ထူးကဲပေစွ နတ်တော်လ

နေခြည်လှသိန်းထွေး

နှင်းဝေမြူး၍ ညင်းလေရူးသည့်အချိန်ကား “နတ်တော်လ” အချိန်ဖြစ်တော့သည်။ နတ်တော်လသည် ဆောင်းရာသီ၏ ဒုတိယရင်သွေးဟုဆိုရပေမည်။ မိုးစက်၊ မိုးနံ့ကင်းစင်ခြောက်သွေ့ပြီး မြူခိုးမြူငွေ့ ဝေ့သန်းလာသော အေးမြစပြုသည့် အခါသမယဖြစ်သည်။ နတ်တော်လသည် ဓနုရာသီဖြစ်သည်။ စန်းယှဉ်နက္ခတ်မှာ မိဂသီနက္ခတ်ဖြစ်သည်။ ရာသီရုပ်မှာ လေးစွဲယောကျ်ားရုပ်ဖြစ်သည်။ ရာသီပန်းကား သဇင်ပန်း လေးများပွင့်ပါသည်။ စာဆိုတော်ပွဲကို နတ်တော်လဆန်း(၁)ရက်နေ့တွင် ကျင်းပကြသည်။ ကျင်းပရခြင်း၏ရည်ရွယ်ချက်မှာ စာပေပညာရှင်များကို ဂုဏ်ပြုလို၍ဖြစ်သည်။

စာ၊ ဆို၊ တော် သုံးမျိုးတွဲစပ်

စာဆိုတော်ဆိုသည်မှာ နာမ်စားသုံးမျိုးကို တွဲစပ်ထားခြင်းဖြစ်သည်။ အသားညိုပါက ဖိုးညို၊ အကြွားသန်ပါက ဖိုးကြွားဟုခေါ်သကဲ့သို့ စာဆိုတော်တွင် လည်း စာ၊ ဆို၊ တော် သုံးမျိုးတွဲစပ်ရာ “စာ” မှာ စကားပြေကို မဆိုလို၊ ကဗျာစည်းမျဉ်း၊ ကဗျာရေးထုံးများနှင့်အညီ သီကုံးထားသည့်အရာ ဖြစ်သည်။ “ဆို” ဟူသည် ကဗျာ၊ လင်္ကာကို အက္ခရာတင်၍ မရေးဘဲ အလွတ်လက်တန်း ရွတ်သွားသည်ကို အနက်ဖွင့်ခြင်းဖြစ်သည်။ “တော်” မှာကား အလွတ်လက်တန်း ရွတ်သွားသောအရာတွင် အကျော်အမော်ဖြစ်ခြင်းကို ဆိုလိုသည်။ ထို့ကြောင့် စာဆိုတော်ဆိုသည်မှာ ကဗျာ၊ လင်္ကာကို စည်းမျဉ်းရေးထုံးနှင့်အညီ အက္ခရာမတင်ဘဲ အလွတ်လက်တန်းရွတ်ရာ၌ အကျော်အမော်ဖြစ်သည်ဟု ဆိုလိုရင်းဖြစ်သည်။

ရှေးက ကဝိပုဂ္ဂိုလ်များသည် စကားပရိယာယ်အလွန်ကြွယ်လှသည်။ ကဗျာ၊ လင်္ကာတစ်ပုဒ်ကို ရေးကြီးခွင်ကျယ် စာဖြင့်မရေးဘဲ နှုတ်တိုက်လက်တန်း ရွတ်နိုင်ကြသည်။ စာဆိုတော်ဟူသည် ဤသို့သော် ပညာရှိကဝိကြီးများအား ပေးသော ဘွဲ့အမည်ပင်ဖြစ်သည်။ စာဆိုတော်ပွဲသည် ဘိုးတော်ဘုရားလက်ထက် ကပင် စတင်ပေါ်ပေါက်လာခဲ့သည်။ စာဆိုတော်ဟူသော ဝေါဟာရသည် ရှေးအခါ ကဗျာခေတ်ကပင် အမြစ်တွယ် ခဲ့သည်။ အနော်ရထာ၊ ပုဂံမင်းလက်ထက် မှစ၍ ပါဠိနှင့် မြန်မာ ဒွန်တွဲရောယှက် အသုံးပြုလာရာမှတစ်ဆင့် အင်းဝခေတ် သို့ရောက်သောအခါ မြန်မာစာပေသည် အထွတ်အထိပ်သို့ ရောက်လာသည်။ မြန်မာဘာသာဖြင့် စပ်ဆိုသောကဗျာများ ထွန်းကားလာသည်။ အင်းဝခေတ်သည် ကဗျာ၏ရေသောက်မြစ် ပင်မခေတ် ဖြစ်သည်။ ရှေးမြန်မာမင်းများလက်ထက် တွင် လက်ရုံးရည်၊ နှလုံးရည်ဘက်၌ ထူးချွန်သူများကို နတ်တော်လ၌ အခမ်းအနားဖြင့် အဆောင်အယောင်များ ချီးမြှင့်ပေးအပ်လေ့ရှိသည်။ နိုင်ငံတော်အတွက် အလွန်အကျိုးများစေသော ပွဲတော်မျိုးဖြစ်သည်။ 

ယနေ့ခေတ် စာဆိုတော်နေ့ပေါ်ပေါက် လာပုံမှာ စာဆိုတော်များ၏ စာပေကျေးဇူး၊ စာပေဂုဏ်ကို ချီးကျူးပူဇော်ပွဲ ကျင်းပရာမှ အစပြုခဲ့ခြင်းဖြစ်သည်။ နောက်ပိုင်းကာလများတွင် စာဆိုတော် နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ များ၊ ကဗျာရွတ်ဆိုပွဲများ၊ စာပေဆုနှင်း သဘင်ပွဲများ၊ သက်ကြီးစာပေပညာရှင် ကြီးများ ကန်တော့ပွဲများကို နိုင်ငံတစ်ဝန်း ခြိမ့်ခြိမ့်သဲကျင်းပလာခဲ့ကြသည်။ စာပေပညာရှင်များက နတ်တော်လ၏ အဦးဆုံးရက်ဖြစ်သော လဆန်း(၁)ရက်နေ့ကို စာဆိုတော်နေ့အဖြစ် အားလုံးက တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် နတ်တော်လရာသီသည် စာဆိုတော် ရာသီဖြစ်လာသည်။

စာပေမြင့်မှ လူမျိုးတင့်မည်

စာပေသည် လူမျိုးတစ်မျိုး၏အသက် ဖြစ်သည်။ စာပေမရှိလျှင် လူမျိုးမရှိနိုင်ပါ။ စာပေပျောက်လျှင် လူမျိုးပါပျောက်ကွယ်သွားပေမည်။ ထို့ကြောင့် လူမျိုးတိုင်း စာပေကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းထားသင့်သည်။ ထို့အတူ မြန်မာနိုင်ငံတွင်လည်း “စာပေမြင့်မှ လူမျိုးတင့်မည်”ဟု အလေးအနက်ခံယူထားပါသည်။ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက် ပုဂံခေတ် မှယနေ့တိုင် စာပေပညာရှင်များ ပေါ်ထွန်းခဲ့သည်။ ၎င်းတို့၏ အားထုတ်မှုကြောင့် စာပေမျိုးစုံပေါ်ထွန်းခဲ့သည်။ လေ့လာဖတ်ရှုရသူတို့အဖို့ အသိပညာ အလိမ္မာများတိုး၍ နိုင်ငံအကျိုးကို စွမ်းစွမ်းတမံ သယ်ပိုးဆောင်ရွက်နိုင်ခဲ့ ကြပါသည်။ စာပေရေးသားမှု တစ်စ တစ်စ မြင့်မားလာသည်နှင့်အမျှ လူမျိုးဂုဏ်လည်း တင့်တယ်လာခဲ့ပါသည်။ ထို့ကြောင့် စာပေပညာရှင်တို့၏ ဂုဏ်ကျေးဇူးကား အထူးဆိုဖွယ်ရာမရှိ တော့ပါ။ ဂျပန်ခေတ် (၁၉၄၂-၁၉၄၃)ခုနှစ်တွင် စာပေပညာရှင်များက မြန်မာ နိုင်ငံစာရေးဆရာအသင်းကို တည်ထောင်ပြီး ရှေးစာဆိုများကို ဂုဏ်ပြုသည့်အနေ ဖြင့် နတ်တော်လဆန်း (၁)ရက်နေ့ကို “စာဆိုတော်နေ့”ဟု သတ်မှတ်ခဲ့ပါသည်။

“ဓမ္မစာဆိုတော်နေ့” ဟုလည်း သတ်မှတ်

နတ်တော်လသည် ဗုဒ္ဓဝင်အခါတော် နေ့များနှင့် ထူးထူးခြားခြား ကင်းလွတ်နေသော လတစ်လဖြစ်ပါသည်။ ထိုသို့ ဗုဒ္ဓအခါတော်နေ့များနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း နတ်တော် လပြည့်နေ့သည် ဗုဒ္ဓမြတ်စွာဘုရား၏ တရားဓမ္မများကို အဆင့်ဆင့် လက်ဆင့်ကမ်း ရေးသားပို့ချလာကြသည့် ရှေးပညာရှိဆရာတော်ကြီးများ၊ ဗုဒ္ဓစာပေဆိုင်ရာ စာဆိုတော်ကြီးများကို ဂုဏ်ပြုပူဇော်သည့် လပြည့်နေ့ ဖြစ်ပါ သည်။ ထို့ကြောင့် နတ်တော်လပြည့်နေ့ကို “ဓမ္မစာဆိုတော်နေ့”ဟုလည်း သတ်မှတ်ထားကြပါသည်။ ထိုကဲ့သို့ မွန်မြတ်လှသော နတ်တော်လပြည့်နေ့တွင် ဗုဒ္ဓဘာသာဝင်သူတော်ကောင်း အပေါင်းတို့လည်း မိမိတတ်စွမ်းသမျှ ကုသိုလ်ဘာဝနာများ ပွားများအားထုတ် နိုင်ကြမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ စာရေးဆရာအသင်း ကြီးက မျိုးစေ့ချပေးခဲ့သော စာဆိုတော် နေ့ကို နှစ်စဉ်မပြတ် ကျင်းပခဲ့ပါသည်။ ဗဟို၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကျင်းပရေးကော်မတီများ ဖွဲ့စည်းကျင်းပ၍ စာပေဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ၁၉၄၉ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ ချီးမြှင့်ခဲ့သော စာပေဆုများကို စာပေဗိမာန်ဆုဟုသာ ခေါ်တွင်ခဲ့သည်။ ၁၉၆၂ ခုနှစ်သို့ရောက်သောအခါ အနုပညာ စာပေဆုဟူ၍ ပြောင်းလဲခဲ့သည်။ ယခုအခါ အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန် စာမူဆုများအဖြစ်သို့ တိုးတက်ချီးမြှင့် ပေးလျက်ရှိသည်။ ဂုဏ်ယူဝမ်းမြောက် ဖွယ်ကောင်းလှပေသည်။ စာဆိုတော် နေ့မတိုင်မီ ထိုနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ကျောင်းများ၊ ရပ်ကွက် များတွင် ဟောပြောပွဲများ၊ စာစီစာကုံး ပြိုင်ပွဲများ၊ ကဗျာရွတ်ဆိုပြိုင်ပွဲများနှင့် ပုံပြောပြိုင်ပွဲများ ကျင်းပကြပါသည်။ ထို့အပြင် စာပေလုပ်သားအစည်းအရုံးမှ ဦးဆောင်ကာ သက်ကြီးစာပေပညာရှင် များကို ကန်တော့သည့်ပွဲကိုလည်း ကျင်းပပါသည်။ ထိုနေ့တွင် စာပေဆုနှင်း သဘင်အခမ်းအနားကိုလည်း ခမ်းနားစွာ ကျင်းပကြပါသည်။ 

လိုအပ်သည့် အာဟာရမှာ စာပေရတနာပင်ဖြစ်

အနာဂတ်နိုင်ငံတော်သစ် တည်ဆောက်ရာတွင် စွမ်းရည်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်များ၏ ကိုယ်ရည် ကိုယ်သွေး၊ ကိုယ်စွမ်းကိုယ်စများ၊ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လိုအပ်သည့် အာဟာရမှာ စာပေရတနာပင် ဖြစ်သည်။ စာပေရတနာအာဟာရ ဖြည့်ဆည်းကြမှသာ ကမ္ဘာလောကကို မျက်ခြည်မပြတ်ဘဲ တန်ဖိုးမြင့်လာမည်ဖြစ်သည်။ နိုင်ငံသားတိုင်း စာပေပညာရှင်၊ စာဆိုတော်များ၏ စာကောင်းပေမွန်များ လေ့လာရမည်ဖြစ်သည်။ စာပေပညာရှင်များ၊ စာပေကို တန်ဖိုးထားသည့် ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ လက်ဆင့်ကမ်း  ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်ပါသည်။

“လနတ်တော် မုန့်ဆန်းလှော်” ဟူ သော လင်္ကာစာသားနှင့်အညီ နတ်တော်လတွင် မုန့်ဆန်းလှော်၍ နတ်ပွဲအပြီး စားလေ့ရှိကြသည်။ ပျော်ရွှင်ဆင်နွှဲ နတ်ပွဲများကိုလည်း ကျင်းပကြသည်။ ခြိမ့်ခြိမ့်သဲသဲ “စာဆိုတော်ပွဲ” ကိုလည်း ကျင်းပကြသည်။ ဂမုန်း၊ သဇင်ပန်းတို့ အလှချင်းယှဉ်၍ ပွင့်ကြသည်။ ထို့ကြောင့် ထူးကဲပေစွ“နတ်တော်လ”ဟု ဆိုရပေတော့မည်။  ။