော်၊ ၁၂ ဇန်နဝါရီ

 

 

တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

 

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် တာချီလိတ်မြို့နယ်၊ ဝမ်ပုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၁ ရက် နံနက် ၆ နာရီ ၄၅ မိနစ်တွင် တာချီလိတ်မြို့နယ်၊ ဟိုနား(အာခါ)ကျေးရွာအနီး တာချီလိတ်-ဝမ်ပုံသွားကားလမ်းတွင် တာချီလိတ်ဘက်မှ မောင်းနှင်လာသည့် OUTLANDER အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးရန်တားဆီးစဉ် မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာ ၇ နာရီတွင် ဝမ်ပုံနယ်မြေရဲစခန်းရှေ့တွင် ဖမ်းဆီးရမိခဲ့ပြီး မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်မောင်း ဂျူလိုင်နှင့်အတူ ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၇၀ ကီလို ကို လည်းကောင်း။

 

 

စစ်ဆေးချက်အရ ၇ နာရီခွဲတွင် မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ဝမ်ဆောက်ခုံ (ရှမ်းရွာဟောင်း)နေ အိုက်ရီ (ခ) ခမ်းကျောက်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား မတွေ့ရှိဘဲ နေအိမ်အတွင်းမှ တူမီးသေနတ် ၁ လက်၊ ကျည် ၁၈ တောင့်တို့အား သိမ်းဆည်း ရမိခဲ့သဖြင့် ဂျူလိုင်၊ အိုက်ရီ (ခ) ခမ်းကျောက်(ဖမ်းမမိ)တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်းနှင့် ကွင်းဆက်တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

 

 

သတင်းစဉ်