ရန်ကုန် ၂၀ ဇူလိုင်
လူကြီးနှင့် ကလေးများအကြားတွင် အဖြစ်များနေသော နှလုံးရောဂါများ၊ အတက်ရောဂါနှင့် သွေးအဆိပ်သင့် ဓာတ်မတည့်သည့် ရောဂါများအကြောင်း ကြိုတင်ကာကွယ်ရေး အသိပညာပေး ကျန်းမာရေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းရှိ Melia Hotel Yangon ၌ ကျင်းပရာ ထိုင်းနိုင်ငံ ဘမ်ရွန်ဂရက်ဆေးရုံကြီးမှ အထူးကုသမားတော်ကြီးများက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရင်း အသိပညာပေး ဆွေနွေးဟောပြောခဲ့ကြောင်း သိရသည်။
"ကျန်းမာရေးဟောပြောပွဲတွေကိုတော့ စဉ်ဆက်မပြတ် ပြုလုပ်လေ့ရှိပါတယ်။ ဒီနေ့ပွဲမှာကတော့ ကမ္ဘာပေါ်မှာ အဖြစ်အများဆုံးနဲ့ အသေအပျောက် အများဆုံး နှလုံးရောဂါအကြောင်းကို ကျန်းမာရေးဗဟုသုတပေးမယ်။ နောက်တစ်ခုကတော့ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိပြီး လူကြီးတွေလည်း အရမ်းကြီးကုသဖို့အား နည်းတဲ့ရောဂါ၊ တက်တဲ့ရောဂါနဲ့ သွေးအဆိပ်သင့်တဲ့ရောဂါတွေ အကြောင်းကိုဟောပြောသွားတာဖြစ်ပါတယ်။ ကလေးတွေကတစ်ခါတလေ တက်တဲ့အခါဖျား လို့ တက်တာလား၊ အပူကြီးလို့ တက်တာလားပေါ့။ ဒါကို အလျင်မီအောင် မကုဘူးဆိုရင် ဝက်ရူးပြန်တဲ့ရောဂါအထိ ဖြစ်သွားနိုင်ပါတယ်။ ကျောင်းမတက်နိုင်ဘူး။ ဓာတ်မတည့်တဲ့ရောဂါအပိုင်းတွေလဲရှိတယ်၊ ဒါတွေကိုလူထုအနေနဲ့သိဖို့ ထိုင်းနိုင်ငံ အထူးကုသမားတော်ကြီးတွေက ဟောပြောသွားပါတယ် "ဟုထိုင်းနိုင်ငံဘမ်ရွန်ဂရက်ဆေးရုံကြီး၏ မြန်မာပြည်အခြေစိုက် ရုံးDirector ဦးမိုးရဲကျော်ကပြောသည်။
ထို့နေ့၏ ကျန်းမာရေးဆိုင်ရာဟောပြောပွဲတွင် လူတိုင်းတွင်အဖြစ်များလာသော နှလုံးရောဂါအတွက် တိကျသောရောဂါရှာဖွေမှုများနှင့် အဆင့်မြင့်ကုသမှုများအတွက် ထိုင်းနိုင်ငံ ဘမ်ရွန်ဂရက် ဆေးရုံကြီးတွင် နာမည်ကြီး နှလုံးအထူးကုသမားတော်ကြီး Dr.Wattanaphol Phipathananunth က လည်းကောင်း၊ ကလေးငယ်များတွင်အဖြစ်များသော အတက်ရောဂါနှင့်ဓာတ်မတည့်သည့် ရောဂါများအတွက် လတ်တလော တိုးတက်လာသော ကိုင်တွယ်ဖြေရှင်းပုံများအကြောင်း ကို ထိုင်းနိုင်ငံဘမ်ရွန်ဂရက်ဆေးရုံကြီးမှ ကလေးအထူကုသမားတော်ကြီး Dr.Thitiwan Simasathien ကလည်းကောင်း ဟောပြောခဲ့ကြပြီး တက်ရောက်လာကြသူများနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲကို ထိုင်းနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ဘမ်ရွန်ဂရက် ဆေးရုံကြီး နှင့် Y.I.M Services တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
"လူထုတွေကိုပြောချင်တာက ကျန်းမာဖို့ဆိုရင် ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုမို ထိရောက်တယ်လို့ယုံကြည်တယ်။ ဒါကြောင့် မိဘပြည်သူတွေကို ကျန်းမာရေးအတွက်ရောဂါတွေကို ဘယ်လိုကြိုတင်ကာကွယ်နိုင်မလဲ၊ ရောဂါ ဖြစ်ပြီးဆိုရင် ဘယ်လို လျင်လျင်မြန်မြန်ကုသလိုရမလဲ ဆိုတာတွေကို အခုလိုဟောပြောပွဲကနေ ကျန်မာရေးအသိရှိလာမယ်၊ ကျန်းမာရေးအကျိုးကျေးဇူးများလည်း ရရှိသွားကြလိမ့်မယ်၊ ရရှိတဲ့အကျိုးကျေးဇူးများဟာ မြန်မာပြည်သူပြည်သားတွေအတွက် များစွာသော ကျန်းမာရေးစောင့်ရှောက်မှုအထောက်အကူဖြစ်စေမှာပါ"ဟု Director ဦးမိုးရဲကျော်က ထပ်မံပြောသည်။
သတင်း-မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး


