TikTok အက်ပလီကေးရှင်းကို အိန္ဒိယအစိုးရ သုံးစွဲခွင့်တားမြစ်လိုက်ပြီးနောက် ပြည်တွင်းဖြစ် အက်ပလီကေးရှင်းကို သုံးစွဲသူ သန်းချီရှိလာကြောင်းသိရ

၂ ဇူလိုင်

 

တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှာ တင်းမာမှုတွေ ဖြစ်လာပြီးနောက် အိန္ဒိယအစိုးရက တရုတ်နည်းပညာ ကုမ္ပဏီတွေက ပြုလုပ်ထားတဲ့ TikTok နဲ့ အခြားအက်ပလီကေးရှင်းတွေကို သုံးစွဲခွင့်တားမြစ်လိုက်ပါတယ်။ အဲဒီလို ပိတ်ပင်လိုက်ပြီးနောက် ပြည်တွင်းဖြစ်အက်ပလီကေးရှင်းကို သုံးစွဲသူ သန်းချီရှိလာကြောင်း နည်းပညာ ဆိုင်ရာ တာဝန်ရှိသူတွေက ဒီနေ့ (ကြာသပတေးနေ့) မှာ ပြောကြားပါတယ်။ 

 

TikTok၊ WeChat ၊ Helo၊ Likeeနဲ့ Weibo အပါအဝင် တရုတ်နိုင်ငံမှ အက်ပလီကေးရှင်း ၅၉ ခုကို အိန္ဒိယနိုင်ငံတွင်းမှာ ပြီးခဲ့တဲ့ တနင်္လာနေ့ကစပြီး သုံးစွဲခွင့် ပိတ်ပင်လိုက်ပါတယ်။ ဒီတားမြစ်ပိတ်ပင်ချက်ဟာ နှစ်နိုင်ငံနယ်စပ်မှာ အိန္ဒိယစစ်သား ၂၀ သေဆုံးပြီးနောက် ဖြစ်လာတာဖြစ်ပါတယ်။  

 

ဆိုရှယ်မီဒီယာပလက်ဖောင်းကိုသုံးစွဲသူ ဝန်ကြီးချုပ် မိုဒီက Weibo မှာရှိတဲ့ သူ့အကောင့်တွင် လွန်ခဲ့တဲ့ ငါးနှစ်က တင်ထားတဲ့ သူ့ဓါတ်ပုံတွေနဲ့ ပို့စ် ၁၁၅ ဖျက်ပေးဖို့ အိန္ဒိယတာဝန်ရှိသူတွေက မေတ္တာရပ်ခံတဲ့အတွက် ဗုဒ္ဓဟူးနေ့က ဖျက်ပေးပြီးကြောင်း တရုတ်ကုမ္ပဏီက ပြောပါတယ်။ 

 

အိန္ဒိယပြည်တွင်းဖြစ် Sharechat နဲ့ Roposo အက်ပလီကေးရှင်းတွေမှာ ပြီးခဲ့တဲ့တနင်္လာနေ့က စပြီး နိုင်ငံတွင်းက သုံးစွဲသူတွေကို များလာကြောင်း သိရပါတယ်။ 

 

Sharechat ဗီဒီယိုတင်နိုင်တဲ့ အက်ပလီကေးရှင်းဟာ မိနစ် ၃၀ တိုင်းမှာ တစ်ခါတရံ  ၅၀၀,၀၀၀ အထိ ဒေါင်းလုပ် လုပ်ခဲ့တာ ဖြစ်ရာ ၄၈ နာရီအတွင်းမှာ အသုံးပြုသူ အသစ် ၁၅ သန်း ဖြစ်လာကြောင်း Sharechat ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  အခုဆိုရင် Sharechat အသုံးပြုသူ သန်း ၁၅၀ အထိ ရှိလာကြောင်း သိရပါတယ်။ 

 

Roposo ဗီဒီယို အက်ပလီကေးရှင်းဟာလည်း သုံးစွဲသူအသစ် ၁၀ သန်း နီးပါးရှိကြောင်း ပြောပါတယ်။


 
အိန္ဒိယနိုင်ငံမှာ TikTok သုံးစွဲခွင့် မပိတ်ပင်ခင်က နိုင်ငံတွင်းမှာ သုံးစွဲသူ သန်း ၁၂၀ လောက်ရှိခဲ့ကြောင်း သိရပါတယ်။ 

 

MDN
ကိုးကား - AFP