ထားဝယ်ခရိုင် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုဖွင့်ပွဲ ကျင်းပ

ထားဝယ် ၁၇ အောက်တိုဘာ

 

၂၀၁၇ ခုနှစ် တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် အခြေခံ စာတတ်မြောက်ရေး လှုပ်ရှားမှုဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ထားဝယ်မြို့တော်ခန်းမ၌ ကျင်းပသည်။

 

ဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီး အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်က အမှာစကားပြောကြားသည်။ 

 

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် စာတတ်မြောက်ရေး လုပ်ငန်းကို ပညာရေးဝန်ကြီးဌာနနှင့် တနင်္သာရီ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာ ၂၄ ရက်ထိ ရက်ပေါင်း ၄၀၊ နာရီပေါင်း ၁၂၀ ကြာ တစ်ရက် သုံးနာရီနှုန်းဖြင့် စာသင်သား ၅၃၂ ဦးကို နည်းပြများအဖြစ် ထားဝယ်တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူ ၁၂၅ ဦးတို့က သင်ကြားပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

 

(သတင်းစဉ်)