တာချီလိတ်မြို့နယ်နှင့် မူဆယ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

mdn

နေပြည်တော် ၁၉ အောက်တိုဘာ

 

တပ်မတော်မှ တာချီလိတ်မြို့နယ်၊ မိုင်းဟဲ(အောက်) ကျေးရွာအုပ်စု၊ ဟာလပါ (လားဟူ) ကျေးရွာ အနီးရှိ လျှိုအတွင်း၌ အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ငွေကျပ် (၁၆၈၈၆ ဒသမ ၅၃ ) သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၊ စိတ်ကြွရူးသွပ်ဆေးမှုန့် ၁၆၃ ကီလို၊ ကဖင်း ၅၅၃ ကီလို၊ Promethazine ဆေးဘူး ၁၄၆ ဘူး၊ Methyl Alcohol အရည် ၈ လီတာနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

 

အလားတူ အောက်တိုဘာ ၁၇ ရက် နံနက် ၁၀နာရီက  မူးယစ်တပ်ဖွဲ့စု(၂၂) မူဆယ်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့နယ်၊ ပန်ခမ်းကျေးရွာအုပ်စု၊ နောင်ရမ်းကျေးရွာရှိ ကျော်ဦး(ခ)လီကျားလုံ ငှားရမ်းအသုံးပြုသည့် ဂိုဒေါင်ကိုဝင်ရောက်ရှာဖွေရာ ၎င်းအားမတွေ့ရှိဘဲ ဂိုဒေါင်အတွင်းမှ ဓာတုဆေးရည်ဟု ယူဆရသောအရည် ၂၈၄၆၈ လီတာ၊ ဒေါင်ဖန်းအမျိုးအစား ၆ ဘီး မော်တော်ယာဉ်တစ်စီး၊ ရှောက်ဂျင်းလင်း အမျိုးအစား ၆ ဘီးမော်တော်ယာဉ်တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် ကျော်ဦး(ခ) လီကျားလုံငှားရမ်း နေထိုင်သည့် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ကျော်ဦး(ခ)လီကျားလုံနှင့်အတူ စိုးမင်းဦး(ခ)မင်းမင်း တို့အားတွေ့ရှိပြီး ဆက်လက်ရှာဖွေရာ နေအိမ်အတွင်းမှ DL-TARTARIC Acid အဖြူရောင်အခဲ ၂၂၈၀၀ ကီလို၊ Diaminopropionic Acid ၇၀၀ လီတာ၊ အမိုနီယမ် ကလိုရိုဒ်အမှုန့် ၁၀၀ ကီလို၊ အရိုးမီးသွေး ၇၀၀ ကီလို၊ မူးယစ်ဆေးဝါးများ ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ၊  PAJERO အမျိုးအစား မော်တော်ယာဉ် တစ်စီးနှင့် လက်ကိုင်ဖုန်း နှစ်လုံးတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား