ထီဆုကြေးမြင့်လာသော်လည်း ရောင်းဈေးပေါ်မူတည်၍ အာသာပြေသာထိုးနိုင်တော့မည်ဟုဆို

ရန်ကုန် ၃  ဇန်နဝါရီ 

 

အောင်ဘာလေသိန်းဆုဌာန၏ ကြေညာချက်အရ ကံစမ်းသူပြည်သူတို့၏ သိန်းတစ်သောင်းခွဲတန် မျှော်လင့်ချက် အသစ်နှင့်အတူ ထီဈေးနှုန်း နှစ်ဆအပေါ်တွင် ထပ်ဆောင်းတင်လာကြမည့် အပိုကြေးများ ရှိနေဦးမည်ဟု ယူဆရသဖြင့် အာသာပြေသာ ထိုးနိုင်တော့မည်ဟု ရန်ကုန်မြို့နေ ထီချစ်သူ အသိုင်းအဝိုင်းမှ သိရသည်။

 

“ ထီဆုကြီးတန်ဖိုးမြင့်သွားတော့ လူတိုင်းအတွက် စိတ်ကူးယဉ်မျှော်လင့်စရာ ထပ်တိုးလာတာပေါ့။ ထီဈေးက နှစ်ဆတက်တယ်။ ဆုကြေးက နှစ်ဆတော့မဟုတ်ဘူး။ နောက်ပြီး တစ်ဆင့်ရောင်းတဲ့သူ တွေကလည်း တံဆိပ်ဖိုးနဲ့ အိတ်ဖိုးနဲ့ အမြတ်ကလေးကလည်း တင်ရဦးမှာဆိုတော့ သတ်မှတ်ဈေးထက်တော့ မြင့်နေဦးမှာလို့ ထင်ပါတယ်။ ထီဈေးနှုန်းတည်ငြိမ်အောင် အစိုးရကတော့ လုပ်မယ်ထင်တယ်။ ရောင်းဈေးပေါ်မူတည်ပြီး အခြေခံလူတန်းစားတွေကတော့ တစ်စောင်၊ နှစ်စောင် ကံစမ်းတဲ့ သဘော အာသာပြေပဲ ထိုးနိုင်မှာပါ ” ဟု သာကေတမြို့နယ်နေသူ တစ်ဦးက ပြောသည်။

 

(၁) ကြိမ်မြောက် ၁၀၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ်များကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့မှ စတင်ရောင်းချသွားမည်ဖြစ်ပြီး (၂၄) ကြိမ်မြောက် ၅၀၀ ကျပ်တန် အောင်ဘာလေထီ လက်မှတ်များကိုလည်း ပူးတွဲရောင်းချသွားမည်ဖြစ်ကြောင်း၊  ၁၀၀၀ကျပ်တန် အောင်ဘာလေ ထီအတွက် အမြင့်ဆုံးဆု ကျပ်သိန်း ၁၅၀၀၀(ကျပ်သိန်းတစ်သောင်းငါးထောင်) ချီးမြှင့်မည်ဖြစ်ပြီး ၅၀၀ ကျပ်တန် အောင်ဘာလေထီအတွက် အမြင့်ဆုံးဆု ကျပ်သိန်း ၁၀၀၀၀ (ကျပ်သိန်းတစ်သောင်း) ချီးမြှင့်သွားမည် ဖြစ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေ သိန်းဆုဌာနခွဲ က ဇန်နဝါရီလ ၂ ရက်နေ့တွင် ကြေညာခဲ့သည်။

 

“ထီထိုးတဲ့သူတွေကတော့ စိတ်ဆန္ဒအမျိုးမျိုးပေါ့။ ဆုလေးတွေအများကြီးခွဲပြီး ပေးစေချင်တဲ့ သူတွေလည်း ရှိတယ်။ ထီဈေးနှုန်းတင်တာတွေကို ထိန်းမရဘူးဆိုရင်တော့ ကိုယ်စားလှယ်ယူတဲ့သူတွေက အပိုဆုကြေး ပေးတာတွေကို ပြန်ခွင့်ပြုပေးစေချင်တယ်။ ပေါက်တဲ့လူ ပိုရတာပေါ့။ အဲလိုလည်း ခွင့်မပြုဘူး၊ ထီဈေးကလည်း ထိန်းမရဘူးဆိုရင် ပြည်သူပဲ နစ်နာတာပေါ့ ” ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက ပြောသည်။

 

ထီစာအုပ်ရောင်းချရငွေအပေါ် ခွဲဝေချီးမြှင့်မည့်ဆုမဲစာရင်းများကို ထီဖွင့်ပွဲမတိုင်မီတွင် ထပ်မံကြေညာ ပေးသွားမည်ဖြစ်ကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲ၏ ကြေညာချက်တွင် ပါဝင်ပြီး  အလျား ၁၃.၈ စင်တီမီတာ၊ အနံ ၆.၄ စင်တီမီတာရှိသည့် ၁၀၀၀ ကျပ်တန် အောင်ဘာလေထီလက်မှတ် နမူနာပုံစံကို ဖော်ပြပေးခဲ့သည်။ 

 

ဇေယျတု(မကွေး)

 

IMG_20190103_104737.