ထိုင်းနိုင်ငံ၌ လက်နက်ကိုင်တိုက်ခိုက်လုယက်မှုဖြစ်ပွား၊ သုံးဦးသေဆုံး

ဘန်ကောက် ၁၁ ဇန်နဝါရီ

 

ထိုင်းနိုင်ငံရှိ ရတနာဆိုင်တစ်ဆိုင်တွင် မျက်နှာဖုံးတပ်ထားသည့် လက်နက် ကိုင်တစ်ဦးက လုယက်တိုက်ခိုက်ရာ နှစ်နှစ်အရွယ် ယောက်ျားလေးတစ်ဦး အပါအဝင် သုံးဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ အခြား သေဆုံးသူများမှာ အရောင်းဝန်ထမ်း တစ်ဦးနှင့် လုံခြုံရေး အစောင့်တစ်ဦးတို့ ဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောသည်။

 

လော့ဘူရီပြည်နယ် အလယ်ပိုင်း ဒေသတွင် ကြာသပတေးနေ့ညပိုင်းက အဆိုပါ လုယက်တိုက်ခိုက်သူက ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ထိုင်းဘတ်ငါးသိန်း (အမေရိကန် ဒေါ်လာ ၁၆၅၀၀) တန်ဖိုးရှိ ရတနာ ပစ္စည်းများကို ယူဆောင်၍ ထွက်ပြေး သွားသည်။ ယင်းပစ်ခတ်မှုတွင် အခြား လူလေးဦးလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်။

 

တုန်လှုပ်ဖွယ်ရာ စီစီတီဗွီ မှတ်တမ်း တွင် ယင်းလုယက်တိုက်ခိုက်သူသည် ရတနာဆိုင်အတွင်းသို့ ဒေါသတကြီး ဝင်ရောက်လာပုံ၊ သေနတ်ဖြင့် ပစ်ခတ် ပြီးနောက် ရတနာပစ္စည်းကောင်တာပေါ်သို့ ခုန်တက်သွားပုံ၊ သေနတ်ဖြင့် ပစ်ခတ်ခံရသူများ နာကျင်စွာဖြင့် ကြမ်းပြင်ပေါ်တွင် လူးလွန့်နေပုံတို့ကို မြင်ရသည်။

 

လူသေဆုံးခဲ့သည့် ယင်းတိုက်ခိုက် လုယက်မှုသည် တစ်မိနစ်ခန့်သာ ကြာမြင့်ခဲ့ကြောင်း၊ ယင်းလက်နက် ကိုင် တိုက်ခိုက်လုယက်သူသည် ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားကြောင်း၊ ဒုတိယရဲမှူးကြီး ဆူမတ်ပန်ဆရီက ပြောကြားသည်။ ၎င်းလက်နက်ကိုင် လုယက်သူကို ဖမ်းဆီးနိုင်ရန်အတွက် သတင်းပေးပါက ဘတ်ငွေ တစ်သိန်း ချီးမြှင့်မည်ဟု အာဏာပိုင်များက ပြောကြားသည်။ ထိုင်းနိုင်ငံတွင် လက်နက်ကိုင်ဆောင်မှုနှုန်း မြင့်မားကြောင်း သိရသည်။

ကိုးကား - အေအက်ဖ်ပီ

ဘာသာပြန် - အောင်ဇော်လင်း