ထူးသည့်ဂုဏ်အင်ပိုင်ရှင်များဖြစ်လာစေဖို့ ကျောင်းအပ်ကြပါစို့

ဒေါက်တာမောင်သင်း

“နိုင်ငံနဲ့ လူ့အဖွဲ့အစည်းကို ချောက်ထဲတွန်းချမှာက နိုင်ငံသားတွေရဲ့ ပညာမဲ့ခြင်းနဲ့ အသိဉာဏ်ခေါင်းပါးခြင်းဖြစ်ပြီး နိုင်ငံကိုမြင့်မားအောင် လုပ်မှာကတော့ နိုင်ငံသားတိုင်းမှာ ပညာဉာဏ်ထွန်းတောက်နေခြင်းပါပဲ”
    
အဗ္ဗဒူကာလန် အိန္ဒိယသမ္မတ(ငြိမ်း)

ကွယ်လွန်သွားတဲ့ အိန္ဒိယသမ္မတကြီး အဗ္ဗဒူကာလန်ဟာ သိပ္ပံပညာရှင်တစ်ဦးပါ။ သိပ္ပံပညာရှင်မှ ဒုံးပျံပညာရှင်ပါ။ အိန္ဒိယနိုင်ငံရဲ့ ဒုံးပျံသုတေသနကို ဦးစီးခဲ့သူတစ်ဦးပါ။ သူ့ဖခင်ဟာ ကျွန်းလေးတစ်ကျွန်းပေါ်မှာရှိတဲ့ ရွာကလေးက သာမန်ဆင်းရဲ သားတစ်ဦးပါ။ ပညာရေးမှာ နိမ့်ပါးသူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အမြော်အမြင်မနိမ့်ကျသူပါ။ ဖခင်က အမြော်အမြင်ကြီးပြီး သူ့သားကို ကျောင်းသို့ ပို့ခဲ့လို့သာ အိန္ဒိယရဲ့ ၁၁ ဦးမြောက် သမ္မတဖြစ်လာတာပါ။ 
သမ္မတကြီးဟာ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်နေတဲ့ကာလမှာ တက္ကသိုလ်တွေနဲ့ အထက်တန်းကျောင်းတွေကို သွားရောက်လည်ပတ်ခဲ့ပြီး လူငယ်တွေနဲ့ တွေ့ဆုံစကားပြောလေ့ရှိပါတယ်။ လူငယ်တွေကို မေးခွန်းတွေမေးတယ်၊ လူငယ်တွေမေးသမျှလည်း ပြန်ဖြေတယ်၊ ပညာရှင်သမ္မတကြီးက လူငယ်တွေနဲ့ ဘာလို့တွေ့သလဲဆိုတော့ “လူငယ်တွေရဲ့ ဉာဏ်အလင်းကို ဖွင့်ပေးချင်လို့” (Brain Igniting) ပါတဲ့။ ဦးနှောက်မီးညှိခြင်းဟုလည်း ဆိုကြပါတယ်။ တစ်နေ့တော့ အထက်တန်းကျောင်းသူလေး တစ်ယောက်က “အိန္ဒိယကိုချောက်ထဲတွန်းချမယ့်အရာက ဘာပါလဲ၊ အိန္ဒိယကို ထွန်းတောက်အောင်လုပ်မှာကလည်း ဘယ်အရာပါလဲ သမ္မတကြီးရှင့်”လို့ မေးခဲ့ပါတယ်။ အဆိုပါမေးခွန်းကို ယခုဆောင်းပါးအစမှာ ဖော်ညွှန်း ခဲ့တဲ့အတိုင်း သမ္မတကြီးက အထက်တန်းကျောင်းသူလေးရဲ့အမေးကို ပြန်လည်ဖြေကြားခဲ့တာပါ။ 
မှန်ပါတယ်။ တိုးတက်တဲ့၊ ဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်းမှာ လူတစ်ဦးချင်းရဲ့ဉာဏ်ရည် မြင့်မား နေကြပါတယ်။ လူတစ်ဦးချင်းမှသည် နိုင်ငံသားအားလုံးကို  ပညာဉာဏ်ထွန်းတောက်အောင် ဆောင်ရွက်တဲ့လုပ်ငန်းကတော့ ပညာရေးပါပဲ။ ပညာရေးကို ရှေ့တန်းကအကောင်အထည်ဖော်နေ တဲ့ နေရာများကတော့ အမျိုးမျိုးသော ပညာသင် ကျောင်းတွေပါပဲ။ မျိုးဆက်တိုင်းသည် ကျောင်းသို့ သွားကြတယ်။ မိဘများကလည်း သူတို့သားသမီးများကို အသိဉာဏ်ဆင်းရဲမွဲတေသူများ မဖြစ်ကြစေဖို့ ကျောင်းကို စေလွှတ်ကြတယ်။ တစ်နည်းအားဖြင့် လူသားမျိုးဆက်တွေကို အသိဉာဏ်ဆင်းရဲခြင်းမှ လွတ်ကင်းအောင် မိဘများက ကျောင်းကိုပို့ကြတယ်။

“ထူးသည့်ဂုဏ်အင်”ပိုင်ရှင် မျိုးဆက်သစ်များဖြစ်လာစေရန်

ပညာသင်ကျောင်းများဟာ ဖတ်စာအုပ်ထဲက စာကိုသာ ရေးတတ်ဖတ်တတ်ဖို့အတွက် သင်ပေးရာ ဝန်းကျင်မဟုတ်ပါ၊ “ကျောင်း” ဆိုတဲ့ ဝေါဟာရကိုက “ထိန်းကျောင်း”မှ ရယူထားခြင်းဖြစ်ပြီး ကလေးငယ်များ အနာဂတ်မှာ မိမိကိုယ်ကို ဘေးမသီ၊ ရန်မခ ထိန်းကျောင်းတတ်ဖို့ လေ့ကျင့်ပေးတဲ့နေရာပါ။ ထိန်းကျောင်းရာမှာ ဟိုလိုနေ၊ ဒီလိုလုပ်ဆိုတဲ့ သက်မဲ့ရွှံ့ရုပ်တွေကို ပုံစံသွင်းတဲ့ သဘောမျိုးမဟုတ်ဘူး။ “အကြောင်းနဲ့အကျိုး” ဆက်စပ်ပြပြီး အသက်အရွယ်နဲ့အညီ ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေ ဖွံ့ဖြိုးလာအောင် လေ့ကျင့်ပေးတာပါ။ သင်ရိုး ညွှန်းတမ်းများရှိပါတယ်။ သင်ရိုးညွှန်းတမ်းဆိုတာ အသက်အရွယ်၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုတို့နဲ့ ညီညွတ်ဆက်စပ်တဲ့ အကြောင်းအရာတွေကို ကြောင်းကျိုးဆီလျော်စွာ စနစ်တကျရေးဆွဲထားခြင်း ဖြစ်ပါတယ်။

သင်ချင်ရာသင်၊ လေ့ကျင့်ချင်ရာလေ့ကျင့်ပေးတဲ့ သဘောမျိုးမဟုတ်ပါဘူး။ သင်ရိုးညွှန်းတမ်းတိုင်းဟာ ကြောင်းကျိုးဆက်စပ်မှု အမြဲရှိပါတယ်။ ဒါကြောင့် သင်ရိုးအရ ရိုက်နှိပ်ပြဋ္ဌာန်းထားတဲ့ ဖတ်စာအုပ်ပါ စာများဟာလည်း အကြောင်းနဲ့အကျိုး ဆက်စပ်နိုင်မှုနဲ့ တွေးတတ်၊ ခေါ်တတ်၊ မြော်မြင်တတ်၊ နှိုင်းယှဉ်တတ်အောင် ရေးသားထားခြင်းပဲ ဖြစ်ပါတယ်။

အကြောင်းနဲ့အကျိုးကို ဆက်စပ်နိုင်စွမ်းရှိတဲ့ ဉာဏ်ရည်ပြည့်ဝပါမှ “ပညာ”ရရှိနိုင်မှာ ဖြစ်ပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်ပေါ်ခြင်းကို သိနိုင် စွမ်း၊ ရှာဖွေနိုင်စွမ်းမရှိရင် လူဟာ အခြားသက်ရှိများနဲ့ မထူးခြားသေးပါဘူး။ အဲဒါကို 
“အိပ်စား၊ ကာမ၊ ဤသုံးဝ၊ လောကတစ်ခွင်

တိရစ္ဆာန်လူ၊ အတူတူ၊ ရှိမူ မခြားပင်။

ပညာအသိ၊ လူမှာရှိ၊ ထူးသင့်ဤဂုဏ်အင်

ပညာကင်းငြား၊ လူနှင့်နွား၊ မခြားတူအသွင်

နွားမဖြစ်ရန်၊ လုံ့လသန်၊ မြဲမြံအသိယှဉ်။

ပညာပေတုံး၊ ထမင်းဖြုန်း၊ လူသုံးဖော်မဝင်

မဖြစ်စေရာ၊ ဉာဏ်ပညာ၊ ဖွေရှာမြဲနေ့စဉ် . . . ဆိုပြီး လောကနီတိ၊ ပဏ္ဍိတကဏ္ဍမှာ ပြဆိုထား ပါတယ်။ 

ကျောင်းကိုလာခြင်းဖြင့် “အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ အချက်ကို အထုံပါရမီအဖြစ် ပါသွားတဲ့အထိ လေ့ကျင့်ပေးမှုကို ရရှိနိုင်ပါတယ်။“အကြောင်းတရား”ကို ရှာတတ်ခြင်းကပင် “ပညာ” ဖြစ်တယ်။ ကြောင်းကျိုးခိုင်လုံမှုမရှိ ပြောဆို၊ လုပ်ကိုင်ခြင်းဟာ လူပီသမှု အနှစ်သာရကင်းစွာ ပြုမူခြင်းဖြစ်လို့ လူ့အဖွဲ့အစည်းဆိုးကျိုးကိုသာ ဖြစ်ထွန်းစေပါတယ်။ လူသားဟာ အကျိုးတရားကို အရသာခံရုံ၊ မြင်ရုံ၊ ထိတွေ့ရုံ၊ ခံစားရုံနဲ့ အဆုံးမသတ်တတ်ကြဘူး။ 

ဒီအကျိုးတရားများ ဘာကြောင့်ဖြစ်ရသလဲ ဆိုတဲ့အကြောင်းတရားကို ရှာတတ်အောင် ကျောင်းက လေ့ကျင့်ပေးနေရခြင်း ဖြစ်ပါတယ်။ အကြောင်းကြောင့် အကျိုးဖြစ်ခြင်း (သို့) အကျိုးဖြစ်ရတဲ့ အကြောင်းတရားကို သိခြင်း၊ ရှာဖွေနိုင်ခြင်းဟာ “ပညာ”ပင်ဖြစ်ပါတယ်။ ဥပမာအားဖြင့် “ရာသီဥတုပူတယ်” ဆိုတဲ့ အကျိုးတရားကို လူရော၊ တိရစ္ဆာန်ပါ ခံစားရတယ်။ လူကပူတဲ့အကြောင်းတရားကို ရှာဖွေရာ “နေရဲ့ အပူရှိန်ကြောင့်”လို့ သိလာရတယ်။ ထို့အတူ နွေရာသီမှာ ပိုပူခြင်းရဲ့ အကြောင်းတရားက မိမိတို့ နိုင်ငံတည့်တည့်ပေါ်ကို နေလမ်းကြောင်း ဖြတ်သွားခြင်းကြောင့်လို့ တွေ့ရှိလာခဲ့တယ်။ 

ဆောင်းရာသီမှာ အေးရခြင်းက နေလမ်း ကြောင်းဟာ မိမိတို့နိုင်ငံနဲ့ အလှမ်းဝေးသွားလို့ နေရဲ့အပူချိန်  တိုက်ရိုက်မရခြင်းကြောင့်ဆိုတာ စူးစမ်းမှုအရသိလာတယ်။  ဒီအကြောင်းကို ကျောင်းများက ပထဝီဝင်သင်ခန်းစာမှာ ထည့်သွင်း သင်ကြားပေးတယ်။ တိရစ္ဆာန်က ပူတာ၊ အေးတာ ဆိုတဲ့ အကျိုးတရားကိုတော့ သိတယ်။ ဒါပေမယ့် ဘာကြောင့်ပူရသလဲဆိုတဲ့ အကြောင်းကိုတော့ ရှာနိုင်စွမ်းမရှိဘူး။ အကျိုးကိုသာသိတယ်။ ခံစားတယ်။ အကြောင်းတရားကိုမသိခြင်း မစူးစမ်းခြင်းဟာ တိရစ္ဆာန်မည်ပါတယ်။ 

 သူတို့မှာ ကျောင်းမရှိပါ။ ဒါကြောင့် အကြောင်း တရားရှာဖွေနည်းသင်ပေး၊ လေ့ကျင့်ပေးမယ့်သူ မရှိလို့ အကြောင်းတရားရှာတတ်တဲ့ သက်ရှိအဖြစ် မတက်လှမ်းနိုင်ဘူး။ အကြောင်းတရား မရှာတတ်သမျှ တိရစ္ဆာန်ဘဝပဲ ဖြစ်နေပါလိမ့်မယ်။ လူက “အကျိုး” ရဲ့ ဖြစ်ပေါ်လာရခြင်း “အကြောင်းရင်း အမှန်”ကို သိတယ်။ “အကြောင်းရင်း”ကို ရှာတတ်တယ်။ ရှာနိုင်စွမ်းလည်း ရှိတယ်။ ဒါကို အထက်ပါ လောကနီတိမှာ “ထူးသည့် ဤဂုဏ်အင်” (သို့) “လူသားမှာသာရှိသည့် ဉာဏ်ပညာ”ဟု ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ လူသားမှာသာရှိတဲ့ ထူးမြတ်တဲ့ ဂုဏ်အင်ကို ကလေးတွေ မဖြစ်မနေ ပိုင်ဆိုင်စေခြင်း အလို့ငှာ နိုင်ငံတိုင်းမှာ ပညာသင်ကျောင်းတွေ ဖွင့်လှစ်ထားပြီး လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်ပါတယ်။ 

မိဘတွေကလည်း အဆိုပါ “ထူးသည့်ပညာ ဂုဏ်အင်”ကို ပိုင်ဆိုင်စေဖို့ မိမိတို့ရဲ့သား၊ သမီးများကို ကျောင်းကိုပို့ကြတယ်။ သူတို့ဘဝ အသက်ရှင်သမျှ “သက်ရှိများရဲ့အမြင့်ဆုံးသက်ရှိ” (သို့) “ထူးသည့် ဤဂုဏ်အင်ပိုင်ရှင်” သက်ရှိများအဖြစ် အသက်ရှင် နေထိုင်သွားနိုင်ဖို့ ရည်ရွယ်ခြင်းကြောင့် ဖြစ်ပေတယ်။ ဒီဂုဏ်အင်မရှိရင် လူသားရုပ်သွင်သာပိုင်ဆိုင်ပြီး တိရစ္ဆာန်ဉာဏ်ရည်နဲ့ မခြားသူများဖြစ်သွားမှာ စိုးရိမ်ကြတယ်။ မိဘများရဲ့ မြင့်မြတ်တဲ့ စိုးရိမ်စိတ်ပါ။ မိဘတိုင်း မလွဲမသွေ ပိုင်ဆိုင်နေရမယ်။ 

ပညာပေတုံး၊ ထမင်းဖြုန်း တော်လှန်ရေး

ကျောင်းတက်ခဲ့ကြတဲ့ ကျောင်းသူ ကျောင်းသားတွေ ဘာတွေရခဲ့သလဲဟုမေးရင် နိုင်ငံလွတ်လပ်ရေး ရပြီးခါစ  အမြင်ကတော့ “စာတတ်တယ်”လို့ သာမြင်ကြတယ်။ တကယ်တော့ကျောင်းဟာ “ဖတ်စာအုပ်ထဲက စာတွေလောက်ကိုသာ သင်ပေးတဲ့ ပရိဝုဏ်” မဟုတ်ပါလို့ အကြိမ်ကြိမ် ရေးခဲ့ပြီးပါပြီ။ တကယ်တော့ ကျောင်းဟာ ယနေ့ကလေးများကို ဉာဏ်အမြော်အမြင်ကြီးမားအောင်၊ အမြင်ကျယ်အောင်၊ “ဉာဏ်မျက်စိတံခါး” ပွင့်လာအောင် လေ့ကျင့်ပေးတဲ့နေရာပါ။ အသိဉာဏ်တိုးရုံတင်မကပါ၊ လုပ်တတ်၊ ကိုင်တတ်၊ တွေးခေါ်မြော်မြင်တတ်ပြီး အနာဂတ်မှာ ကိုယ့်ကိုယ်ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကို ဘေးအန္တရာယ်ကင်းစွာ ထိန်းကျောင်းနိုင်စွမ်းရှိအောင် လေ့ကျင့်ပေးတဲ့နေရာပါ။ 

လူ့အဖွဲ့အစည်းအတွင်း လိုက်လျောညီထွေစွာ နေတတ်၊ ထိုင်တတ်၊ ဆက်ဆံတတ်၊ အကြောင်း အကျိုးနားလည်ပြီး ဆင်ခြင်တုံနိုင်စွမ်းရှိလာပြီဆိုရင် “ပညာတတ်”လို့ ခေါ်ဆိုနိုင်ပါပြီ။ ဒီလိုကြောင်းကျိုး ဆက်စပ်တတ်ပြီး ဆင်ခြင်တုံတရားပြည့်ဝတဲ့ နိုင်ငံ သား ပေါကြွယ်ဝစေဖို့အတွက် နိုင်ငံတော်အနေနဲ့ဥပဒေမှာ “မသင်မနေရ မူလတန်းပညာရေး”ကို ချမှတ်ခဲ့ပါတယ်။ ကျောင်းတွေ တိုးချဲ့ဖွင့်လှစ်ခဲ့တယ်၊ ဆရာ ဆရာမတွေ တိုးချဲ့ခန့်ထားပေးခဲ့တယ်။ လိုအပ်တဲ့ သင်ထောက်ကူပစ္စည်းတွေ တိုးချဲ့ပံ့ပိုးခဲ့ တယ်။ ကျောင်းနေအရွယ်ကလေးတိုင်း ပညာ သင်ကြားခွင့် မဆုံးရှုံးရလေအောင် အခမဲ့ပညာရေး ကို ဆောင်ရွက်ပေးနေပါတယ်။ 

ဉာဏ်ပညာမဲ့သူ ပပျောက်ရေးအတွက် ဆောင်ရွက်နေခြင်းပါ။ ထမင်းသာစားပြီး လူကောင်သာ ကြီးထွားလာတဲ့ လူ့ဘောင်လူ့လောကအတွက် ကောင်းကျိုးမပြုတဲ့ “ပညာမဲ့”များ မရှိစေဖို့ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် “ပညာကင်းငြား၊ လူနှင့် နွား၊ မခြားတူအသွင်”ဆိုတဲ့ တိရစ္ဆာန်နဲ့ မခြားတဲ့ နိုင်ငံသားတွေ ပပျောက်သွားစေဖို့ ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

ဒါကို ဉာဏတော်လှန်ရေး၊ ပညာမဲ့တော်လှန်ရေး၊ ဖိုးသုည (လူဖြစ်ပြီး တိရစ္ဆာန်ထက်အသိဉာဏ် ပိုမမြင့်သူ) တော်လှန်ရေးလို့ ခေတ်အဆက်ဆက် ခေါ်ခဲ့ကြတယ်။    ဘယ်လိုခေါ်ဆိုသုံးနှုန်းပါစေ၊ ဒီတော်လှန် ရေးရဲ့ရလဒ်က မျိုးဆက်သစ်ကလေးငယ်တွေကို “ပညာတတ်လူသားဘဝ” ၊  ထိုမှတစ်ဆင့် “ပညာထွန်းတောက် နိုင်ငံသားများ” အဆင့်ဆီကို မြှင့်တင်ပေးနေခြင်း ဖြစ်ပါတယ်။ 

 ဒီတော်လှန်ရေးရဲ့ ထူးခြားချက်မှာ သေနတ်မရှိ၊ ကျည်ဆန်နတ္ထိ၊ သွေးသံယိုမှုကင်းပြီး ပျော်ရွှင်ခြင်း အပြည့်ရှိကြတယ်။ ငြိမ်းချမ်းမှုကို မြတ်နိုးခုံမင်လာ ကြတယ်။ မျိုးဆက်သစ်တို့ရဲ့ ဘဝအဆင့် ပိုမိုမြင့်မားလာတယ်။  ဒီဉာဏတော်လှန်ရေးမျိုးက လူ့သမိုင်းအဆက်ဆက်မှာ လူ့ဘောင်သမိုင်း  ပိုပိုပြီး ထွန်းတောက်စေဖို့အတွက် စဉ်ဆက်မပြတ်ရှိနေ ဦးမှာပါ။ မိဘတိုင်း မိမိသားသမီးကို ကျောင်းအပ်ခြင်းဟာ  မြင့်မြတ်တဲ့  ဉာဏတော်လှန်ရေးကို ပြည့်ဝနိုင်ငံသားများအနေနဲ့ ပါဝင်ဆင်နွှဲနေခြင်း ဖြစ်ပါတယ်။  ကမ္ဘာ့နိုင်ငံ့တိုင်းက မိဘများရဲ့ ခေတ်ကပေးအပ်လာတဲ့  သမိုင်းပေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်း ဖြစ်ပါတယ်။

နေခြည်မှာ ပညာရည်လောင်းတဲ့ကျောင်းဆီသို့

    ပန်းကလေးများပွင့်တော့မည်

    ဖူးတံဝင့်လို့ချီ

    နေခြည်မှာရွှေရည်လောင်း

    ငါတို့စာသင်ကျောင်း .... တဲ့။ 

ကဗျာဆရာကြီး ပျဉ်းမနားမောင်နီသင်းရဲ့ ကဗျာလေးပါ။ ကျောင်းဖွင့်ချိန်ရောက်တိုင်း  မြန်မာ့ ရုပ်မြင်သံကြားမှာ ကြည်နူးစွာ အချိန်ကိုက်ပေါ်ထွက်လာတဲ့ ကျောင်းတက်ကြဖို့နှိုးဆော်တဲ့ အစီအစဉ်လေးပါ။ အသိဉာဏ်မြင့်မားတဲ့ မိဘတိုင်း မိမိတို့ရဲ့ သား၊ သမီး  (အဖူးအငုံ ပန်းကလေးတွေ)  ကို လူ့ဘောင်လောကအလယ်    ငွားငွားစွင့်စွင့်၊ ကြွားကြွားဝင့်ဝင့် ပွင့်လန်းနိုင်စေဖို့ ကျောင်းကိုပို့ခြင်းဖြင့် “မိဘဝတ္တရား ကျေပွန်ကြပါလော့” လို့ နှိုးဆော်နေခြင်းဖြစ်ပါတယ်။ 

မိဘတွေရဲ့ သမိုင်းပေးတာဝန်ကျေခဲ့မှု

မိဘဆိုတာ မိမိတို့ သားသမီးကို ဘယ်ခေတ်၊ ဘယ်အခါမဆို  ပညာတတ်ဖြစ်စေချင်ကြတယ်။ ဗြိတိသျှကိုလိုနီလက်ထက်မှာလည်း ကျောင်းပို့ခဲ့ ကြတယ်။ အဲဒီအချိန်က မိဘတွေဟာ အမြော်အမြင် ကြီးခဲ့ကြတယ်။ သမိုင်းထင်ရှားရှိခဲ့တယ်။ မမေ့ ကောင်း၊ မမေ့အပ်တဲ့ သမိုင်းကြောင်းက မိဘတွေရဲ့ သမိုင်းပေးတာဝန်ကျေခဲ့မှုပါ။   ဥပမာအားဖြင့် မအူပင်မှ မောင်ဘမော်၊ ပန်းတနော်မှ မောင်သန့်နဲ့ မောင်ခန့်တို့ညီအစ်ကို၊ နတ်မောက်က မောင်ဘဝင်း နဲ့ မောင်အောင်ဆန်းတို့ ညီအစ်ကို၊ ထုံးဘိုက မောင်မြ၊ ဝါးခယ်မက မောင်နု၊ ပေါင်းတလည်က မောင်ရှုမောင်၊ မိတ္ထီလာက မောင်ရာဇတ်၊ မန္တလေး က မောင်ဗဟိန်း၊ ပုသိမ်က မောင်ဘဦးနဲ့ မန်းဝင်း မောင်၊  လောင်းလုံက မောင်ဗထူး၊ ပျဉ်းမနားက မောင်ကျော်ငြိမ်း၊ ဘုတလင်က မောင်သိန်းဖေ၊ ဟင်္သာတက မန်းဘခိုင်၊  ကြို့ပင်ကောက်က မောင်ဘဖေ၊ မြောင်းမြက မောင်ဘချို၊ တောင်ကြီးက စဝ်ရွှေသိုက်၊ ရွှေတောင်က မောင်လွန်းမောင် (သခင် ကိုယ်တော်မှိုင်း)၊ သံတွဲက မောင်ကျော်ရင် စသူတို့ရဲ့ မိဘတွေဟာ အမြင်ကျယ်ပြီး အမြော်အမြင်ကြီး၍ သာ ကိုလိုနီခေတ်ပညာရေးက ဖွင့်လှစ်တဲ့ ကျောင်းတွေကို ပို့ခဲ့ကြတာ၊ မိမိတို့သားတွေကို ဉာဏ်ပညာ အလင်းတောက်ပအောင် ဆောင်ရွက်စေခဲ့ ကြတာဖြစ်ပါတယ်။ 

အသိဉာဏ်မြင့် မိဘများ

သူတို့ ယုံကြည်တာက “ပညာသင်ကျောင်း” တိုင်းဟာ ကလေးသူငယ်တွေကို ယဉ်ကျေးအောင်၊ လိမ္မာအောင်နဲ့ ဉာဏ်ပညာမြင့်မားအောင် သင်ပေး လေ့ကျင့်ပေးတဲ့နေရာ ဖြစ်ပေတယ်။ ဘယ်မိဘကမှ မိမိတို့ သားသမီးကို ဆိုးမိုက်သူ၊ ဉာဏ်ထုံသူ၊ လူတုံးလူအများ မဖြစ်လိုကြဘူး။ အသိဉာဏ်မြင့် မိဘများဖြစ်ခဲ့တယ်။  မိဘတွေရဲ့  ဉာဏ်ပညာ မြင့်မားမှုက သမိုင်းထဲက  မျိုးဆက်တွေကို လွတ်လပ်ရေးခေါင်းဆောင်များဖြစ်စေခဲ့သလို နိုင်ငံဟာလည်း ထွန်းတောက်သူတို့ရဲ့ စွမ်းအားကြောင့် ကျွန်ဘဝက လွတ်မြောက်ခဲ့တာပါ။ 

ထို့အတူ ကျွန်းပေါ်က ရွာလေးမှာ လှေကူးတို့ပို့တဲ့ တမီလ်လူမျိုး ပညာအခြေခံအလွန်နည်းတဲ့ ဖခင် ကသာ  သူ့သားကို ကျောင်းမထားခဲ့ဘူးဆိုရင်၊ ထို့အတူ တခြားရွာသားတွေလုပ်နေသလို ဖခင်နဲ့ အတူ  များပြားတဲ့မိသားစုကို ရှာဖွေကျွေးမွေးဖို့ ငယ်ငယ်လေးကတည်းက  မိမိရဲ့သားဖြစ်သူကို ဝင်ငွေ ရှာခိုင်းခဲ့မယ်ဆိုရင်  အဗ္ဗဒူကာလန်ကလေးဟာ ဒုံးပျံပညာရှင်နဲ့ အိန္ဒိယရဲ့ ၁၁ ဦးမြောက် သမ္မတ ကြီး ဖြစ်လာစရာအကြောင်းမရှိဘူး။ 

ကျောင်းအပ်ခြင်းဟာ သမ္မတအိမ်တော်ကို လှမ်းမယ့် ပထမခြေလှမ်းလို့ ဆိုပါရစေ။ ဖခင်က ပညာရေးနိမ့်ပါးပေမယ့် သားကို မိဘမျိုးဆက်ထက် သာစေလိုတဲ့ အသိဉာဏ်မြင့်မားမှု၊၊ မိဘမေတ္တာ၊ မိဘစေတနာကြောင့်ဆိုတာ အိန္ဒိယသမ္မတကြီးရဲ့ ဖခင်က ထင်ရှားစွာပြခဲ့ပါတယ်။ သူ့ဖခင်ဟာ မိမိရဲ့သားနဲ့ အိန္ဒိယနိုင်ငံကို ချောက်ထဲတွန်းချလိုသူ မဟုတ်ပါ၊ အိန္ဒိယမှာ ပညာထွန်းတောက်တဲ့ လူငယ် တွေ  ကြွယ်ဝစေလိုတဲ့ အမြင်ရှိသူပါလို့  မြင်မိပါတယ်။ 

ဒီနေရာမှာ မြန်မာ့လွတ်လပ်ရေး ခေါင်းဆောင် လောင်းတွေနဲ့ အိန္ဒိယသမ္မတလောင်းလျာတို့ဟာ ကျွန်ပညာရေးခေါ် ကိုလိုနီပညာရေးက ဖွင့်ထားတဲ့ ကျောင်းကိုသွားခဲ့ကြတယ်။ ဘယ်အခြေအနေပင်ရှိ စေကာမူ  ကျောင်းကရတဲ့ ပညာက အားလုံးကို ကြီးမြတ်တဲ့   သခင်ခေါင်းဆောင်များအဖြစ်သို့ ဆောင်ကြဉ်းရောက်ရှိစေခဲ့ပြီး   တိုင်းပြည်ကိုလည်း ကယ်တင်နိုင်ခဲ့ကြတယ်။ သမိုင်းထဲက မိဘတွေ မိမိတို့သားသမီးကို  ကျောင်းပို့ခဲ့တဲ့ရလဒ်ပါ။ မိမိတို့ရဲ့ အဖူးအညွန့်ရတနာတွေကို နေခြည်လို့ ဆိုအပ်တဲ့ ပညာသင်ကျောင်းကိုပို့ပြီး ခေါင်းဆောင် လောင်းတွေကို လေ့ကျင့်ပေးနေသူ ဆရာ ဆရာမတွေရဲ့ ပညာရွှေရည်လောင်းပေးခဲ့တဲ့ မှတ်တမ်းသာဓကပါ။ ကောင်းမြတ်တဲ့သမိုင်းဂုဏ်ကို မြန်မာ မိဘတွေ ဆက်လက်မြှင့်ပေးကြပါ။ 

ယနေ့မှာလည်း ပြည်မြန်မာကို ချောက်ထဲ တွန်းချချင်တဲ့မိဘတွေ နိုင်ငံမှာမရှိပါလို့ မြင်မိပါတယ်။ မိမိသားသမီးအပါအဝင် ကလေးများကို ပညာတတ်စေချင်သူ မိဘတွေသာ ကြွယ်ဝတဲ့ နိုင်ငံပါ။ 

ကျောင်းတက်ခဲ့တဲ့ မျိုးဆက်တွေကြောင့်

သမိုင်းမှာ  မြန်မာနိုင်ငံကို ကျွန်ဘဝက လွတ်ကင်းတဲ့ အချုပ်အခြာအာဏာပိုင် နိုင်ငံဖြစ် အောင်  ဆောင်ကြဉ်းခဲ့တာလည်း  မိဘတွေက ကျောင်းအပ်ပြီး ကျောင်းကို ပျော်ပျော်ရွှင်ရွှင် တက်ခဲ့တဲ့ မျိုးဆက်တွေကြောင့်ပါ။ ရပြီးသား မြန်မာ့လွတ်လပ်ရေး ဆက်လက်ထိန်းသိမ်းခဲ့တာလည်း ကျောင်းတက်ခဲ့တဲ့  မျိုးဆက်တွေကြောင့်ပါပဲ။ အိန္ဒိယနိုင်ငံကို ချောက်ထဲမရောက်အောင်နဲ့ ကမ္ဘာ့ဖွံ့ဖြိုးမှု စာရင်းဝင်အောင် ကြိုးပမ်းခဲ့ကြသူများဟာလည်း ကျောင်းတက်ခဲ့တဲ့ အိန္ဒိယနိုင်ငံသားမျိုးဆက် တွေပါပဲ။ မြန်မာနိုင်ငံကိုဖွံ့ဖြိုးအောင် ကြိုးပမ်းခဲ့၊ ကြိုးပမ်းဆဲ ဆောင်ရွက်နေကြတာလည်း ကျောင်း တက်ပြီး    မိမိရဲ့အသိဉာဏ်မြင့်မားအောင် ဆောင်ရွက်ခဲ့ကြတဲ့ မျိုးဆက်တွေကြောင့်ပါပဲ။

မျိုးဆက်သစ်တွေ အသိဉာဏ်မြင့်မားအောင်၊ ပွင့်လန်းအောင် ခေတ်အဆက်ဆက် ကျောင်းကို စေလွှတ်ခဲ့ကြတာလည်း နောက်ကွယ်မှာ အမြော် အမြင်ကြီးတဲ့ မိဘတွေရှိကြလို့ပါပဲ။ မြန်မာ့ခေတ် သမိုင်းတစ်လျှောက် မိဘတွေ ဉာဏ်အမြော်အမြင် မြင့်ခဲ့လို့သာ သားသမီးမျိုးဆက်တိုင်းဟာ ပညာရဲရင့် ပွဲလယ်တင့်ခဲ့ကြပြီး နိုင်ငံ့အလံ လေထဲမှာ တလူလူလွှင့်နိုင်ခဲ့တာပါ။ နိုင်ငံ့အနာဂတ်ဟာ ပညာ ရှင်၊ ပညာတတ် မျိုးဆက်သစ်တွေအပေါ် တည်မှီနေ ပေမယ့်  “လက်ဦးဆရာ မိဘနှစ်ပါး” ရဲ့ ဉာဏ် အမြော်အမြင်ကြီးမှုက အဓိကမို့ သင့်သားသမီးတွေကို “လူသားများသာ ပိုင်ဆိုင်တဲ့ ဉာဏ်ပညာ” (သို့) “ထူးတဲ့ဂုဏ်အင်ပိုင်ရှင်များ” ဖြစ်လာကြစေဖို့နဲ့ မြန်မာ့လူ့အဖွဲ့အစည်းရဲ့ အနာဂတ်မြင့်မားဖွံ့ဖြိုး စေဖို့ မိမိတို့သားသမီးတွေကို မဖြစ်မနေ ကျောင်း အပ်ခြင်းဖြင့် မိဘဝတ္တရားကျေပွန်တဲ့ မြင့်မြတ်မိဘ များအဖြစ် ရပ်တည်ပေးကြပါစို့” လို့ တိုက်တွန်း နှိုးဆော်လိုက်ရပါတယ်။  ။