ရန်ကုန် မတ် ၁၃

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများတွင်အသုံးပြုရန် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံ ပြည်သူများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှတဆင့် လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး AstraZeneca အမှတ်တံဆိပ် (၁)သန်း doses အနက် ပထမအသုတ် ကာကွယ်ဆေး(၅)သိန်း Doses နှင့် ဆေးထိုးအပ် (၅)သိန်းအား မြန်မာနိုင်ငံကြက်ခြေနီအသင်းသို့ လွှဲပြောင်း‌ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဧည့်ခန်းမဆောင်၌ ပြုလုပ်သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အချိန်ပြည့်အလုပ်အမှုဆောင် ဒေါက်တာတင်ညွန့်၊ အထွေထွေအတွင်းရေးမှူး ပါမောက္ခဒေါက်တာ ထင်ဇော်စိုး၊ ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှုး ဒေါက်တာရန်နောင်ထွန်း နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ Charge d' affaires, Mrs.Kanokwan Pengsuwan, Minister Counsellor- Ms.Chana Sindhvananda ၊ First Secretary, Ms.Chalermkwan Worranit နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ယခုလှူဒါန်းမှုမှ ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို နယ်စပ်ဒေသများ အပါအဝင် ကာကွယ်ဆေး လွှမ်းခြုံမှုနည်းပါးလျက်ရှိသည့်ဒေသများတွင် ဦးစားပေး၍ ထိုးနှံပေး သွားမည်ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနသည် အဓိကအရေးကြီးသည့် ဦးတည်အုပ်စုများအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံနိုင်ရေးကို ဦးတည်ချက်ထား၍ လုပ်ငန်းများ

အရှိန်အဟုန် မြှင့်တင်ဆက်လက် ဆောင်ရွက်လျက်ရှိရာတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များတွင် မတ် ၁၂ ရက်အထိ လူဦးရေ စုစုပေါင်း (၂၄ ဒသမ ၇)သန်းကို ထိုးနှံပေးပြီးဖြစ်၍ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီးစီးသူ (၂၁ ဒသမ ၄)သန်းနှင့် ပထမအကြိမ်ထိုးနှံပြီးစီးသူ (၃ ဒသမ ၃)သန်း ရှိပြီဖြစ်သည်။ သို့ဖြစ်ပါ၍ မတ် ၁၂ ရက်အထိ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ရေ စုစုပေါင်း (၄၇ ဒသမ ၀၁) သန်း ထိုးနှံပြီးဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံမှုခံယူထားခြင်းဖြင့် ရောဂါပြင်းထန်စွာ ဖြစ်ပွားမှု၊ ရောဂါကြောင့်ဆေးရုံတက်ရောက်ရမှုနှင့် သေဆုံးရမှုကို သိသာစွာလျှော့ချနိုင်သည်ဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရာတွင်ရေရှည်အတွက် အကောင်းဆုံး နည်းလမ်းမှာ ရည်မှန်းဦးတည်အုပ်စုများအားလုံး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် မပျက်မကွက် ထိုးနှံမှုခံယူထားခြင်းပင်ဖြစ်သည်။

ကာကွယ်ဆေးမထိုးနှံရသေးသော မိဘ ပြည်သူများအနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများ နှင့် ဆက်သွယ်ပြီး ဦးတည်အုပ်စုအားလုံး ရာနှုန်းပြည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ် ပြည့်ထိုးနှံပြီးစီးရေးကို အလေးထား၍ တက်ကြွစွာ ပူးပေါင်းပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။

(သတင်းစဉ်)