ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ကို ထောင်ဒဏ် ၅ နှစ် ချလိုက်ပြီ

ဘန်ကောက်  ၂၇ စက်တင်ဘာ 

ဝန်ကြီးချုပ်ဟောင်း ယင်လတ်ကို သူတာဝန်ထမ်းဆောင်နေစဉ် အစိုးရရဲ့ ဆန်ဝယ်ယူရေး အစီစဉ်မှာ စီမံခန့်ခွဲရေး တာဝန်ပျက်ကွက်မှုရှိတဲ့အတွက် ထိုင်းဗဟိုတရားရုံးချုပ်ကနေ ယင်လတ်ကို ထောင်ဒဏ် ၅ နှစ် သူ့မျက်ကွယ်မှာ ချလိုက်ပြီ ဖြစ်ပါတယ်။

ယင်လတ်က ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်နေ့က တရားရုံးကို တက်ရောက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ကို ထောက်ခံသူတွေကတော့ တရားရုံးရှေ့ကို လာရောက်စုဝေးကြတဲ့အတွက် ရဲတပ်ဖွဲ့ဝင် ၄ဝဝဝ လောက်က လုံခြုံရေးတာဝန် ယူရပါသေးတယ်။

ယင်လတ်ရဲ့ လက်ထောက်ကတော့ ယင်လတ်က သူ့အပေါ် ရက်စက်တဲ့ တရားစီရင်ချက်ချမှာကို ကြောက်ရွံတဲ့အတွက် ထိုင်းနိုင်ငံကနေ ထွက်ပြေးသွားပြီလို့ ဆိုပါတယ်။ သတင်းတွေအရ ယင်လတ်က အခု သူ့အကို တက်ဆင်ရဲ့ အိမ်ရှိရာ ဒူဘိုင်းနိုင်ငံ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

ယင်လတ်က ၂၀၁၁ ခုနှစ်က ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရရဲ့ ဆန်ဝယ်ယူရေး အစီအစဉ်ကြောင့် ထိုင်းလယ်သမားတွေကြားမှာ လူကြိုက်များခဲ့ပါတယ်။ အဲဒီဆန်ဝယ်ယူရေး စီမံကိန်းမှာ အမေရိကန်ဒေါ်လာငွေ သန်းချီပြီး အစိုးရမှာ အရှုံးပေါ်ခဲ့ကြောင်း လက်ရှိ ထိုင်းစစ်အစိုးရက ပြောပါတယ်။

လက်ရှိထိုင်းစစ်အစိုးရက ယင်လတ်အစိုးရအဖွဲ့ဆီကနေ ၂ဝ၁၄ ခုနှစ်က အာဏာသိမ်းလိုက်တာဖြစ်ပါတယ်။

Myanmar Digital News