ထားဝယ်မြို့၌ ညဉ့်အချိန်လူပြတ်သော ရထားလမ်းတွင် ချိန်းတွေ့သောစုံတွဲအား လုယက်မှု ဖြစ်ပွား

ထားဝယ် ၁၁ ဧပြီ

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ ကျန်းမာရေးလမ်း၌ ဧပြီ ၁၀ ရက် ည ၇ နာရီခွဲက လူပြတ်သော ရထားလမ်းတွင် ချိန်းတွေ့သောစုံတွဲအား လုယက်မှုဖြစ်ပွားခဲ့ကြောင်း ထားဝယ်မြို့မရဲစခန်းမှ သိရှိရသည်။

 

ဖြစ်စဉ်တွင် ချိန်းတွေ့သောစုံတွဲသည် ဆိုင်ကယ်ပေါ်ထိုင်လျက် စကားပြောနေစဉ် အမည်မသိလူတစ်ဦး နောက်မှရောက်ရှိလာပြီး မိန်းကလေးအား ဆိုင်ကယ်ပေါ်မှဆွဲချကာ လည်ပင်းညှစ်ပြီး ၎င်းဝတ်ဆင်ထားသော ဖန်စီပုလဲဆွဲကြိုး၊ လက်ကောက်၊ လက်စွပ် စုစုပေါင်း ခန့်မှန်းတန်ဖိုး ၅၀ဝ၀ဝ ကျပ်ခန့် အတင်းအဓမ္မ တောင်းယူခဲ့ကြောင်း၊ ထပ်မံ၍ နောက်ထပ်လူ(၃)ဦး ရောက်ရှိလာခဲ့ပြီး ချိန်းတွေ့သူ အမျိုးသားဖြင့် လုံးထွေးထိုးကြိတ်နေစဉ် လုယက်ခံရသည့် မိန်းကလေးကထွက်ပြေးကာ အော်ဟစ်အကူအညီတောင်းခဲ့ကြောင်း၊ အဆိုပါလူ(၄)ဦးမှာ ထွက်ပြေးသွားပြီး ချိန်းတွေ့သူ အမျိုးသားတွင် ပြတ်ရှဒဏ်ရာ၊ ရင်ဘတ်ထိုးသွင်းဒဏ်ရာများ ရရှိသဖြင့် ပတ်ဝန်းကျင်မှ အကူအညီဖြင့် ထားဝယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ မိန်းကလေးက တရားလိုပြုတိုင်ကြားသဖြင့် ထားဝယ်မြို့မရဲခစန်းမှ အမှုဖွင့်လှစ်ပြီး တရားခံများအား စုံစမ်းဖမ်းဆီးခဲ့ရာ ၎င်းနေ့ ည ၁၂ နာရီ ၂၅ မိနစ်တွင် ကျပန်းလာရောက်လုပ်ကိုင် စားသောက်သူများဖြစ်သော အေးမင်းထွန်း (၂၂)နှစ်ပါ (၄)ဦးအား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ထားဝယ်ခရိုင်(ပြန်/ဆက်)