ထိန်းသိမ်းစို့လေ ဘိုးဘွားအမွေ

၂၇ ဒီဇင်ဘာ

 

ကြေးမုံ အယ်ဒီတာ့အာဘော်

 


မြန်မာနိုင်ငံ လွတ်လပ်ရေးဆုံးရှုံးခဲ့ရပုံ၊ လွတ်လပ်ရေးရရှိခဲ့ပုံ၊ လွတ်လပ်ရေး ရရှိပြီးနောက် ဖြတ်သန်းလာခဲ့ရသော မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းတို့ကို မျက်မှောက်ကာလ မြန်မာတို့အနေဖြင့် အနည်းနှင့်အများ သိရှိကြပြီးဖြစ်ပေလိမ့်မည်။ သို့သော် လွတ်လပ်ရေးဆုံးရှုံးခဲ့ရစဉ်ကာလ မြန်မာတို့ရပ်တည်နေထိုင်ရသည့်ဘဝနှင့် လွတ်လပ်ရေးရရှိပြီး ရပ်တည်နေထိုင်ရသောဘဝ မတူကွဲပြားသည့်ဘဝနှစ်မျိုးကို စစ်စစ်ပေါက်ပေါက် ခံစားသိရှိနိုင်လိမ့်မည် မထင်ချေ။

 

 

ကိုလိုနီနယ်ချဲ့လက်အောက် ကျရောက်စဉ်ကာလက မြန်မာတို့၏လွတ်လပ်ရေးအသိမှာ ဒိဋ္ဌဓမ္မအသိ ကိုယ်တိုင်ကြုံတွေ့ခံစားရာမှ ဖြစ်ပေါ်လာသည့် ကိုယ်တွေ့အသိဖြစ်သည်။ မြန်မာတစ်မျိုးသားလုံး၏ နှလုံးသားတွင် သူ့ကျွန်အဖြစ်မခံလိုမှု၊ လွတ်လပ်သောနိုင်ငံဖြစ်လိုမှု စသည့်အမျိုးသားရေးစိတ်ဓာတ်များ ကိုယ်စီကိုယ်စီရှိနေသော ပကတိစိတ်ခံစားမှုအသိဖြစ်သည်။ လွတ်လပ်ရေး ရရှိပြီးနောက် အေးချမ်းသာယာသောလူ့ဘောင်၌ နေထိုင်စဉ်ကာလ မြန်မာတို့၏လွတ်လပ်ရေးအသိမှာကိုယ်တိုင်မခံစားရသည့် ]သညာသိ}သာဖြစ်သည်။ သိရှိမှတ်သားခြင်းမ ှရရှိသောအသိဖြစ်၍ ကိုယ်စီကိုယ်စီခံစားမှု ရှိချင်မှရှိပေလိမ့်မည်။

 

ထို့ကြောင့် လွတ်လပ်ရေးဆုံးရှုံးခဲ့ရပုံ၊ တိုင်းရင်းသားပြည်သူများအသက်၊ သွေး၊ ချွေး အမြောက်အမြား ရင်းနှီးပေးဆပ်ကာ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းအားထုတ်ခဲ့ရပုံတို့ကို မမေ့မပျောက်စေရန်အကြိမ်ကြိမ်အခါခါ မပြတ်အသိပေးနေရခြင်းဖြစ်သည်။ အသိပညာဗဟုသုတတို့ကို ထိုသို့မျှဝေပေးပြီး လွတ်လပ်ရေးနှင့်ပတ်သက်၍ ပြည်သူများ ကိုယ်စီကိုယ်စီ မမေ့မလျော့ရှိကြသောအခါ အမျိုးသားရေးစိတ်ဓာတ်များ မပျောက်မပျက်တော့ဘဲ နိုင်ငံ၏လွတ်လပ်ရေး မဆုံးရှုံးအောင်၊အချုပ်အခြာအာဏာကို ထိပါးခြင်းမခံရအောင် ဝိုင်းဝန်းကာကွယ်ထိန်းသိမ်းစောင့်ရှောက်နိုင်မည်ဖြစ်သည်။

 

လွတ်လပ်ရေးကို ပြန်လည်ရယူခြင်းနှင့် လွတ်လပ်ရေးကို ဆက်လက်ထိန်းသိမ်းခြင်း နှစ်မျိုးမှာ သဘောသဘာဝအားဖြင့် ကွဲပြားသော်လည်းရည်ရွယ်ချက်အားဖြင့် အတူတူပင်ဖြစ်သည်။ လွတ်လပ်ရေးကို ပြန်လည်ရရှိရန်အတွက် ဆိုခဲ့ကြပြီးသည့်အတိုင်း တိုင်းရင်းသားပြည်သူအားလုံး၏စည်းလုံးညီညွတ်မှု၊ အမျိုးသားရေးစိတ်ဓာတ်ထက်သန်မှု၊ ရဲစွမ်းသတ္တိနှင့်မျိုးချစ်စိတ်ဓာတ်ကြံ့ခိုင်မှုတို့ဖြင့် နယ်ချဲ့တို့၏ အန္တရာယ်ရန်စွယ်ကို အချိန်ကာလကြာရှည်စွာ အသက်၊ သွေး၊ ချွေး အမြောက်အမြား ရင်းနှီးပေးဆပ်ကြရသည်။ မိမိတို့၏ ဘိုးဘေးဘီဘင်တို့ ဘဝများ၊ အသက်များစတေးခဲ့ကြရသည်။ မိမိတို့၏ အရင်းအမြစ်များစွာတို့ ဆုံးရှုံးခဲ့ရသည်။နှမြောတသဖွယ် တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ရသည်။

 

ဆုံးရှုံးမှုများ၊ ရင်းနှီးပေးဆပ်ရမှုများ၊ ခက်ခက်ခဲခဲကျပ်ကျပ်တည်းတည်း ရုန်းကန်လှုပ်ရှား အသက်စွန့်ကြိုးပမ်းအားထုတ်ရမှုများမှာမမေ့နိုင်စရာဖြစ်သည်။ မိမိတို့၏ ဘိုးဘေးဘီဘင် မျိုးချစ်သူရဲကောင်းများအား ကမ္ပည်းမော်ကွန်းရေးထိုး၍ အောက်မေ့သတိရနေကြဆဲဖြစ်သည်။မျိုးချစ်ဘိုးဘေးဘီဘင်တို့၏ ပြောင်မြောက်သော စွမ်းဆောင်မှုများမှာမြန်မာတို့အဖို့ မေ့ပျောက်ဖွယ်ရာမရှိ၊ အတုယူအားကျ မြတ်နိုးလေးစားဖွယ်ရာများသာ ဖြစ်သည်။မျက်မှောက်ကာလ ကျွန်ုပ်တို့ရရှိပြီးသော လွတ်လပ်ရေးကိုထိန်းသိမ်းစောင့်ရှောက်ရသည်မှာ ကျွန်ုပ်တို့ မျိုးချစ်ဘိုးဘေးဘီဘင်များ၏ရင်းနှီးပေးဆပ်ရမှုနှင့်နှိုင်းစာလျှင် သက်သောင့်သက်သာရှိမည်ဟု ဆိုနိုင်ပါသည်။

 

သို့သော် ကျွန်ုပ်တို့ ဘိုးဘေးဘီဘင်များ ရယူပေးခဲ့သောလွတ်လပ်ရေးကို အမှုမဲ့အမှတ်မဲ့ဖြင့် သတိမမူမိဘဲ စည်းလုံးညီညွတ်မှုအားနည်းပြီး အကွဲကွဲအပြားပြားဖြစ်နေလျှင် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တစ်စတစ်စထိပါးလာနိုင်ပြီး ပေးဆပ်ရမှု များပေလိမ့်မည်။ထို့ကြောင့် ကျွန်ုပ်တို့၏ ဘိုးဘေးဘီဘင်များ ရယူပေးခဲ့သော တန်ဖိုးကြီးမားသည့် လွတ်လပ်ရေးအမွေကို မပျောက်ပျက်အောင် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ကြရမည်ဖြစ်သည်။ မျက်မှောက်ကာလ ခေတ်သစ်ကိုလိုနီနယ်ချဲ့မှုများအားဘိုးဘေးဘီဘင်များ လက်ဆင့်ကမ်းပေးခဲ့သည့် မျိုးချစ်စိတ်ဓာတ်ဖြင့်မျက်ခြည်မပြတ် သတိမလပ်ဘဲ စောင့်ကြည့်ကာကွယ်သွားကြရမည်
ဖြစ်သည်။