ထန်းပင်တို့ကို ကာကွယ်ကြပါစို့

နေပြည်တော် ၂၆ ဧပြီ

ထန်းပင်သည်အညာဒေသ၏ အလှတစ်ပါး ဖြစ်ပါသည်။ အလှတစ်ပါးဆိုသည်ထက် သဘာဝ၏ လက်ဆောင်မွန်ဆိုပါက ပို၍ ပြည့်စုံတိကျမည်ဖြစ်ပါသည်။ ထန်းပင်စိုက်ရန် ဓာတ်မြေဩဇာမလို၊ ပိုးသတ်ဆေးမလို၊ ရေသွင်းပေးရန်မလို၊ သဘာဝအလျောက် ရှင်သန်နိုင်သော အပင်ဖြစ်ပါသည်။ ရေဓာတ်ရှိသောမြေ၌ ထန်းပင်သည် ၁၅ နှစ်အတွင်း အရွယ်ရောက်အသုံးချနိုင်ပြီး ခြောက်သွေ့သောမြေ၌ ၂၅ နှစ်အတွင်း အရွယ်ရောက်အသုံးချနိုင်ပါသည်။ ထန်းပင်သည် နှစ်တစ်ရာအထိ ရှင်သန်နိုင်သော အံ့ဩစရာအပင်တစ်မျိုး ဖြစ်ပါသည်။

 

စိုက်ပျိုးရန်ရင်းနှီးမြှုပ်နှံမှုမလိုသော ထန်းပင်သည် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ရသော အပင်တို့ထက်ပင် လူသားတို့အတွက် ရလဒ်အသီးအပွင့်များစွာကို ဖန်တီးပေးပါသည်။ ထန်းပင်မှဖန်တီးရရှိသော လူမှုအသုံးအဆောင်ပစ္စည်းတို့သည် ကျေးလက်ပြည်သူတို့၏ နေ့စဉ်ဘဝအတွက် များစွာအသုံးဝင်ပါသည်။ ကျေးလက်ပြည်သူတို့၏ နေအိမ်ခေါင်မိုး၊ခြံစည်းရိုး အကာတို့ကိုလည်း ထန်းပင်မှဖန်တီးရယူရပါသည်။ ပို၍ ပြည့်စုံအောင်တင်ပြရပါက ထန်းပင်သည် လူသားတို့အတွက် အကောင်းဆုံးအဖော်မွန်ဖြစ်သကဲ့သို့ ကျေးငှက်မျိုးစုံတို့အတွက်လည်း အကောင်းဆုံး ခိုလှုံရာ ဖြစ်ပါသည်။

 

ထန်းပင်၏အမြစ်သည် ရေကို သိုလှောင်ထားနိုင်စွမ်းရှိပါသည်။ သို့ဖြစ်ပါ၍ ရှေးမိဘဘိုးဘွားတို့သည် ရေကန်၊ အင်းအိုင်၊ မြစ်ချောင်းတို့ဝန်းကျင်၌ ထန်းပင်တို့ကို စိုက်ကြခြင်း ဖြစ်ပါသည်။ ပို၍ တိကျစွာတင်ပြရပါက ထန်းပင်သည် ကုန်ကျစရိတ် ဗလာနတ္ထိဖြင့် သဘာဝရေအရင်းအမြစ်ကို ထိန်းသိမ်းပေးသောအပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် လူသားတို့ ရှင်သန်ရပ်တည်ရေးအတွက် အခြေခံအကျဆုံးလိုအပ်ချက်ကို ထိန်းသိမ်းပေးသောအပင်မှာ ထန်းပင်ဖြစ်ပါသည်။ထိုမျှမက ထန်းပင်သည်မုန်တိုင်းတို့၏ အရှိန်အဟုန်ကို တွန်းလှန်ယုတ်လျော့စေပါသည်။ သဲမြေတို့တိုက်စား ပြုန်းတီးမှုကိုလည်း ကာကွယ်ပေးပါသည်။

 

ထန်းပင်မှရရှိသော အချိုဓာတ်၏တန်ဖိုးကို ပစ္စုပ္ပန်လူသားတို့က မေ့မေ့လျော့လျော့ မသိကျိုးကျွန်ပြုနေကြသည်ဟု ဆိုရမည် ဖြစ်ပါသည်။ အချိုဓာတ်အတွက် လူသားတို့ နေ့စဉ်အသုံးပြုနေသော ကြံမှရသည့်သကြားသည် စိုက်ပျိုးထုတ်လုပ်မှုဖြစ်စဉ်အရ ဘေးထွက်ဆိုးကျိုးများစွာရှိပါသည်။ ကြံကိုစိုက်ပျိုးသည့်အခါ ရေအရင်းအမြစ်ကို များစွာအသုံးပြုရပါသည်။ ကြံကိုစိုက်ပျိုးစဉ်ကာလအတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးတို့ကိုလည်း အသုံးပြုရပါသည်။ ကြံမှ သကြားထုတ်လုပ်သောလုပ်ငန်းစဉ်သည် ကျယ်ပြန့်ပြီး စွမ်းအင်လိုအပ်ချက်ကြီးမားသော လုပ်ငန်းမျိုး ဖြစ်ပါသည်။ ထိုမျှမက သကြားထုတ်လုပ်ရာ၌  Sulphur dioxide  နှင့်တခြားသော အရောင်ချွတ်ဓာတုပစ္စည်းများကို အသုံးပြုရပါသည်။ သို့သော် ထန်းပင်မှရရှိသော ထန်းလျက်သည် မည်သည့်ဓာတုပစ္စည်းကိုမျှ အသုံးပြုထုတ်လုပ်ရန်မလိုသော အချိုဓာတ် ဖြစ်ပါသည်။ ထန်းလျက်၌ ဗီတာမင်ဘီများစွာပါဝင်သကဲ့သို့ သံဓာတ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် တို့လည်း ကြွယ်ဝစွာပါဝင်ပါသည်။ တိုင်းရင်းဆေးပညာ၌ ထန်းလျက်သည်ဆေးတစ်ပါး ဖြစ်ပါသည်။

 

ဤမျှ ဤမျှ အသုံးဝင်သော ထန်းပင်တို့ကို တစ်ပင်လျှင်ကျပ်ငါးထောင်မျှဖြင့် အတုံးအရုံးခုတ်လှဲ ရောင်းချနေသည်ဟူသော သတင်းသည် အညာကျေးလက်ဒေသ ပြည်သူတို့၏ လူမှုစီးပွားဘဝကို အကြီးအကျယ်ခြိမ်းခြောက်စိန်ခေါ်နေသောသတင်း ဖြစ်ပါသည်။ အိမ်နီးချင်းနိုင်ငံမှတင်သွင်းသော သစ်ပင်ဖြတ်လွှစက်  (CHAIN SAW)တို့ပင် ရောက်ရှိနေသည်ဟူသော သတင်းသည် တုန်လှုပ်ချောက်ချားစရာ သတင်း ဖြစ်ပါသည်။ ဤသို့ ထန်းပင်တို့ခုတ်လှဲရောင်းချခြင်း၌ ထန်းတက်သူ မရှိခြင်းနှင့် ထိန်းသိမ်းစရိတ် မတတ်နိုင်ခြင်း(တစ်နည်း)စီးပွားရေးအကျိုးအမြတ်နည်းပါးခြင်းကို အခြေခံအကြောင်းရင်းအဖြစ် ပြောဆိုကြပါ သည်။ ဤကဲ့သို့သော ပြောဆိုမှုများသည် ထန်းပင်၏ တန်ဖိုးအစစ်အမှန်ကို နားမလည်သောကြောင့် ဖြစ်ပါသည်။ က္ဘောဒီးယားနိုင်ငံ၌ ကျေးလက်ပြည်သူတို့သည် ဝက်တို့ကို ထန်းရည်နှင့် ပဲပုပ်ရောစပ်ကျွေးမွေးခြင်းဖြင့် ဝက်တို့သည် တစ်ရက်လျှင် ၄၀ဝဂရမ်အသားတိုးပါသည်။ ဝက်၏ အညစ်အကြေးမှထုတ်လုပ်ရရှိသော ဇီဝဓာတ်ငွေ့ ဖြင့်လည်း ထမင်း၊ ဟင်း ချက်ပြုတ်ကြပါသည်။ ထန်းပင်၏ လက်တွေ့စီးပွားရေးအကျိုးပြုမှု ကျယ်ပြန့်လာစေရန်ဤကဲ့သို့သော နည်းလမ်းတို့ကို ရှာဖွေကြံဆ အသုံးပြုသင့်ပါသည်။ ထန်းပင်တို့ကာကွယ်ထိန်းသိမ်းရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းတို့က မူဝါဒ ချမှတ်ရန်လိုသကဲ့သို့ ထန်းပင်၏အသုံးဝင်မှုကိုလည်း ပြည်သူလူထုအကြား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးသင့်ပါသည်။ ထန်းပင်အခြေပြုစီးပွားရေးလုပ်ငန်းတို့ထွန်းကားလာစေရန်အတွက် ဘဏ္ဍာရေး ပံ့ပိုးမှုတို့ကိုလည်း ပြုလုပ်သင့်ပါသည်။ နိဂုံးချုပ်အနေဖြင့် ပြည်သူလူထုအတွက် ကောင်းကျိုးရလဒ် အဖုံဖုံနှစ်ပေါင်းတစ်ရာမျှ ဖန်တီးပေးနိုင်သော ထန်းပင်တို့အား မဖြစ်စလောက်သော ငွေကြေးဖြင့် ရောင်းဝယ်နေခြင်းကို ဟန့်တားကာကွယ်ကြပါရန် လေးစားစွာတိုက်တွန်းနှိုးဆော်အပ်ပါသည်။ ။

မြန်မာ့အလင်း