ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံနေရာအနှံ့ ကောလာဟလသတင်းများ ထုတ်လွှင့်၍ ပြည်ဖျက်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင်၏ ပြောကြားချက်

KNPP နှင့် PDF အကြမ်းဖက်အဖွဲ့များဖမ်းဆီးခေါ်ဆောင်သွားသည့် လွိုင်ကော်တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိသားစုဝင်များထဲမှ ၁၀၃ ဦး တောင်ကြီးသို့ ပြန်လည် ရောက်ရှိလာမှုအခြေအနေ၊  ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းဈေးတွင် အချိန်ကိုက် မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားမှုအခြေအနေ၊ ၂၄-၁၁-၂၀၂၃ရက်နေ့ ရှမ်းပြည်နယ် (အရှေ့မြောက်ပိုင်း)၊ စစ်ကိုင်းတိုင်း၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် NUG၊ PDF အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံနေရာအနှံ့ ကောလာဟလသတင်းများ ထုတ်လွှင့်၍ ပြည်ဖျက်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

 

ဒီနေ့မှာတော့ လွိုင်ကော်တက္ကသိုလ်က KNPP၊ PDF အကြမ်း ဖက်သောင်းကျန်းသူအဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ၊  မိသားစုတွေထဲက ၁၀၃ ဦး တောင်ကြီးကို ပြန်ရောက်နေတာရှိပါတယ်။   မနေ့ကညမှာ PNO ပြည်သူ့စစ်အဖွဲ့ ဒေသကနေမှတစ်ဆင့်   လက်ခံရရှိခဲ့ပါတယ်။ တပ်မတော်မှ တာဝန်ရှိသူများလည်း သွားရောက်ကြိုဆိုပြီးတော့ ဒီနေ့မှာ တောင်ကြီးမြို့ကို ရောက်ရှိခဲ့ပါတယ်။ ဒီအဖွဲ့တွေဟာ စစ်ရေးနဲ့မဆိုင်တဲ့  တက္ကသိုလ်၊ ကျောင်းတွေကို တိုက်ခိုက်ပြီး ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ အဖွဲ့အစည်းအသီးသီး၊ လူပုဂ္ဂိုလ်အသီး သီးကနေမှ ကန့်ကွက်တာ၊ ရှုတ်ချတာတွေ လုပ်ခဲ့ပါတယ်။ ကန့်ကွက်၊ ရှုတ်ချတာတွေ လုပ်ခဲ့တဲ့အတွက် ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ အင်အား ၁၀၀ ခန့် ရှိပါသေးတယ်။ ဒီအင်အား ၁၀၀ ခန့်နဲ့ ပတ်သက်ပြီး ပြန်လည်လွတ်မြောက်နိုင်ရေး ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တိုက်ပွဲများဖြစ်ပွားနေချိန်မှာ စစ်ရေးနဲ့မဆိုင်တဲ့ ပစ်မှတ်တွေ၊ စစ်ရေးနဲ့ မဆိုင်တဲ့သူတွေကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာတွေ၊ ပြည်သူ့အကျိုး ဖျက်ဆီးနေတာတွေကို ပြည်သူလူထုကလည်း ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ လိုတယ်လို့ ပြောချင်ပါတယ်။

 

ရခိုင်ပြည်နယ်ဘက်မှာတော့ ပုဏ္ဏားကျွန်းဈေး မီးလောင်ခဲ့တဲ့ ဖြစ်စဉ်ရှိပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး  တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ မြို့၊ ရွာ၊ ပြည်သူလူထု  အသက်အိုးအိမ်စည်းစိမ် ကာကွယ်စောင့်ရှောက်နေတာရှိပါတယ်။ ပုဏ္ဏားကျွန်းဈေး မီးလောင်တာနဲ့ပတ်သက်ပြီး ဒီဟာသည် ကျွန်တော်တို့ သံသယရှိတာသည် အချိန်ကိုက် ရှို့မီးပဲဖြစ်နိုင်ပါတယ်။ AA အနေနဲ့ ဒေသခံ ပြည်သူလူထုကို အသုံးချပြီး အထင်အမြင်လွဲမှားအောင် ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူ့အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်နဲ့အညီ မီးရှို့စရာအကြောင်း၊ ပစ်ခတ်စရာအကြောင်း မရှိပါဘူး။ စစ်ရေးပစ်မှတ်တွေကိုပဲ ကျွန်တော်တို့ တိုက်ခိုက်နေတာဖြစ်ပါတယ်။

 

ရှမ်းပြည်နယ် အရှေ့မြောက်ဘက်မှာတော့ နမ့်စလပ်မှာ ထိတွေ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားတာရှိပါတယ်။ မုံးကျက်မှာတော့ စခန်းနေရာ နေရာရွှေ့ပြောင်းခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း နမ့်စလပ်နဲ့ မုံးကျက်မှာ MNDAA ၊ TNLA အဖွဲ့က အကျအဆုံးများစွာရှိပါတယ်။ ဒါကြောင့် ဒီနေ့မှာလည်း  ဓာတုဗုံးတွေ သုံးနေတယ်ဆိုတဲ့ စွပ်စွဲချက်မျိုး ထွက်ပေါ်လာတာရှိပါတယ်။ သူတို့အနေနဲ့ သူတို့အထိနာပြီဆိုရင် ဒီလိုမျိုးပြောဆိုချက်မျိုး၊ စွပ်စွဲချက်မျိုး အမြဲတမ်းရှိနေတာပဲ ဖြစ်ပါတယ်။ လောက်ကိုက် ပတ်ဝန်းကျင်နေရာ သုံးနေရာမှာတော့ ထိတွေ့မှု တွေရှိခဲ့ပါတယ်။ တာမိုးညဲ ဘက်မှာလည်း Drop Bomb နဲ့ချပြီးတော့ တိုက်ခိုက်နေတာမျိုးရှိပါတယ်။ စစ်ကိုင်းတိုင်းဘက်မှာတော့ ဗောဓိတစ်ထောင်ဘက်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာရှိပါတယ်။ ရန်သူ့ဆီက အလောင်းလက်နက်များစွာ ရရှိခဲ့ပါတယ်။ ရေဦး၊ အောင်သာယာဘက်မှာလည်း ပြည်သူ့စစ်အဖွဲ့ဝင်တွေနဲ့ PDF အကြမ်းဖက်အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ခဲ့တာရှိပါတယ်။ အဲဒီမှာလည်း ရန်သူအကျအဆုံးများစွာနဲ့ ဆုတ်ခွာထွက်ပြေးသွားရတာရှိပါတယ်။ ကရင်ပြည်နယ်ဘက်မှာတော့ ဒီမနက်မှ ထီးထစခန်းကို အင်အားအလုံးအရင်းသုံးပြီး KNU ၊ PDF အဖွဲ့အနေနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာရှိပါတယ်။ အကျအဆုံးများစွာနဲ့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားတာရှိပါတယ်။ လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ရခိုင်ပြည်နယ်ဘက်မှာ ထရွန်အိုင်စခန်းကို တိုက်ခိုက်ခဲ့တာရှိပါတယ်။ ပြန်လည်ဆုတ်ခွာသွားတာရှိပါတယ်။ ဒီနေရာမှာ NUG ၊ PDF အကြမ်းဖက်အဖွဲ့တွေအနေနဲ့ အချိန်ကောင်းအခါကောင်းဆိုပြီး တစ်နိုင်ငံလုံးမှာ နေရာ အနှံ့အပြားလောက်နီးပါးမှာ အဖျက်လုပ်ငန်းများ၊ ကောလာဟလ သတင်းတွေ ထုတ်လွှင့်ပြီး ဆောင်ရွက်နေတာ ရှိပါတယ်။ အဖျက်လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတာရှိပါတယ်။ ကောလာဟလမျိုးစုံ ထုတ်လွှင့်နေတာ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်သူလူထုအနေနဲ့ ဒီအဖျက်သမား တွေရဲ့ လုပ်ရပ်တိုင်း  ပြည်ဖျက်မည့်မီဒီယာတွေနဲ့  ပတ်သက်ပြီး သတိရှိဖို့အရေးကြီးပါတယ်။ ပြီးရင် ကျွန်တော်တို့နဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသ တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ အထင်အမြင် လွဲမှားစေရေးအတွက် ဦးတည်ပြီး တိုက်ခိုက်နေတာမျိုးတွေရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူ လူထုအားလုံးက သတိရှိကြဖို့အရေးကြီးကြောင်း ပြောလိုပါတယ်။

 

အားလုံးကို ကျေးဇူးတင်ပါတယ်။