ထူးမြတ်သည့် သီတင်းကျွတ်လ ပွားများကုသိုလ်ယူ

အောက်တိုဘာ ၂၅

မြတ်ဗုဒ္ဓ၏ သမိုင်းကြောင်းကို လေ့လာကြည့်သော် ဗုဒ္ဓ၏ ဝါဆိုစဉ် ၄၅ ဝါ အနက် ခုနစ်ဝါမြောက်သော ဝါတွင်းသုံးလ ကာလပတ်လုံး အပရာဇိတ ပလ္လင်ထက်၌ ထိုင်တော်မူလျက် အလုံးစုံသော နတ်ဗြဟ္မာ အပေါင်းတို့အား သံသရာမှလွတ်ကင်းရာ အဘိဓမ္မာဒေသနာတော်ကို ဟောကြားတော်မူ ခဲ့ပါသည်။

 

မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သည်မှာ ဉာဏ်ပညာထူးကဲ သာလွန်သော နတ်ဗြဟ္မာ အပေါင်းတို့အား ဟောကြားတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ပုထုဇဉ်လူသားတို့အပေါ်တွင်မူ မဟာကရုဏာ ထားတော်မူပြီး သတိတမံ၊ ဉာဏ်မြေကတုတ်၊ ပညာစွန်း ချွန်းကောင်းအုပ်၍ မဂ်ဖိုလ်သို့ စိတ်ညွတ်ကာ နိဗ္ဗာန်သောင်ကမ်းသို့ ကပ်နိုင်အောင် ကျင့်ကြံပွားများ အားထုတ်နိုင်ပါစေဟု မေတ္တာထားတော်မူပါသည်။

 

ထို့ကြောင့် သီတင်းကျွတ်လတွင် မြတ်စွာဘုရားရှင် ဟောကြားတော်မူသော ပဋ္ဌာန်းဒေသနာတော် ပါဝင်သည့် အဘိဓမ္မာတရားကို ပွားများနာယူပြီး သံသရာဒုက္ခဆင်းရဲအပေါင်းမှ ကင်းလွတ်နိုင်အောင် ဉာဏ်ဖြင့် ဆင်ခြင်၍ ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါသည်။ သံတုံးကို အပ်ဖြစ်အောင် သွေးသကဲ့သို့ မဂ်ဖိုလ်ဉာဏ် မရနိုင်လျှင်လည်း မှန်ကန်သည့် စိတ်ကောင်းစေတနာမျိုး၊ မြင့်မြတ်သည့် သဒ္ဓါစိတ်မျိုးဖြင့် ပုံမှန်သွေးချွန် ယူရမည် ဖြစ်သည်။ လုံးဝမလုပ်သည်နှင့်စာလျှင် ကောင်းမှုအလုပ်တို့ကို လုပ်နိုင်သမျှ စုယူကြရမည်ဖြစ်သည်။

 

လူ့ဘဝသည် ရခဲပါပေသည်။ ယခု ရခဲသောလူ့ဘဝကို ရရှိနေခြင်း၊ ဘုရားပွင့်သော ကာလဖြစ်ခြင်း၊ သူတော်ကောင်း တရားတည်ခြင်း စသည့် အခွင့်အလမ်းကောင်းများ ရှိနေသလို သံသရာ လည်နေသရွေ့ ဘဝထိုထိုတွင် အို၊ နာ၊ သေရေး အပါယ်ဘေးနှင့် ကြုံတွေ့နိုင်သည့် ကြိုးတန်းပေါ်တွင် လျှောက်နေရသလိုပင် ဖြစ်ပါသည်။ ပင်လယ်ပြင်တွင် မျောနေသည့် ဆင်သေကောင်ပုပ်ကို အားကိုးနားခိုမိသော ကျီးမိုက်ပမာ မပြုမိဖို့ လိုပါ သည်။ ဆင်သေ၏ ထပ်မံပျက်စီးမည့် ဘေးဒုက္ခကို ဆင်ခြင်ပြီး ဒုက္ခဆင်းရဲမှ လွတ်ကင်းရာကမ်းသို့ လှော်ခတ်ကူးယက်ကြရမည်ဖြစ်ပါသည်။

 

အဘိဓမ္မာဒေသနာပါ ပဋ္ဌာန်းမှာ ခက်ခဲနက်နဲသဖြင့် လူသာမန်တို့အား ဟောကြားတော်မူခြင်း မပြုဘဲ ပါရမီဉာဏ် ရင့်သန်လှသော နတ်ဗြဟ္မာ အပေါင်းတို့ကို မဟာသက္ကရာဇ် ၁၁ဝ ခုနှစ်၊ ဝါတော် ခုနစ်ဝါအရ ဤ သီတင်းကျွတ်လတွင် ဟောကြားတော်မူခဲ့ပါသည်။ ပဋ္ဌာန်းကျမ်းသည် လောကကြီးတစ်ခွင်ကို အကုန်အစင် ဆက်စပ် ပြသနိုင်သကဲ့သို့ လောကုတ္တရာမဂ်ဖိုလ်အထိ ပဋိစ္စသမုပ္ပာဒ်နည်းဖြင့် အကြောင်းဆက်၊ အကျိုးဆက်များဖြင့် ဆက်သွယ်သွားနိုင်သည့် ဖြစ်ပုံပျက်ပုံ နည်းအဖုံဖုံ အစုံအလင်ပါဝင်ပါသည်။

 

ရွှေ၏တန်ဖိုးကိုသိသဖြင့် ရွှေအကြောင်းကို နားလည်အောင် မိမိလက်ဝယ်ရှိ ရွှေ၏ တန်ဖိုး၊ ရွှေ၏ အရည်အသွေးကို အပြည့်အဝနားလည် သကဲ့သို့ သီတင်းကျွတ်လပြည့် အဘိဓမ္မာ အခါတော်နေ့တွင် မြတ်စွာ ဘုရားရှင်က နတ်ဗြဟ္မာများအား ဟောကြားတော်မူသော ပဋ္ဌာန်းဒေသနာ တော်၏ ခက်ခဲနက်နဲပုံ၊ ကျေးဇူးဆက်သွယ်ပုံ စသည့် နည်းနာနိဿယ ဓမ္မဖြစ်စဉ်ကို စဉ်းစားဆင်ခြင် သုံးသပ်ခြင်းမျှပင် အဖိုးအနဂ္ဃ ထိုက်တန်ပြီး တန်ဖိုးကြီးမား အကျိုးတရားများစွာ ရရှိနိုင်ပါသည်။ ပဋ္ဌာန်းဒေသနာတော်ကို နာယူခြင်း၊ သဘောပေါက် ဆင်ခြင်ခြင်း၊ ကျေးဇူးတရားများကို အောက်မေ့ဆင်ခြင်ခြင်းဖြင့် အကျိုးတရားများကို ရယူကြဖို့ ဖြစ်ပါသည်။

 

သို့ဖြစ်ရာ မြတ်စွာဘုရားရှင် သီတင်းကျွတ်လတွင် နတ်ဗြဟ္မာများအား ဟောကြားတော်မူသော ပဋ္ဌာန်းမြတ်ကျမ်း ပါဝင်သည့် အဘိဓမ္မာဒေသနာ တရားတော်မြတ်အား ဆင်ခြင်ပွားများခြင်းဖြင့် မိမိတို့ဘဝ အထက်လမ်းသို့ တက်လှမ်းကြဖို့ ဖြစ်ပါသည်။ ဘုရားရှင် ဟောကြားဆုံးမ လမ်းညွှန်ပြသော တရားတော်များသည် ဘဝများစွာ သံသရာရှည်ခရီးတွင် ပုထုဇဉ်လူသားများ မလွဲမသွေ ကြုံတွေ့ရမည့် ဒုက္ခဆင်းရဲအပေါင်းမှ ကင်းဝေးရာအမှန် နည်းလမ်းကောင်းများဖြစ်၍ ယုံကြည်သက်ဝင် ပွားများအား ထုတ်လိုရင်း ဖြစ်ပါသည်။     ။
(ကြေးမုံ)