ထိုင်းနိုင်ငံအတွက် သူရဲကောင်း ဖြစ်ခဲ့ပေမယ့် မိသားစုအတွင်း ကြေကွဲစရာအဖြစ်နဲ့ကြုံခဲ့ရတဲ့ သြစတေးလျနိုင်ငံသားဆရာဝန် ရစ်ချာ့ ဟားရစ်

၁၁ ဇူလိုင်

ထိုင်းနိုင်ငံ ဂူထဲမှာ ပိတ်မိနေခဲ့တဲ့ လူငယ် ၁၃ ဦး ရှာဖွေကယ်ဆယ်ရေးမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ သြစတေးလျ ရေငုပ်သမား၊ ဆရာဝန် ရစ်ချာ့ ဟားရစ် ရဲ့ဖခင်ဟာ သားဖြစ်သူပါဝင်ခဲ့တဲ့ နောက်ဆုံးအသုတ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးဆုံးတဲ့ ညကပဲ ကွယ်လွန်သွားကြောင်း သိရပါတယ်။

ဒေါက်တာ ဟားရစ်ဟာ ယမန်နေ့က ကယ်ဆယ်ရေးလုပ်ငန်းတွေ အပြီးသတ်ပြုလုပ်ပြီး နောက်ဆုံးမှ ဂူထဲကထွက်ခဲ့ဟန်ရှိပါတယ်။ ဟားရစ်ရဲ့မယုံနိုင်ဖွယ်ရာကြိုးပမ်းချက်တွေကြောင့် ဂူထဲမှာပိတ်မိနေခဲ့တဲ့ လူငယ် ၁၃ ဦးလုံးကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ထွက်နိုင်တာဖြစ်တယ်လို့  ချင်းရိုင်အုပ်ချုပ်ရေးမှူး က တလေးတစား ချီးကျူးခဲ့ပါတယ်။

ကလေးတွေကို အန္တရာယ်ကင်းကင်းခေါ် မထုတ်မီအချိန်မှာ ကျန်းမာရေးကောင်းမွန်ဖို့ ဒေါက်တာ ဟားရစ်ဟာ နေ့စဉ် ဂူထဲကို သွားရောက်ခဲ့သူဖြစ်ပါတယ်။  ဒေါက်တာ ဟားရစ်ဟာ ၂၀၁၁ ခုနှစ်က သြစတေးလျတောင်ပိုင်း တန့်ခ် ဂူထဲမှာ ပျောက်ဆုံးသွားခဲ့တဲ့ သူငယ်ချင်းဖြစ်သူ အက်ဂနက်စ် မီလိုကာ (၂၉)နှစ်ရဲ့ ရုပ်အလောင်းကို ရေငုပ်အဖွဲ့နဲ့အတူ ပြန်လည်ရှာဖွေရာမှာ ပါဝင်ခဲ့သူဖြစ်တာကြောင့် ဂူတွင်းကယ်ဆယ်ရေးအထူးကျွမ်းကျင်သူအဖြစ် ယခု ထိုင်းကလေးငယ်တွေ ကယ်ဆယ်ရေးမှာ ပါဝင်ပေးဖို့ အထူးတောင်းဆိုခံခဲ့ရသူ ဖြစ်ပါတယ်။

ဒေါက်တာဟားရစ်စ်ရဲ့ဖခင်သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း၊ ကယ်ဆယ်ရေးမှာ အစွမ်းကုန် ကူညီပေးခဲ့တဲ့ ဒေါက်တာ့အတွက် ဂုဏ်ယူရကြောင်း ၎င်းရဲ့သူငယ်ချင်းမိတ်ဆွေတွေနဲ့ လုပ်ဖော် ကိုင်ဖက်တွေက ဆိုရှယ်မီဒီယာမှာ ရေးသားထားကြပါတယ်။

မိုးမမ

ဓါတ်ပုံ Royal Thai Navy SEAL