ထိန်းသိမ်းရမည့် မြန်မာ့လွတ်လပ်ရေး

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုဂုဏ်ပြုဆောင်းပါး
 

မောင်စိန်လွင် (မင်းကင်း)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၄ ရက်နေ့သည် (၇၂) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ ဖြစ်၏။ ပြည်ထောင်စု မြန်မာနိုင်ငံသားအားလုံးသည် နှစ်ပေါင်းများစွာကပင် ကိုယ့်ထီးကိုယ့်နန်းကိုယ့်ကြငှန်းဖြင့် နေထိုင်လာခဲ့ကြ သည်။ အမိမြန်မာနိုင်ငံတော်ကို လွတ်လပ်သော အချုပ် အခြာအာဏာပိုင် နိုင်ငံတော်အဖြစ် ရပ်တည်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည်။

မျက်စိကျစရာ

မြန်မာနိုင်ငံ၏ အတိတ်သမိုင်းကြောင်း ပြန်ပြောင်း ကြည့်မည်ဆိုလျှင် ပထမမြန်မာနိုင်ငံတော် တည်ထောင် ခဲ့သော အနော်ရထာမင်းတရားကြီး လက်ထက်တွင် မြန်မာတို့သည် ဘုန်းမီးနေလထွန်းတောက်ခဲ့သည်။ မြန်မာ့ယဉ်ကျေးမှု စာပေ၊ အနုပညာ၊ သာသနာတို့၏ အစဖြစ်ပေသည်။ ပုဂံခေတ်ဖြစ်၏။ ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီး၏ လက်ထက်တွင်လည်း ဒုတိယမြန်မာနိုင်ငံတော်ကြီးအဖြစ် အင်အားတောင့်တင်း လာခဲ့သည်။ အလောင်းမင်းတရားကြီး လက်ထက်တွင် တတိယမြန်မာနိုင်ငံတော်ကြီးသည် ကမ္ဘာတစ်လွှား ဂုဏ်သတင်းကျော်ကြားလာခဲ့၏။ သယံဇာတပေါကြွယ်ဝ သည့် မြန်မာနိုင်ငံသည် နယ်ချဲ့တို့၏ မျက်စိကျစရာ ဖြစ်လာခဲ့လေသည်။

မြန်မာနိုင်ငံကို ကိုလိုနီနယ်ချဲ့တို့က ၁၈၂၄ ခုနှစ် (ဘကြီးတော်မင်းတရားလက်ထက်)တွင် တစ်ကြိမ်၊ ၁၈၅၂ ခုနှစ် (ပုဂံမင်းလက်ထက်)တွင် တစ်ကြိမ်၊ ၁၈၈၅ ခုနှစ် (သီပေါမင်းလက်ထက်)တွင် တတိယအကြိမ် စုစုပေါင်း သုံးကြိမ်တိုင်တိုင် ကျူးကျော်စစ်ပြုလုပ်ကာ သိမ်းပိုက် ခဲ့သည်။ မြန်မာတိုင်းရင်းသားအားလုံး ပြည်ထောင်စု စိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ တော်လှန်တိုက်ခိုက် ခဲ့ကြသည်။ လွတ်လပ်ရေး ပြန်လည်ရယူနိုင်ရန်အတွက် တိုင်းရင်းသားမျိုးချစ်ခေါင်းဆောင်များ၏ အသက် သွေးချွေးတို့ဖြင့် စတေးပြီး တိုက်ပွဲဝင်ခဲ့ကြသည်။ မြန်မာ တို့သည် ရေမြေသယံဇာတပိုင်ဆိုင်ခွင့် ဆုံးရှုံးခဲ့ရသော် လည်း စိတ်ဓာတ်အရှုံးမခံကြ။ အင်္ဂလိပ်နယ်ချဲ့တို့မှာ မြန်မာ့ရေမြေကို သိမ်းပိုက်နိုင်ပြီး မြန်မာတို့၏ သခင် စိတ်ဓာတ်ကို မသိမ်းပိုက်နိုင်ခဲ့ပေ။
ဇာတိမာန်တက်ကြွ

ရတနာပုံနေပြည်တော် ကျဆုံးပြီးချိန်မှစ၍ နေရာ အနှံ့ တော်လှန်ရေးစစ်ပွဲများ ဆင်နွှဲလာခဲ့ကြသည်။ တော်လှန်ရေးစစ်ပွဲများ ဆင်နွှဲရာတွင် ကချင်ပြည်နယ်မှ ဖုံကန်ဒူးဝါးနှင့် ဗိုလ်ဖိုးစော၊ ချင်းပြည်နယ်မှ ကြွမ်ဘိစ်နှင့် ရွှေဂျိုးဖြူမင်းသား၊ ကယားပြည်နယ်မှ စောလဖော်၊ ရှမ်းပြည်နယ်မှ လင်းပင်မင်းသားနှင့် ရှမ်းစော်ဘွားများ၊ တောင်တွင်းကြီးနယ်မှ ဗိုလ်ချုပ်အောင်ဆန်း၏အဘိုး ဗိုလ်မင်းရောင်၊ ပုဂံနယ်မှ ဗိုလ်ချို၊ ပုပ္ပားနယ်မှ ဗိုလ်နက်ကျော်စသော မျိုးချစ်တိုင်းရင်းသားခေါင်းဆောင် များ ဦးဆောင်ပါဝင် ဆင်နွှဲလာခဲ့ကြသည်။ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် လူပုဂ္ဂိုလ်များသာမက ရဟန်းသံဃာတော် များလည်း ပါဝင်ဆင်နွှဲလာခဲ့ကြ၏။ ဆရာတော် ဦးဥတ္တမ ၏ “ကရက်ဒေါက် ထွက်သွား”ဟူသော မိန့်ဆိုချက်မှာရဲရဲတောက်သတ္တိကို ပြခဲ့သည်။ ဆရာတော် ဦးဝိစာရ သည်လည်း ရက်ပေါင်း ၁၆၆ ရက် အစာငတ်ခံဆန္ဒပြရင်း ပျံလွန်တော်မူခဲ့သည်။ ဆရာတော်အမွေပေးခဲ့သော “လိမ္မာရစ်ကြပါ” ဟူသည့် မိန့်မှာချက်ကလည်း မြန်မာတို့ အသည်းနှလုံးတွင် ရင်နင့်ကြေကွဲစွာ ဇာတိမာန်တက်ကြွ စေခဲ့သည်။

၁၉၂၀ ပြည့်နှစ်တွင် အမျိုးသားစိတ်ဓာတ်ကိုအခြေခံ၍ ကျွန်ပညာရေးစနစ်ကိုတော်လှန်သော ပထမကျောင်းသား သပိတ် ပေါ်ပေါက်ခဲ့၏။ ၁၉၃၀ ပြည့်နှစ်တွင် ဆရာစံ ဦးဆောင်သော တောင်သူလယ်သမားအရေးတော်ပုံနှင့် ၁၃၀၀ ပြည့်နှစ်တွင် သခင်ဖိုးလှကြီးခေါင်းဆောင်သော ရေနံမြေသပိတ်တို့သည် နယ်ချဲ့တို့ကို ချောက်ချားစေသော တော်လှန်မှုများ ဖြစ်ခဲ့သည်။ လွတ်လပ်ရေးတိုက်ပွဲဝင် တို့၏ လက်သုံးစကားသည် မှတ်သားစရာဖြစ်၏။ “လွတ်လပ်ရေးသည် ပထမ၊ လွတ်လပ်ရေးသည် ဒုတိယ၊ လွတ်လပ်ရေးသည် တတိယ” ဖြစ်သည်။

သမိုင်းမှတ်တိုင်တစ်ခု

လွတ်လပ်ရေးဆိုသော ပန်းတိုင်သို့ရောက်ရှိရန်မှာ နှလုံးရည်အားသက်သက်ဖြင့်မရဘဲ လက်ရုံးရည်အားပါ တည်ဆောက်ရမည်ကို သတိမူမိလာ၏။ ဤအချက်ကြောင့် သခင်အောင်ဆန်းဦးဆောင်ပြီး မျိုးချစ်စိတ်ရှိသောလူငယ် သုံးကျိပ်တို့က ဂျပန်ပြည် ဟိုင်နန်ကျွန်းသို့ စစ်ပညာများ သွားရောက်သင်ယူ၍ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ဖွဲ့စည်းခဲ့သည်။ ၁၉၄၁ ခုနှစ်တွင် ဖွဲ့စည်း ခဲ့သော ဘီအိုင်အေသည် တပ်မတော်၏ အစဖြစ်၏။ ရဲဘော် သုံးကျိပ်သည် ဂျပန်တို့၏ စစ်ရေးအကူအညီကိုရယူကာ နယ်ချဲ့အင်္ဂလိပ်တို့ကို တိုက်စစ်ဆင် တိုက်ထုတ်နိုင်ခဲ့သည်။ သို့သော် တရားဝင်လွတ်လပ်ရေး မရခဲ့။
ရွှေရည်စိမ် လွတ်လပ်ရေးကိုသာ ရခဲ့သည်။ နောက်ဝင်လာသော ဖက်ဆစ်က နယ်ချဲ့အင်္ဂလိပ်ထက် ပိုဆိုးနေသည်။ ဖက်ဆစ် ဘီလူးတို့၏ ယုတ်မာရက်စက်မှုများကို မြန်မာတို့ ရင်ဆိုင် ကြရပြန်၏။ ထိုအခါ (ဖ.ဆ.ပ.လ) အဖွဲ့ကြီးပေါ်ပေါက်လာပြီး ဖက်ဆစ်ဂျပန်တို့ကို တွန်းလှန်မောင်းထုတ်ခဲ့ကြရတော့ သည်။ ဖက်ဆစ်တို့ ပြေးပြန်သော်လည်း နယ်ချဲ့အင်္ဂလိပ် တို့က တစ်ကျော့ပြန် ဝင်လာကြပြန်၏။ မြန်မာတိုင်းရင်းသား တို့ကား နားနေချိန်ပင်မရ ဆက်လက်တိုက်ပွဲဝင် တော်လှန် ကြရပြန်သည်။ နယ်ချဲ့တို့သည် တောင်တန်းဒေသနှင့် ပြည်မကို သွေးခွဲသပ်လျှိုကြ၏။ သို့သော် ဗိုလ်ချုပ် အောင်ဆန်းခေါင်းဆောင်သော တိုင်းရင်းသားခေါင်းဆောင် များက ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ လွတ်လပ်ရေးကို အတူ ရယူလိုကြောင်း ရှမ်းပြည်နယ် ပင်လုံမြို့လေးတွင် စည်းလုံး ညီညွတ်စွာ ပင်လုံစာချုပ်ချုပ်ဆိုခဲ့ကြသည်။ ပင်လုံစာချုပ်သည် မြန်မာ့လွတ်လပ်ရေး၏ သမိုင်းမှတ်တိုင်တစ်ခုပေတည်း။

ထို့ကြောင့် မြန်မာတို့သည် လွတ်လပ်ရေးအောင်ပန်းကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၄ နာရီ မိနစ် ၂၀ အချိန်တွင် ရရှိခဲ့သည်။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အလံ တလူလူလွှင့်ထူနိုင်ခဲ့ကြပြီ။ မြန်မာတို့သည် တစ်ပါးကျွန်အဖြစ်သို့ ရောက်ခဲ့ဖူးပြီ။ နယ်ချဲ့အင်္ဂလိပ်တို့၏ ဖိနှိပ်မှု၊ ဖက်ဆစ်တို့၏ ရက်စက်ကြမ်းကြုတ်မှုများကို ခါးသီးစွာ ခံစားခဲ့ရဖူးပြီ။ မလွတ်လပ်သောဘဝကို ရောက်ခဲ့ဖူးမှ လွတ်လပ်ခြင်းအရသာကို ကောင်းစွာ သဘောပေါက်ကြမည်။ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ခိုင်မာသောသန္နိဋ္ဌာန်ဖြင့် လွတ်လပ်ရေးကို ထိန်းသိမ်း စောင့်ရှောက်လာခဲ့ကြသည်မှာ ယနေ့ဆိုလျှင် (၇၂)နှစ် တိုင်ခဲ့ပြီ။
မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေကို တင်ပြရလျှင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးသော်လည်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် အလှမ်းဝေးခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ။ မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းတွင် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးအတွက် ခေတ်အဆက်ဆက် ကြိုးစားခဲ့ရာ ပြီးပြည့်စုံသည့်အောင် မြင်မှုမျိုး ယနေ့တိုင် မရရှိခဲ့သေးပေ။ နှစ်ပေါင်းများစွာ အဖြေရှာရခက်ခဲနေသော ငြိမ်းချမ်းရေးပြဿနာကို ပြေလည်မှုရရှိရန် ပြည်သူ တင်မြှောက်သောအစိုးရက တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။ ငြိမ်းချမ်းရေး အတွက် ပထမဆုံးလိုအပ်ချက်မှာ အပစ်အခတ်ရပ်စဲရေး ပင်ဖြစ်သည်။ ယနေ့ဆိုလျှင် အပစ်အခတ်ရပ်စဲရေးကို အတိုင်းအတာတစ်ခုသာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။ ငြိမ်းချမ်းရေးညီလာခံကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး သုံးကြိမ်ကျင်းပကာ ပြည်ထောင်စုအခြေခံမူ အချို့သဘောတူချမှတ်နိုင်ခဲ့ သည်မှာ အားလုံးအသိပင်ဖြစ်သည်။

ယခုအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်း ၁၀ ဖွဲ့ နှင့်လည်း NCA လက်မှတ်ရေးထိုးနိုင်ခဲ့ ပြီဖြစ်သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း များအားလုံး NCA အောက်တွင် ငြိမ်းချမ်းရေးခရီးကို အတူလျှောက်လှမ်းပြီး ဒေသအကျိုးစီးပွားရေးကိုဖော် ဆောင်ကာ အားလုံး မျှော်လင့်ထားသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်မည် ဖြစ်ပါ သည်။ မြန်မာနိုင်ငံ၏ဒေသအချို့မှလွဲ၍ ကျန်ပြည်ထောင်စု ဒေသများတွင် လတ်တလော ငြိမ်းချမ်းရေးရနေပါပြီ။ ပြည်တွင်း ငြိမ်းချမ်းရေး အပြည့်အဝရရှိမှသာ မြန်မာနိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လုပ်သား ပြည်သူအားလုံး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မည်ဖြစ် သည်။ ထို့ကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့သလို ပြည်တွင်းငြိမ်းချမ်းရေးရရှိအောင်လည်း သမိုင်းပေးတာဝန်အဖြစ်ခံယူပြီး ဝိုင်းဝန်းဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းနှိုးဆော်ရေးသားလိုက်ပါသည်။ ။


ကြေးမုံ