တာချီလိတ်မြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ငွေကျပ်သိန်း ၇,၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော်၊ နိုဝင်ဘာ ၂၃


တာချီလိတ်မြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ငွေကျပ်သိန်း ၇,၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။ 


ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဝမ်ကျောက်လုံကျေးရွာအနီးတွင် စိုင်းဆိုင်လောင်(၂၅)နှစ်၊ မောင်းနှင်ပြီး စိုင်းညီညီလင်း(ခ)စိုင်းဉာဏ်လင်း (၂၄)နှစ်နှင့် မနန်းယွန်းသီရိအောင်(ခ)ယွန်းယွန်း(၂၃)နှစ်တို့ လိုက်ပါလာသည့် Crown မော်တော်ယာဉ်အား သတင်းအရရှာဖွေရာ အိုက်စ်(မက်သ်အဖက်တမင်း) ကီလို ၅၀ သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ဖော်ထုတ်ချက်အရ မွန်းလွဲ ၁ နာရီခွဲတွင် တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ မယ်ယန်း ကျေးရွာ၊ အိမ်အမှတ်(၂၂၆)ရှိ စိုင်းဆိုင်လောင် ငှားရမ်းနေထိုင်သော နေအိမ်အိပ်ခန်းအတွင်းမှ အိုက်စ်(မက်သ်အဖက်တမင်း) ၉ ဒသမ ၉၅ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ဒေသကာလ တန်ဖိုးငွေကျပ် ၄,၇၉၆ သိန်း တန်ဖိုးရှိ စုစုပေါင်းအိုက်စ်(မက်သ်အဖက်တမင်း) ၅၉ ဒသမ ၉၅ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 


အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် နံနက် ၉  နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ရွာငံ-ဟံမြင့်မိုရ် သွားကားလမ်း၊ ယုန်တောင်ကျေးရွာအနီးတွင် ရွာငံမှ ဟံမြင့်မိုရ်ဘက်သို့ ဇော်မင်းဦး(ခ) တာတေကြီး(၃၉)နှစ် မောင်းနှင်လာသည့် Probox မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ  ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၃,၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၆ သိန်း သိမ်းဆည်း ရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 

 

(သတင်းစဉ်)