ထရီပိုလီကိုကာကွယ်ဖို့ တူရကီရဲ့စစ်ရေးဖြန့်ကြက်မှု ဘယ်သူတွေအတွက် အကျိုးရှိမှာလဲ

mdn

ထွန်းသစ် - ရေးသားသည်

 

ထရီပိုလီရှိ ကုလသမဂ္ဂထောက်ခံအစိုးရကို ကူညီတဲ့အနေနဲ့ တူရကီပါလီမန်ဟာ လစ်ဗျားမှာ စစ်ရေးဖြန့်ကြက်မှု လုပ်ဆောင်ဖို့ ဥပဒေကြမ်းတစ်ခုကို ဇန်နဝါရီ ၂ ရက်မှာ အတည်ပြုလိုက်ပါတယ်။ ရန်သူတွေပတ်ပတ်လည် ဝိုင်းနေပြီး သောကပွေနေတဲ့ ထရီပိုလီအစိုးရဟာ ဧပြီလကတည်းက စစ်ရေးစိတ်ထက်သန်တဲ့ ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာရဲ့ တိုက်ခိုက်ခြင်းကို ခံနေရပါတယ်။ ဗိုလ်ချုပ်ကြီး ခါလီဖာဟက်ဖ်တာကို တူရကီရဲ့ ဒေသတွင်း ပြိုင်ဘက်တွေဖြစ်တဲ့ ဆော်ဒီအာရေဗျ။ အီဂျစ်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုတို့က ထောက်ပံ့ပေးထားပါ တယ်။

 

နိုင်ငံရေးအချက်ပြသင်္ကတေတစ်ခု

 

ထရီပိုလီအခြေစိုက်အစိုးရက စစ်ရေးဆိုင်ရာထောက်ပံ့မှု တစ်ခုလုပ်ဆောင်ပေးရန် တောင်းဆိုမှုတစ်ခုကို သမ္မတရီဆက်ပ် တေရစ်အာဒိုဂန်ရဲ့ ရုံးက လွန်ခဲ့တဲ့သောကြာနေ့က အတည်ပြု လိုက်ပါတယ်။

 

ဒါပေမယ့်လည်း စစ်ရေးဖြန့်ကြက်မယ့် အခြေအနေအသေး စိတ်ကိုလည်း ထုတ်ပြန်ဖော်ပြထားခြင်း မရှိပါဘူး။ အဲဒီလိုပဲ ဘယ်နေ့မှာ စစ်ရေးဖြန့်ကြက်မှု စတင်လုပ်ဆောင်မလဲဆိုတာ ကိုလည်း မသိရသေးပါဘူးလို့ ဒုတိယသမ္မတ ဖူရတ်အော့တေက နိုင်ငံပိုင်သတင်းအေဂျင်စီဖြစ်တဲ့ အနာဒိုလူသတင်းအေဂျင်စီကို ဇန်နဝါရီ ၁ ရက်က ပြောပါတယ်။

 

မိမိတို့အဆင်သင့်ဖြစ်နေကြောင်း၊ မိမိတို့ရဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတစ်ခုလုံး အဆင်သင့်ဖြစ်နေကြောင်း ဒုတိယသမ္မတ ဖူရတ်အူကဆက်ပြောပါတယ်။ ပါလီမန်ရဲ့ အတည်ပြုချက်ဟာ တစ်နှစ်အထိ အကျုံးဝင်နေမှာ ဖြစ်ပါတယ်။

 

ပါလီမန်ရဲ့ အဆိုပြုချက်ဟာ စစ်ရေးစိတ်ထက်သန်နေတဲ့ ဟက်ဖ်ရဲ့ တပ်ဖွဲ့ကို ဟန့်တားဖို့ နိုင်ငံရေးအချက်ပြသင်္ကတေ တစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။

 

ထောက်ပံ့ပေးနေတယ်

 

ပါလီမန်က အတည်ပြုပြီးနောက် တခြားတစ်ဖက်က သဘောထားတွေ၊ ရပ်တည်ချက်တွေပြောင်းလဲလာပြီး အဆင်ပြေ တယ်လို့ ပြောလာပြီဆိုပါက မိမိတို့အနေနဲ့ တပ်ဆုတ်မှုတွေ၊ ထိုးစစ်ဆင်မှုတွေကို စွန့်လွှတ်လိုက် လိုက်မယ်၊ အဲဒါဆို အဲဒီကို မိမိတို့ ဘာကြောင့်သွားဖို့လိုဦးမလဲလို့ ဒုတိယသမ္မတက ဆက်လက်ပြောပါတယ်။

 

ဒီဥပဒေကြမ်းကို တူရကီပါလီမန်က လွယ်လင့်တကူပဲ ထောက်ခံမဲ ၃၂၅ မဲမှာ ၁၈၅ မဲနဲ့ အတည်ပြုလိုက်တာဖြစ်ပါတယ်။

 

နိုဝင်ဘာလ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ နိုင်ငံအများစုက လစ်ဗျားနိုင်ငံနဲ့ ပတ်သက်ပြီး လက်နက်ကုန်သွယ်မှုပိတ်ပင်ထား မှုကို ဖောက်ဖျက်နေကြတယ်လို့ ဖော်ပြထားပါတယ်။ ဒီလို ဖောက်ဖျက်မှု တွေကို ၂၀၁၁ ခုနှစ်မှာ အချိန်ကာလတစ်ခုအထိ အုပ်စိုးခဲ့တဲ့ အာဏာရှင် မွန်မာကဒါဖီကျဆုံးသွားချိန်ကတည်း က လုပ်ဆောင်နေကြတယ်လို့ အဲဒီအစီရင်ခံစာမှာ ဆက်လက် ဖော်ပြထားပါတယ်။

 

နွေရာသီ ပဋိပက္ခဖြစ်ပွားချိန်မှာ တူရကီနဲ့ အာရပ်စော်ဘွား များပြည်ထောင်စုတို့ရဲ့ ထောက်လှမ်းရေး ဒရုန်းယာဉ် တွေကို လစ်ဗျားကောင်းကင်မှာ ဖြန့်ကြက်ထားခဲ့ပါတယ်။ တူရကီက ထရီပိုလီအခြေစိုက်အစိုးရကို ထောက်ခံပေးနေချိန်မှာဂျော်ဒန်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကလည်း ဟက်ဖ်တာရဲ့ တပ်ဖွဲ့တွေကို ထောက်ပံ့ပေးနေကြတယ်လို့ ကုလသမဂ္ဂရဲ့ အစီ ရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စာချုပ်ချုပ်ဆို

 

ရုရှားသမ္မတ ဗလာဒီမာပူတင်အနေနဲ့ တူရကီကို နောက် တစ်ပတ် ဗုဒ္ဓဟူးနေ့ သွားရောက်မယ့်အချိန်မှာ လစ်ဗျားပဋိပက္ခ ဟာ ဆွေးနွေးရမယ့် အဓိကအကြောင်းအရာတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။

 

ဟက်ဖ်တာရဲ့ တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ဖို့ ကြေးစား စစ်သားတွေ ပေးပို့နေတယ်ဆိုကာ အာဒိုဂန်ကရုရှားကို ထပ်ကာ ထပ်ကာ စွပ်စွဲခဲ့ပါတယ်။ ဒီလိုစွပ်စွဲချက်တွေကို ရုရှားက ငြင်းဆို ထားပါတယ်။

 

တူရကီနဲ့ ရုရှားဟာ ဆီးရီးယားပဋိပက္ခမှာ ဆန့်ကျင်ဘက် အဖွဲ့တွေကို ထောက်ပံ့မှုတွေ လုပ်ဆောင်နေလင့်ကစား သူတို့ ဟာ အနီးကပ်ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိနေပြန်ပါတယ်။ သူတို့ဟာ လစ်ဗျားအရေးမှာလည်း အလားတူမျိုးလုပ်ဆောင် မယ့်သဘောလည်းရှိနေတာကို တွေ့ရပြန်ပါတယ်။

 

မိမိတို့ဟာ နိုင်ငံတကာအသိအမှတ်ပြု လစ်ဗျားအစိုးရကို ထောက်ပံ့မှုတွေ လုပ်ဆောင်နေပါတယ်။ လစ်ဗျားအစိုးရကို ဆန့်ကျင်နေတဲ့အုပ်စုတွေကိုတော့ ထောက်ပံ့မှုတွေ မလုပ်ဆောင် ပါဘူးလို့ အာဒိုဂန်ရဲ့ ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဖာရက် တင်အော်တမ်က လွန်ခဲ့တဲ့ရက်သတ္တပတ်က တွစ်တာမှာဖော်ပြ ခဲ့ပါတယ်။

 

တူရကီဟာ တခြားအကျိုးတွေရရှိဖို့အတွက် ထရီပိုလီအစိုးရနဲ့ မဟာမိတ်ပြုပူးပေါင်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ တူရကီဟာ ထရီပိုလီအစိုးရခေါင်းဆောင် ဖာရက်ဇ်အယ်လ်ဆာရက် နိုဝင်ဘာလက အစ္စတန်ဘူလ်ကို လာရောက်တုန်းကလည်း စစ်ရေးဆိုင်ရာ ပူးပေါင်းမှုစာချုပ်တွေ ချုပ်ဆိုခဲ့ပါတယ်။

 

နောက်ကွယ်ကအကြောင်းရင်းတစ်ချက်

 

မကြာသေးမီက ဓာတ်ငွေ့တွေအများအပြားတူးဖော်တွေ့ရှိ ရာ မြေထဲပင်လယ်ရဲ့ အစိတ်အပိုင်းအတော်များများ တူရကီ ကို ပေးအပ်လိုက်တယ်ဆိုတဲ့ ပင်လယ်ရေကြောင်း စီရင်ပိုင်ခွင့် သဘောတူစာချုပ်မျိုးကိုလည်း သူတို့ချုပ်ဆိုခဲ့ပြန်ပါသေးတယ်။ အဲဒီသဘောတူညီမှုကို နိုင်ငံတကာက ဝေဖန်ခဲ့ကြပါတယ်။ အထူးသဖြင့် ဂရိနိုင်ငံက ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဂရိနိုင်ငံက ထရီပိုလီအစိုးရဟာ အဲဒီနေရာနဲ့ ပတ်သက်ပြီး အလေးအနက် သဘောမထားဘူးလို့ ဆိုပါတယ်။

 

ဒီလိုလုပ်ခြင်းအားဖြင့် အန်ကာရာဟာ ဒေသတွင်းစွမ်းအင် ဖိုရမ်ရဲ့ ကတိကဝတ်တွေကြားမှာ အေးခဲနေတဲ့ သူ့ရဲ့ အခြေ အနေကို တုံ့ပြန်လိုက်တဲ့သဘောပဲဖြစ်ပါတယ်။ အဲဒီဒေသတွင်း စွမ်းအင်ဖိုရမ်ကို အရှေ့မြေထဲပင်လယ်ဓာတ်ငွေ့ ဖိုရမ်လို့ခေါ်ဆို ကြပါတယ်။ အဲဒီဖိုရမ်ကို ဆိုက်ပရက်စ်၊ ဂရိ၊ အီဂျစ်၊ အစ္စရေး၊ ဂျော်ဒန်၊ အီတလီနဲ့ ပါလက်စတိုင်းနယ်ပယ်ဒေသတွေက ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

 

တူရကီနဲ့ အီဂျစ်စစ်အစိုးရကြား ပြင်းထန်တဲ့ယှဉ်ပြိုင်မှုတွေ ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ တူရကီရဲ့ လစ်ဗျားမှာ စစ်ရေး ဖြန့်ကြက်မှုလုပ်ဆောင်တဲ့ အယူအဆဟာလည်း မမှားပါဘူး။ ဒါဟာ တူရကီအနေနဲ့ လစ်ဗျားမှာ စစ်ရေးဖြန့်ကြက်မှု လုပ်ဆောင်မယ့် နောက်ကွယ်ကအကြောင်းရင်းတစ်ချက် လည်း ဖြစ်နိုင်ပါတယ်။ ။

 

အကျိုးအမြတ်တွေဖြစ်ပေါ်လာမလား

 

အာဒိုဂန်ဟာ အီဂျစ်သမ္မတအက်ဘ်ဒယ်ဇာတာအယ်လ်စီစီက ၂၀၁၃ ခုနှစ်မှာ ဖြုတ်ချခဲ့တဲ့အီဂျစ်မွတ်စလင် ညီအစ်ကိုများ အစိုးရကို စိတ်အားထက်သန်စွာ ထောက်ပံ့မှုတွေလုပ်ဆောင်ခဲ့ပါတယ်။

 

စစ်ရေးစိတ်တွေနိုးကြားနေတဲ့ ဟက်ဖ်တူဟာ သူ့ရဲ့တပ်ဖွဲ့ဝင်တွေကို တူရကီကုမ္ပဏီတွေနဲ့ တူရကီနိုင်ငံသား တွေကို ဖမ်းဆီးဖို့ ဟိုးအရင်ကတည်းက ညွှန်ကြားခဲ့ပါတယ်။ သူ့ရဲ့ ညွှန်ကြားမှုကြောင့် တူရကီသင်္ဘောသားက်ယောက် ဖမ်း ဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

 

တူရကီဟာ လစ်ဗျားမှာစစ်ရေးဖြန့်ကြက်မှုလုပ်ဆောင် မယ်ဆိုရင် ထရီပိုလီအစိုးရကို တိုက်ခိုက်နေတဲ့ ဟက်ဖ်တာရန်က ကာကွယ်ရာရောက်နိုင်သလို တူရကီနဲ့ အီဂျစ်စစ်အစိုးရကြား ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေကို ကြိုတင်ကာကွယ်မှုလည်း လုပ်ဆောင်နိုင်မယ့်သဘော တွေ့ရပါတယ်။ တူရကီအနေနဲ့ အခု လိုစစ်ရေး ဖြန့်ကြက်ခြင်းဟာ ထရီပိုလီအစိုးရနဲ့ သူ့ရဲ့ကြားမှာ အကျိုးအမြတ်တွေ ဖြစ်ပေါ်လာဦးမယ့် အနေအထားလား  ဆိုတာတော့ မကျိန်းသေပါဘူး။ ။

 

ကိုးကား - အေအက်ဖ်ပီ