ထာဝစဉ် ဂုဏ်ယူနေမည်

mdn

သတင်းဆောင်းပါး - ဒေါက်တာ ဥမ္မာလင်း (နတ်မောက်သွေးသစ်)

စာရေးသူ၏ဘဝတွင် မိမိကိုယ်မိမိ ဂုဏ်အယူရဆုံးတစ်ခုမှာ ရန်ကုန်တက္ကသိုလ်တွင် ပညာလေ့လာဆည်းပူးခွင့်ရရှိခဲ့ရခြင်းဖြစ်သည်။ အခြေခံပညာအထက်တန်းအောင်မြင်ပြီး တက္ကသိုလ် တက်ရောက်ရမည့် ကျောင်းသူ ကျောင်းသားအများစု၏ အိပ်မက်တစ်ခုမှာ ဂုဏ်သတင်းကျော်စောသည့် ရန်ကုန်တက္ကသိုလ်ကြီးတွင် ပညာဆည်းပူးခွင့် ရရှိလိုခြင်းပင်ဖြစ်သည်။ စာရေးသူ၏ တက္ကသိုလ်ကျောင်းသူဘဝမှာ ပထမနှစ်နှင့် ဒုတိယနှစ်တွင်  ဗိုလ်တထောင်နယ်မြေ RC-1 ၌ ၂ နှစ် ပညာသင်ကြားခဲ့ပြီး ဒုတိယနှစ်တွင် ဂုဏ်ထူးတန်းသို့ တက်ရောက်ခွင့်ရခဲ့သည့်အတွက် ဂုဏ်ထူးတန်း(၃)နှစ်၊ မဟာဝိဇ္ဇာတန်း (၂)နှစ်၊ ပါရဂူတန်း (၅)နှစ်ဖြင့် စုစုပေါင်း (၁၀)နှစ်ကြာ ရန်ကုန်တက္ကသိုလ်ကြီးတွင် ပညာသင်ကြားခွင့် ရရှိခဲ့သည်။

တက္ကသိုလ်ဆိုသည်မှာ

အဆင့်မြင့်ပညာရပ်များနှင့်    ဗဟုသုတ များစနစ်တကျပို့ချရာ ကျောင်းတော်ကြီးများ ကို   တက္ကသိုလ်ဟု  ခေါ်သည်။ ရှေးအခါက ပညာသင်ယူလိုသူများသည်     ယခုခေတ်ကဲ့သို့ တက္ကသိုလ်များ  အမြောက်အမြား    မရှိသေး သည့်အတွက်   တက္ကသိုလ်ရှိရာသို့   သက်စွန့် ဆံဖျားသွားရောက်ကာ   ပညာဆည်းပူးခဲ့ကြ ရသည်။   အင်္ဂလိပ်ဘာသာဖြင့်  ယူနီဗာစတီ (University) ဟူသော   တက္ကသိုလ်သည် လက်တင်ဘာသာစကား   “ယူနီဗာစီတပ်” မှ ဆင်းသက်လာခြင်းဖြစ်ပြီး      အဖွဲ့အစည်း ဟူသော အဓိပ္ပာယ်ဖြစ်သည်။ ပညာလိုလားသူ များနှင့်    ပညာသင်ကြားပေးသူ   ဆရာများ စုပေါင်း၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းကြီး များကို ဥရောပတိုက်တွင်  စတင်တည်ထောင် ခဲ့ခြင်းဖြစ်သည်။  ခေတ်အဆက်ဆက်  လူသား များသည် ပညာအရပ်ရပ်ကို နည်းလမ်းအမျိုး မျိုးဖြင့် ရှာဖွေခဲ့ကြသည်။ ဘုရားရှင်ပွင့်တော် မမူမီကပင် ယခုခေတ် တက္ကသိုလ်ကြီးများ၏ ရှေ့ပြေးပညာပေးဗဟိုဌာနကြီးများဖြစ်သော တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံ တွင် ပညာများကို ဆည်းပူးခဲ့ကြသည့် အလေ့ အထရှိခဲ့သည်ကို   စွယ်စုံကျမ်းများမှတစ်ဆင့် သိရှိခဲ့ရသည်။ 

လူသားတိုင်းသည်      လိုအပ်ချက်နှင့် လိုအင်ဆန္ဒများကို ဖြည့်ဆည်းနိုင်ရန်အတွက် မိမိဘဝကို မိမိဆန္ဒနှင့်အညီ ကိုယ်တိုင်ပုံဖော် စီမံခန့်ခွဲကြရမည်ဖြစ်သည်။ ပညာရည်ပြည့်ဝ သည့်ဘဝ ဖြစ်လာစေရန် ယုံကြည်ချက်၊ ခံယူ ချက်၊ ရည်မှန်းချက်ကိုယ်စီဖြင့်  ပညာရပ်များ ကို     အရွယ်သုံးပါးစလုံး   စဉ်ဆက်မပြတ် လေ့လာဆည်းပူးခြင်းဖြင့်    ပညာအလင်းရောင် များကို   ထွန်းညှိကြရမည်ဖြစ်သည်။ နိုင်ငံ တကာတွင်       တိုင်းပြည်တိုးတက်စေခြင်း သို့မဟုတ်    ဆုတ်ယုတ်စေခြင်းဆိုသည်မှာ ပညာတတ်ပေတံနှင့် တိုင်းတာခြင်း ဖြစ်သည်။

ဆရာသမားများ၏ အနန္တကျေးဇူး

ပါရဂူကျမ်းပြုများသည် မိမိ၏ ဌာနတွင် များပြားလှသော ဆရာသမားများ၊ ကျောင်းသူ ကျောင်းသားများ၏ ရှေ့၌ Regular စာတမ်း၊ Credit စာတမ်းများကို အကြိမ်ကြိမ် ဖတ်ကြရ သည်။   စာတမ်းဖတ်ရာတွင်   ဘွဲ့လွန်များပင် ဖြစ်လင့်ကစား   လက်ဖျားတွေ    အေးစက် ကြောက်ဒူးတွေတုန်ကာ      စိတ်လှုပ်ရှားပြီး အမှားမှားအယွင်းယွင်း    ဖြစ်ခဲ့ကြသည်။ ဝမ်းနည်းအားငယ်နေသည့်    တပည့်များအား ဆရာ  ဆရာမများက    အားပေးစကား ပြောကြားသည်မှာ လူသားတိုင်းတွင် အရည် အချင်းသုံးမျိုး  ရှိသည်။ ငုပ်လျှိုးနေသော အရည်အချင်း၊ မဖော်ပြနိုင်၊ မဖော်ပြရဲသော   အရည်အချင်းနှင့် ကြိုးစားတည်ဆောက်ရန် အားနည်းနေသော အရည်အချင်းဟူ၍ဖြစ်ပြီး အရည်အချင်းမရှိသူဟူ၍   လုံးဝ  မရှိပါဟု   နှစ်သိမ့်ပေးပြီး  Presentation,    Talk, Seminar, Workshop  နှင့်   Public Speaking တို့ကို မည်သို့မည်ပုံ ပြောကြားရမည် တို့ကိုပါ သင်ကြားပေးခဲ့သည်။

စာရေးသူနှင့်   သူငယ်ချင်းများသည် ဝေသာလီဆောင်ရှေ့ထိုင်နေစဉ်     ပေါ်တီဂို အောက်သို့ သမိုင်းပါမောက္ခ၏    ကားဝင်လာ သောအခါ ဆရာမကြီးထံမှ ခြင်းတောင်းနှင့်   စာအုပ်များကို   သူငယ်ချင်းတစ်စု  အပြေး အလွှား အလုအယက်ယူရန် လုပ်ဆောင်ခဲ့ကြ သည်။ ထိုအခါ ဆရာမကြီးက   ဂါရဝတရား    ရှေ့ထား၍ ဆောင်ရွက်ကြသည်မှာ မှန်ကန် သော်လည်း  ဖား၍   လုပ်ဆောင်တတ်သည့်  အမူအကျင့်သည် အလေ့အထတစ်ခု   ဖြစ်သွား မည်ကို စိုးရိမ်ကာ  “ဆန်ရင်း နာနာဖွပ်” ဆိုသည့်အတိုင်း   ဆုံးမခဲ့သည်။   တပည့်များ၏ စိတ်ဓာတ်၊   အမူအကျင့်နှင့်    စာရိတ္တတို့ကို ပုံသွင်းပေးပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာ ဆည်းပူးခဲ့ကြသော နိုင်ငံ့ခေါင်းဆောင်ကြီးများ ၏ အပြုအမူ၊ အများအကျိုးအတွက် အနစ်နာ ခံတတ်သော   စိတ်ဓာတ်၊    အခက်အခဲနှင့် တွေ့ကြုံလျှင်   ဇွဲလုံ့လမလျှော့ဘဲ  မကြောက် မရွံ့   ရဲဝံ့စွာ   ဖြေရှင်းတတ်သော စွမ်းရည် သတ္တိတို့ကို စံနမူနာပေး၍    သင်ကြားပေးခဲ့ သည်။

နိုင်ငံနှင့်  လူမျိုးအတွက်   ထားရှိရမည့် ခံယူချက်များကို လယ်တီဝိပဿနာ၊ လယ်တီ ဆရာတော်ဘုရားကြီး  ဘဒ္ဒန္တဇာကရာဘိဝံသ ဟောကြားတော်မူထားသည့်     “ငါသည် လူဇာတ် ငါသည်မြတ်၏၊ ငါမြတ်သောသူ ငါသို့သူကား ငါတကားဟု၊ ငါမှား ငါကြိုက် ငါမလိုက်တည့်၊ ငါကြိုက် ငါ့မျိုး ငါ့တန်ခိုးဖြင့်၊ ငါ့မျိုး ငါ့ဆွေ ငါ့တိုင်းပြည်နှင့် သူငါကောင်းကျိုး ဆောင်သည်ပိုးမည်၊ ငါ့မျိုး ငါ့ဇာတ် မြတ်စေ သော်” ဆိုသည့် ဆရာတော်၏   အဓိဋ္ဌာန် အတိုင်း  နေထိုင်ကြရန်  အတတ်လည်းသင်၊  ပဲ့ပြင်ဆုံးမသည်။   ဆရာသမားများ     အမြဲ ပြောလေ့ရှိသည်မှာ တပည့်များသည် ရန်ကုန် တက္ကသိုလ် ကျောင်းထွက်များဖြစ်ခဲ့ကြသည့် အာဇာနည် နိုင်ငံ့ခေါင်းဆောင် ကြီးများကဲ့သို့ နိုင်ငံအတွက်     ရထားခေါင်းတွဲပမာရှေ့မှ ဦးဆောင်ပေးရမည် ဟူ၍ ဖြစ်သည်။

နောင်အနာဂတ်တွင် ရန်ကုန်တက္ကသိုလ် မှ သင်ကြားပေးလိုက်သော ပညာများဖြင့် နိုင်ငံ အတွက် အားထားရမည့်သူများ  ဖြစ်လာစေရန် အတွက် ပါရဂူအကြိုတန်း (Preliminary) တွင်   ဆရာကြီး    ဒေါက်တာသန်းထွန်း၊ ဗိုလ်မှူးကြီး  လှရှိန်၊    ဆရာကြီး   ဒေါက်တာ ခင်မောင်ညွန့်၊ ဆရာကြီး  ဒေါက်တာတိုးလှ၊ ဆရာကြီး ဒေါက်တာကျော်ဝင်းတို့မှ သမိုင်း ဘာသာရပ်များကို ခရေစေ့တွင်းကျ သင်ကြား ပေးခဲ့သည်။ အလားတူ ဆရာမကြီး ဒေါ်အုန်း ကြည်၊ ဆရာမကြီး ဒေါ်မြစိန်၊ ဆရာမကြီး ဒေါက်တာ   မားဂရက်ဝေါင်းနှင့်     ရန်ကုန် တက္ကသိုလ်၊ သမိုင်းဌာနရှိဆရာ၊ ဆရာမများ သည် သမိုင်းဘာသာရပ်ကို   သင်ကြားပေးရုံ သာမက မြန်မာ့သမိုင်းနှင့် ကမ္ဘာ့သမိုင်းတို့တွင် ဖြစ်ပွားခဲ့သော  ဖြစ်ရပ်များနှင့်   ဥပမာပေး၍ လူမှုဘဝနေထိုင်ရေးအတွက်ပါ    အသိပညာ များ မျှဝေပေးခဲ့ကြသည်။

ဥပမာပေးကာ ပဲ့ပြင်ဆုံးမ

ကမ္ဘာ့သမိုင်းတွင် ဘီစီ ၆ ရာစုဝန်းကျင်၌ တရုတ်ပြည်တွင် ကွန်ဖြူးရှပ်စ်နှင့် လာအိုဇီ၊ ပါရှား၌ ဇိုရိုစတာ၊  ခေါမ၌   ပိုက်သာဂိုရပ်စ်၊ အိန္ဒိယ၌  မဟာဝိရနှင့်  ဗုဒ္ဓတို့ပေါ်ပေါက်ခဲ့ကြ သည်။  ဤကမ္ဘာတွင်      မလုပ်ဘဲ နေရဲသော သတ္တိနှင့် လုပ်သင့်သည်ကို   လုပ်ရဲသောသတ္တိ များ ထိုပုဂ္ဂိုလ်ကြီးများ၏    သန္တာန်တွင်   အလို အလျောက်      အမြစ်တွယ်၍    နေသည်ကို အတုယူ အားကျစေရန် သင်ကြားပေးခဲ့သည်။ သမိုင်းအစဉ်အလာ  ကြီးမားခဲ့သည့် ရန်ကုန် တက္ကသိုလ်ကြီးမှ မွေးထုတ်ပေးလိုက်စေကာမူ သင်ကြားပေးလိုက်သည့် ပညာ၏ တန်ဖိုးကို ကောင်းစွာအသုံးမချတတ်လျှင်   ထိုပညာ၏ တန်ဖိုးသည် အလကားဖြစ်သွားမည်ကို သတိ ပြုမိစေရန်၊   ပညာဗဟုသုတ  ထူးချွန်သူများ ဖြစ်လာစေရန်  သင်ကြားပေးသည်။ တပည့် များ၏   ဘဝအောင်မြင်   တိုးတက်စေရန် ဆောင်ရွက်ရာတွင်       အသိဉာဏ်အကွေ့ အပြောင်းသည် အလွန်ပင်  အရေးကြီးကြောင်း ပဲ့ပြင်ဆုံးမသည်။   

ရန်ကုန်တက္ကသိုလ် ကျောင်းသူဘဝ မေ့မရ

လွန်ခဲ့သည့် နှစ်၂၀ ကျော်ကာလများတွင် ဆရာ  ဆရာမ မလာသေးသည့်အချိန်များ၌ စာသင်ခန်းထဲ သူငယ်ချင်းများနှင့်အတူ ရယ်စရာ မောစရာပြောကာ ပျော်ရွှင်ခဲ့သည့် အချိန်များ၊ အတန်းမစမီ     ဦးချစ်လက်ဖက်ရည်ဆိုင် ထိုင်ကာ ဝိုင်းဖွဲ့စားသောက်ခဲ့ကြသည့်အချိန် များ၊   RC ထဲက ကွန်ပျူတာဆိုင်များမှာ မိတ္တူ ကူး၊ ကွန်ပျူတာရိုက်ရန်အတွက်    တန်းစီ စောင့်ခဲ့ရသည့်အချိန်များ၊ ရန်ကုန်တက္ကသိုလ် တွင်    ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့များ   ရုပ်ရှင် လာရောက်ရိုက်သည့်အခါ    ကလေးများကဲ့သို့   အပြေးအလွှားသွားကြည့်ခဲ့ကြသည့်  အချိန် များ၊  တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှ ငှားရမ်းလာသည့်စာအုပ်များကို   ပိုက်ကာ   အဓိပတိလမ်းမပေါ်      မမောနိုင်မပန်းနိုင်  လျှောက်ခဲ့ကြသည့်အချိန်များ၊ ကျောင်းစာများ နှင့် မအားလပ်သည့်ကြားက    သစ်ပုပ်ပင်ကြီး နှင့် ဂျပ်ဆင်ရှေ့ရောက်လေတိုင်း     အမြဲလိုလို ဓာတ်ပုံရိုက်ဖြစ်ခဲ့သည့်အချိန်များ၊ ဂျပ်ဆင် အောက်က  ထိုင်ခုံများမှာ သူငယ်ချင်းများနှင့် အတူထိုင်ရင်း၊ အကြော်တွေစားရင်း ဟိုငေး ဒီငေး    ပျော်ခဲ့ကြသည့်အချိန်များ၊ ရန်ကုန် တက္ကသိုလ်တွင်   ဆယ်စုနှစ်တစ်ခုအထိ ပညာ သင်ကြားခဲ့သော်လည်း အင်းလျားမသွားဘဲ၊ အတန်းမလစ်ဘဲ    တစာစာ   ဖြစ်ခဲ့ကြသည့် အတွက်  စာကြမ်းပိုးများဟု    နောက်ပြောင် အခေါ်ခံခဲ့ရသည့်   အချိန်များသည်  ရိုးရှင်း လှသည့် တက္ကသိုလ်ကျောင်းသူဘဝ ဖြစ်သော် လည်း   မမေ့နိုင်သည့်   လွမ်းမောဖွယ်ရာ အမှတ်တရများပင်ဖြစ်သည်။ 

နှစ်စဉ်  ပညာတတ်မြောက်မြားစွာကို မွေးထုတ်ပေးလျက်ရှိသည့် ရန်ကုန်တက္ကသိုလ် ကြီးသည် ယခုအခါ   နှစ်တစ်ရာပြည့်ခဲ့ပြီ ဖြစ်သည်။ ဟေမာနေဝင်း၏ သီချင်းထဲကလို “အဓိပတိလမ်းမက…အရင်လိုပါပဲ” ဆိုသကဲ့ သို့ Assembly Hall ၊ RC ၊ ကွန်ဗို့ကေးရှင်း၊ သစ်ပုပ်ပင်ကြီး၊ ဂျပ်ဆင်နှင့် ချစ်သူ့လမ်းလေး တို့သည်လည်း အရင်အတိုင်း မပြောင်းမလဲ တည်ရှိနေသော်လည်း အမိတက္ကသိုလ်ကြီးမှ မွေးထုတ်သင်ကြားပေးလိုက်သူများမှာ အဖိုး အနဂ္ဃထိုက်တန်သည့် ပညာများဖြင့် စီးပွားရေး လုပ်ငန်းများတွင်    အောင်မြင်ပြီး ကိုယ်ပိုင်လုပ်ငန်းရှင်ကြီးများအဖြစ် လည်းကောင်း၊ အစိုးရဌာနများတွင်     အဆင့်မြင့်ရာထူးကြီး များကိုထမ်းဆောင်၍     လည်းကောင်း၊ လွှတ်တော်အရပ်ရပ်တွင်  လွှတ်တော်ကိုယ်စားလှယ်ကြီးများအဖြစ်    လည်းကောင်း၊ တက္ကသိုလ်များတွင်         တွဲဖက်ပါမောက္ခ၊ ပါမောက္ခရာထူးများဖြင့်လည်းကောင်း၊ နိုင်ငံ့ တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြ ပြီး  နယ်ပယ်အသီးသီးတွင်   အောင်မြင်မှု ကိုယ်စီရရှိနေကြပြီဖြစ်သည်။   ဂုဏ်သတင်း ကျော်စောလှသည့်  ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခွင့်ရခဲ့သည့်  အချိန်များကို နှစ်တွေ မည်မျှပင်ကြာမြင့်စေကာမူ   အမြဲ သတိရနေ မည်။ ရန်ကုန်တက္ကသိုလ်ကျောင်းသူ ဘဝကို ထာဝစဉ် ဂုဏ်ယူနေမည်။    ။

စာရေးသူ၏ ကိုယ်ရေးအကျဉ်း
----------------------------------
- အမည်ရင်းမှာ ဒေါက်တာ ဥမ္မာလင်း ဖြစ်သည်။  အဘ    မောင်မောင် စိန်လင်း  (နတ်မောက်)၊     အမိ ဒေါ်သန်းသန်းတို့မှ ၁၉၇၀ ပြည့်နှစ်၊ သြဂုတ်လ    ၂၃   ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားသည်။
- ၁၉၉၅ ခုနှစ်တွင် ဝိဇ္ဇာ(ဂုဏ်ထူးဘွဲ့)၊ ၂၀၀၀ ပြည့်နှစ်တွင် မဟာဝိဇ္ဇာဘွဲ့၊ ၂၀၀၉ ခုနှစ်တွင်   ပါရဂူဘွဲ့တို့ကို သမိုင်းအထူးပြုဖြင့်     ရန်ကုန် တက္ကသိုလ်မှ  ရရှိခဲ့သည်။   ၂၀၁၀ ပြည့်နှစ်တွင် အင်္ဂလိပ်စာ ဒီပလိုမာ ဘွဲ့ကို    အမျိုးသား    စီမံခန့်ခွဲမှု ပညာကောလိပ်မှ ရရှိခဲ့သည်။
- မြန်မာနိုင်ငံ    စာရေးဆရာအသင်း ဝင်အမှတ် - ၁၀၅၈၉ ဖြစ်သည်။
- သတင်းစာများ၊        ဝယ်သူ့ စိတ်ကြိုက်ဂျာနယ်၊    တော်ဝင်ပန်း ဂျာနယ်၊    ရွှေနိုင်ငံသစ်ဂျာနယ်၊ ခေတ်မိုးဂျာနယ်နှင့်  ဝန်ကြီးဌာနမှ ထုတ်ဝေသည့် စီမံ/  ဖွံ့ဖြိုးဂျာနယ် များတွင်      မော်ကွန်းထိပ်ထား၊ ဒေါက်တာ  ဥမ္မာလင်း  (မော်ကွန်း တိုက်)၊   ဒေါက်တာ    ဥမ္မာလင်း (နတ်မောက်သွေးသစ်)  စသည့် ကလောင်အမည်များဖြင့်     သုတ စာပေ  အပုဒ် ၂၀ ကျော်   ရေးသားခဲ့ သည်။
- ၁၉၉၉ ခုနှစ်တွင်  စီမံကိန်း၊ ဘဏ္ဍာ ရေးနှင့်  စက်မှုဝန်ကြီးဌာန၊  အမျိုး သားမှတ်တမ်းများ   မော်ကွန်းတိုက် ဦးစီးဌာန၌   အငယ်တန်းစာရေး ရာထူးမှ   စတင်အမှုထမ်းခဲ့ပြီး ယခု အခါ လက်ထောက်ညွှန်ကြားရေးမှူး တာဝန်ကို     ထမ်းဆောင်လျက် ရှိသည်။