တာချီလိတ်   ဧပြီ   ၂၅

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်း  ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၃၂၁ ဒသမ ၄၅သန်းဖြင့် ကျေးရွာလေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းနှစ်လမ်းနှင့် ကျေးလက်ရေရရှိရေး လုပ်ငန်းနှစ်ခုကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တာချီလိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်လဲ့လဲ့သင်းထံမှ သိရသည်။

 

တာချီလိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင် ကုန်းဆာကျေးရွာ ကျေးလက်ကုန်ထုတ် လမ်းအရှည် တစ်မိုင် လေးဖာလုံခင်းခြင်းနှင့် Box Culvert သုံးစင်းတည်ဆောက်ခြင်း၊ ပါခုတ်ကျေးရွာ ကျေးလက်ကုန်ထုတ် လမ်းအရှည် နှစ်မိုင်ခင်းခြင်း၊ ဟွေတောင်းကျေးရွာ စိမ့်စမ်းရေ နှစ်မိုင် လေးဖာလုံသွယ်ယူခြင်းလုပ်ငန်း၊ ဟွေရမ်းကျေးရွာ စိမ့်စမ်းရေ သုံးမိုင် ငါးဖာလုံသွယ်ယူခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများဖြစ်သည့် ရေတားတမံတည်ဆောက်ခြင်းနှင့် အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းတို့ကို ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်အစိုးရ ရန်ပုံငွေကျပ် ၃၂၁ ဒသမ ၄၅သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်မှာတော့ အဆိုပါ လုပ်ငန်းများအားလုပ်ငန်းအပ်နှံ ဆောင်ရွက်နိုင်ရေးတင်ဒါခေါ်ယူ ဆောင်ရွက်လျက်ရှိကြောင်း ကြံခင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့သင်း ပြောပြချက်အရ သိရသည်။

 

“ကျွန်မတို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့ ဒေသခံတောင်သူများ၏ ထုတ်ကုန်ထွက်ကုန်များ ကုန်ကျစရိတ်သက်သာစွာနဲ့ ဈေးကွက်သို့ လျှင်မြန်စွာရောက်ရှိရေးအတွက် ကျေးလက်ကုန်ထုတ်လမ်းများဖောက်လုပ် ပေးလျက်ရှိပါတယ်၊ မြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိရေးကိုလည်း ဦးစားပေး ဆောင်ရွက် နေပါတယ်။ သောက်သုံးရေရှားပါးနိုင်တဲ့ ကျေးရွာတွေကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ့နဲ့ ဦးစားပေးအလိုက် ရွေးချယ်ပြီး ရေရှားပါးနိုင်မှု မရှိစေရေး ကြိုးစားဆောင်ရွက်နေပါတယ်။ နွေရာသီကာလရောက်ရှိ လာပြီဖြစ်တဲ့အတွက် ကျေးရွာနေ ပြည်သူတွေအနေနဲ့ ရေရှားပါးမှု ဖြစ်ပေါ်ပါက ဆက်သွယ်ရေးနည်းလမ်းမျိုးစုံဖြင့် အချိန်မရွေး ဆက်သွယ်အကူ အညီတောင်းခံ နိုင်ပါတယ်"လို့ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့လဲ့သင်း၏ ပြောပြချက်အရ သိရသည်။

ကျော်ဦး